မင်းသားဟယ်ရီရဲ့ စာအုပ်ထဲက စွပ်စွဲချက်နဲ့ ဖွင့်ဟချက်များ

 စာအုပ်ကို တရားဝင် ထုတ်ဝေမယ့် ရက်ကို ဇန်နဝါရီ ၁၀ ရက်နေ့ဆိုပြီး သတ်မှတ်ထားပေမယ့် စပိန်မှာ စောပြီး ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, စာအုပ်ကို တရားဝင် ထုတ်ဝေမယ့် ရက်ကို ဇန်နဝါရီ ၁၀ ရက်နေ့ဆိုပြီး သတ်မှတ်ထားပေမယ့် စပိန်မှာ စောပြီး ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။

မင်းသား ဟယ်ရီရဲ့ ကိုယ်ရေးရာဇဝင် စာအုပ် Spare ထဲက အချက်အလက်တချို့ ပေါက်ကြားလာပါတယ်။

စာအုပ်ထဲမှာ သူနဲ့ အစ်ကိုတော် မင်းသားဝီလျံတို့က ခမည်းတော်ကို ကမီလာကို လက်မထပ်ဖို့ တားခဲ့ကြတဲ့ အကြောင်းတွေ အပါအဝင် တော်ဝင်မိသားစုထဲက မကြေလည်မှုတွေနဲ့ မုန်းတီးမှုကို ဖော်ပြထားပါတယ်။

အဲဒီထဲက အထူးခြားဆုံး အကြောင်းအရာ တခုကတော့ အစ်ကိုဖြစ်သူက သူ့ကို ကိုယ်ထိလက်ရောက် တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်လို့ Guardian သတင်းစာက အဦးဆုံး ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ကဲန်ဆင်တန် နန်းတော်နဲ့ ဘတ်ကင်ဟမ် နန်းတော်ဆီကတော့ ဒါနဲ့ ပတ်သက်လို့ မှတ်ချက်ပေး ပြောကြားမှာ မဟုတ်ကြောင်း ပြောပါတယ်။

 အဲဒီ Spare စာအုပ်ကို ဘီဘီစီက စပိန်ကနေ ရရှိခဲ့တာ ဖြစ်ပြီး အခုတော့ ဘာသာပြန်တာတွေ လုပ်နေပါတယ်။ ဂါးဒီးယန်း သတင်းစာကလည်း အဲဒီစာအုပ်ကို ရထားပြီး အထဲမှာ ပါတဲ့ တချို့အချက်တွေကို ကြာသပတေးနေ့ အစောပိုင်းက ကောက်နုတ်ဖော်ပြခဲ့ပါတယ်။ The Sun သတင်းစာနဲ့ တခြား သတင်းဌာနတချို့ကလည်း စပိန်ဘာသာနဲ့ ရိုက်နှိပ်ထားတဲ့ စာအုပ်တွေကို စပိန်မှာ ထုတ်ဝေပြီးတာနဲ့ ရရှိခဲ့ကြပါတယ်။ အဲဒီ စာအုပ်ကို တရားဝင် ထုတ်ဝေမယ့် ရက်ကို ဇန်နဝါရီ ၁၀ ရက်နေ့ဆိုပြီး သတ်မှတ်ထားပေမယ့် စပိန်မှာ စောပြီး ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။

 အဲဒီ စာအုပ်ထဲမှာ ပါတဲ့ အချက်အလက်တွေ Guardian သတင်းစာက ဖော်ပြခဲ့ပြီးနောက်မှာ တခြား ဖွင့်ဟချက်တွေလည်း ထပ်ပြီး ထွက်လာနေပါတယ်။ အဲဒီထဲမှာ မင်းသားဟယ်ရီက သူ့အစ်ကို အခု ဝေလမင်းသားနဲ့ မင်းသမီးဖြစ်နေကြပြီ ဖြစ်တဲ့ မင်းသား ဝီလျံနဲ့ ကက်သရင်းတို့က သူပါတီပွဲတခုကို သွားရာမှာ နာဇီ ယူနီဖောင်းကို ဝတ်သွားခဲ့တာကို မြင်တော့ ရယ်သွမ်းသွေးခဲ့ကြတယ်လို့ ဆိုထားပါတယ်။

နောက်ပြီး ဟယ်ရီရဲ့ မူးယစ်ဆေးဝါး သုံးစွဲမှုနဲ့ ပတ်သက်လို့လည်း ပြောပြထားသလို စစ်တပ်ထဲမှာ ရဟတ်ယာဉ်မှူးအဖြစ် အာဖဂန်နစ္စတန် စစ်ပွဲမှာ တာဝန်ထမ်းဆောင်စဉ်က အတွေ့အကြုံတွေကိုလည်း ဖော်ပြထားပါတယ်။

ပေါက်ကြားလာတဲ့ အချက်အလက်တွေအရ ဒီစာအုပ်ထဲမှာ ပြန်လည်သင့်မြတ်ရေးနဲ့ အပေးအယူလုပ် ညှိနှိုင်းဖို့တွေလုပ်ဖို့ ရည်ရွယ်တာမျိုးတော့ မတွေ့ရပါဘူး။ လက်ရှိအချိန်အထိ မဖြေရှင်းရသေးတဲ့ သောက၊ မကျေနပ်မှုတွေနဲ့ မင်းသား ဟယ်ရီရဲ့ စွပ်စွဲမှုတွေသာ ထွက်လာပါသေးတယ်။

နောက်ပြီး ပုဂ္ဂိုလ်ရေး ဆန်တဲ့ အချက်တွေလည်း ပါနေပါတယ်။ သူ့ရဲ့ အနီးစပ်ဆုံး မိသားစုဝင်တွေ ဖြစ်တဲ့ အစ်ကိုတော်၊ မိထွေးတော်၊ မရီးတော်၊ ဖခမည်းတော်တို့ အကြောင်းတွေပါ ပါဝင်နေပါတယ်။ ဟယ်ရီ နောက်တကြိမ် သူ့မိသားစုတွေနဲ့ တွေ့ဆုံတဲ့အခါ အဲဒီထဲက စိတ်အလိုမကျစရာ အချက်တွေအတွက် မျက်နှာလွှဲနေဖို့ ခက်ပါလိမ့်မယ်။

ခမည်းတော် ဘုရင်ကြီး ရာဇဘိသက်ခံဖို့ကလည်း လပိုင်းသာ လိုတော့တဲ့အချိန်မှာ အခု ဖြစ်လာနေတဲ့ ခေါင်းစဉ်က ဟယ်ရီတယောက် ဒီပွဲကို တက်မလား၊ မတက်ဘူးလား ဆိုတာ ဖြစ်နေပါပြီ။

စာအုပ်ထဲက စွပ်စွဲချက်နဲ့ ဖွင့်ဟချက်များ

ဟယ်ရီနဲ့ ဝီလျံက ခမည်းတော်ကို ကမီလာနဲ့ လက်မထပ်ဖို့ တားခဲ့ကြ

မင်းသား ဟယ်ရီက သူ့စာအုပ်ထဲမှာ သူနဲ့ အစ်ကိုတော် ဝီလျံတို့က ဖခမည်းတော်ကို အခု ကြင်ယာတော် မိဖုရား ဖြစ်နေတဲ့ ကမီလာနဲ့ လက်မထပ်ဖို့အတွက် တောင်းပန်တားမြစ်ခဲ့ကြတယ်၊ အကြောင်းက သူတို့အပေါ် ဆိုးမယ့် မိထွေး ဖြစ်လာမှာကို စိုးရိမ်တာကြောင့်လို့ The Sun သတင်းစာက ဆိုထားပါတယ်။

နောက်ပြီး သူနဲ့ သူ့အစ်ကို ဟယ်ရီဟာ ကမီလာ သူတို့ မိသားစုထဲ တရားဝင် မဝင်ရောက်လာခင်မှာ ကမီလာနဲ့ သီးခြားတွေ့ဆုံမှုတွေ လုပ်ခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။ ဟယ်ရီက ကမီလာဟာ တချိန်မှာ မိထွေးဆိုးကြီးများ ဖြစ်လာမလားလို့ တွေးနေခဲ့မိကြောင်း၊ ဒါပေမယ့် ခမည်းတော် ချားလ်စ် ဘုရင်ကြီးကို စိတ်ချမ်းသာစေမယ်ဆိုရင်တော့ သူရော သူ့အစ်ကိုကပါ နားလည်ခွင့်လွှတ်ပေးကြဖို့ အသင့်ဖြစ်နေပြီးသားလို့ ဆိုပါတယ်။

ဒါပေမယ့် အဲဒီလို တွေ့ဆုံမှုတွေကို ဘယ်တုန်းကလုပ်ခဲ့တယ်၊ အဲဒီတုန်းက ဟယ်ရီ့အသက် ဘယ်လောက်ရှိနေပြီလဲ စတဲ့ အသေးစိတ်တွေကိုတော့ မဖော်ပြထားပါဘူး။

IMAGE SOURCE,PA MEDIA

ဓာတ်ပုံ ရင်းမြစ်, PA Media

ဓာတ်ပုံ ပုံစာ, ဘွားတော် ဒုတိယမြောက် အဲလ်လစ်ဇဘက်သ်ဘုရင်မကြီး နတ်ရွာစံပြီးနောက် ဝင်ဆာရဲတိုက်ကြီးမှာတွေ့ရတဲ့ တော်ဝင်မောင်နှံ နှစ်စုံ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

မယ်တော် ဒိုင်ယာနာဆီက သတင်းစကား

ဟယ်ရီက သူ့ မယ်တော် ဝေလမင်းသမီး ဒိုင်ယာနာ ကံတော်ကုန်ပြီးနောက် ဝမ်းနည်းပူဆွေးခဲ့ရပုံတွေကိုလည်း ဖော်ပြထားပါတယ်။ ဘယ်လောက်အထိလဲ ဆိုရင် မယ်တော်နဲ့ ပတ်သက်လို့ အစွမ်းတချို့ ရှိတဲ့ အမျိုးသမီး တယောက်ဆီကတောင် အကူအညီယူခဲ့ရဖူးကြောင်းဆိုပါတယ်။

မယ်တော်က သူကိုယ်တိုင် မရခဲ့ ဘဝမျိုးမှာ ဟယ်ရီတယောက် နေထိုင်နေတယ်လို့ ပြောတဲ့အကြောင်း အဲဒီ အမျိုးသမီးက ဆိုလာပါတယ်။ သူ ဖြစ်စေချင်တဲ့အတိုင်း ဟယ်ရီ နေထိုင်နေရပြီ ဖြစ်တဲ့အကြောင်း ပြောတယ်လို့ ဆိုပါတယ်။

ဒိုင်ယာနာဟာ ၁၉၉၇ ခုနှစ်က ပါရီမြို့မှာ ကားတိုက်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီအချိန်က ဟယ်ရီ့အသက် ၁၂ နှစ်ပဲ ရှိပါသေးတယ်။

ဟယ်ရီနဲ့ သူ့မယ်တော်တို့ စကားပြောခဲ့ရတဲ့အကြောင်းကို သိပ်များများ မပြောထားဘူးလို့ Guardian ကရေးပါတယ်။ နောက်ပြီး သူ အစွမ်းရှိတဲ့ အမျိုးသမီးနဲ့ တွေ့ဆုံခဲ့တယ်ဆိုတာကိုလည်း ဘယ်တုန်းက၊ ဘယ်မှာ တွေ့ဆုံခဲ့တယ်ဆိုတာ အသေးစိတ် မဖော်ပြထားပါဘူး။

ဝီလျံ ထိုးလို့ ကြမ်းပြင်ပေါ် လဲကျ

ဟယ်ရီက လန်ဒန်က အိမ်မှာ သူ့အစ်ကိုက သူ့ကို အင်္ကျီကော်လံကကိုင်ပြီး ထိုးလိုက်တာ ဆွဲကြိုးလည်း ပြတ်၊ သူလည်း ကြမ်းပြင်ပေါ် လဲကျတဲ့ အထိပဲလို့ ဆိုပါတယ်။

အဲဒီ စာအုပ်ထဲမှာ သူတို့ ညီအစ်ကို စကားများကြတဲ့ အကြောင်းကိုလည်း ဖော်ပြထားပါတယ်။ ဟယ်ရီကတော့ သူ့ ဇနီးသည် မေဂဲန်နဲ့ ပတ်သက်ပြီး ဝီလျံရဲ့ ပြောတဲ့ မှတ်ချက်စကားတွေကြောင့် ဖြစ်ရတာလို့ ဆိုပါတယ်။

မေဂဲန်ဟာ ဆက်ဆံရခက်တယ်၊ ရိုင်းတယ်၊ ခက်ထန်တယ် စသည်ဖြင့် သူ့အစ်ကိုက ဝေဖန်ခဲ့တယ်လို့ ဟယ်ရီက ရေးထားပါတယ်။

Guardian ထဲမှာတော့ ဆပ်ဆက်စ် နယ်စား မင်းသား ဟယ်ရီက သူ့အစ်ကိုတော်က သတင်းစာတွေထဲမှာ ပါတဲ့ အကြောင်းအရာတွေကိုပဲ ပြန်ပြောနေတာကြောင့် သူတို့အကြား ထိပ်တိုက်တွေ့ပြီး အခြေအနေတွေ ပိုဆိုးကုန်တာလို့ ဆိုထားကြောင်း ဖော်ပြထားပါတယ်။

IMAGE SOURCE,GETTY IMAGES

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဝီလျံက ဟယ်ရီကို ဟာရိုးလ်ဒ် လို့ မကြာခဏ ခေါ်လေ့ရှိ၊ တကယ်တမ်း ဟယ်ရီ့တရားဝင် နာမည်က ဟင်နရီ ချားလ်စ် အဲလ်ဘတ် ဒေးဗစ် ဖြစ်

ဝီလျံက ဟယ်ရီကို ဟာရိုးလ်ဒ် လို့ မကြာခဏ ခေါ်လေ့ရှိပါတယ်။ တကယ်တမ်းမှာ ဟယ်ရီ့တရားဝင် နာမည်က ဟင်နရီ ချားလ်စ် အဲလ်ဘတ် ဒေးဗစ် ဖြစ်ပါတယ်။

ဟယ်ရီက ဆက်လက်ပြီး ကိုယ်ထိလက်ရောက် တွန်းလား ထိုးလားနဲ့ ဆက်ဖြစ်ကြတယ်ဆိုတာကို ဖော်ပြထားပါတယ်။ ဝီလျံက ရေခွက်ကိုချပြီး အော်ဟစ်ကာ သူ့ရှေ့ရောက်လာကြောင်း၊ အဖြစ်အပျက်က တော်တော် မြန်တဲ့အကြောင်း ပြောထားပါတယ်။ အဲဒီနောက် သူ့ကို အင်္ကျီကော်လံကနေ ကိုင်ပြီး ဆွဲလိုက်တာ ဆွဲကြိုးတောင် ပြတ်သွားတယ်၊ နောက် ထိုးလိုက်တာကြောင့် သူလည်း ကြမ်းပြင်ပေါ် လဲကျသွားကြောင်း ပြောပါတယ်။

သူ ခွေးစာခွက်ပေါ် လဲကျလို့ ခွက်လည်းကွဲ၊ ခွက်ရဲ့ အပိုင်းအစတွေကလည်း သူ့ကို စူးဝင်သွားခဲ့တယ်လို့ ပြောပါတယ်။ သူမူးသွားတာကြောင့် ကြမ်းပြင်ပေါ်မှာ ခဏလှဲနေခဲ့တယ်။ ပြီးမှ ထပြီး သူ့ရှေ့က ထွက်သွားဖို့ နှင်ထုတ်ခဲ့တယ်လို့ ဟယ်ရီက ပြောထားပါတယ်။

ဟယ်ရီရဲ့ နာဇီ ဝတ်စုံကို ဝီလျံနဲ့ ကက်သရင်းတို့ ရယ်သွမ်းသွေးခဲ့

အဲဒီ စာအုပ်ထဲမှာ လွန်ခဲ့တဲ့ ၂၀၀၅ ခုနှစ်က အဝတ်ဆန်းဝတ်ပြီး တက်ရတဲ့ ပါတီပွဲတခုကို တက်ဖို့ နာဇီဝတ်စုံ အိမ်ပြန်လာတဲ့ ဟယ်ရီ့ကို ဝီလျံနဲ့ ကက်သရင်းတို့က ရယ်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

ဟယ်ရီက အဲဒီပွဲတက်ဖို့ သူ ဘာဝတ်ရမှန်းမသိ ဖြစ်နေလို့ သူ့အစ်ကိုတို့ စုံတွဲဆီက အကြံဉာဏ်ယူခဲ့တယ်လို့ ဆိုပါတယ်။ သူ့မှာ အဲဒီတုန်းက ရွေးချယ်ဖို့ လေယာဉ်မောင်း ဝတ်စုံနဲ့ နာဇီ ဝတ်စုံ ၂ မျိုးရှိနေတယ်လို့ သူ့စာအုပ်ထဲမှာ ဖော်ပြထားပါတယ်။

ဝေလ်နဲ့ ကိတ်ဆီ ဖုန်းခေါ်ပြီး ဘာဝတ်ရင်ကောင်းမလဲ အကြံတောင်းခဲ့ကြောင်းနဲ့ သူတို့က နာဇီဝတ်စုံကို ရွေးခဲ့ကြောင်း ဟယ်ရီက ဆိုပါတယ်။ အဲဒီနောက် အဲဒီ ဝတ်စုံနဲ့ အတူ နှုတ်ခမ်းမွှေးအတုကိုပါ ငှားပြီး အိမ်ပြန်လာခဲ့တယ်လို့ ဆိုပါတယ်။

ဝီလီနဲ့ ကိတ်တို့က ရယ်ကြတယ်။ အဲဒီ ဝတ်စုံက ဝီလီ့ လီယိုတာ့ဒ်ဝတ်စုံထက်တောင် ပိုပြီး ကိုးရို့ကားယားနိုင်နေတယ်လို့ ဆိုပါတယ်။ အဲဒီတုန်းက ဟယ်ရီ့အသက်က ၂၀ ပဲ ရှိပါသေးတယ်။ သူအဲဒီလို ဝတ်ဆင်ပြီး ပါတီတက်တဲ့ ပုံကို Sun သတင်းစာက ပုံနှိပ် ဖော်ပြခဲ့ပါတယ်။ အဲဒီ ပါတီပွဲအတွက် ဝတ်စုံသတ်မှတ်ချက်က "Native and Colonial" ဖြစ်ပါတယ်။

၁၇ နှစ်အရွယ်မှာ ကိုကင်းသုံး၊ အီတန်မှာ ဆေးခြောက်ရှူ

ဟယ်ရီက သူ့အသက် ၁၇ တုန်းက အိမ်က လူတယောက်က ကိုကင်းကို သုံးကြည့်ဖို့ ပေးလာခဲ့ကြောင်းနဲ့ နောက်ပိုင်း အကြိမ်အနည်းငယ် သုံးဖူးတဲ့ အကြောင်းပြောပါတယ်။ ဒါပေမယ့် သူမနှစ်သက်ခဲ့ဘူးလို့ ဆိုပါတယ်။

သူက တခြားသူတွေလို ပျော်ရွှင်တဲ့ ခံစားမှုမျိုးမခံစားခဲ့ရကြောင်း၊ ကိုကင်းသုံးကြည့်လို့ ရတဲ့ ခံစားမှုမျိုး ဘာမှ ထူးခြားပြီး မခံစားမိဘူးလို့ ဆိုပါတယ်။ အသက် ၁၇ နှစ် အရွယ်မှာ ဘာမဆို စမ်းကြည့်ခဲ့ဖို့ အသင့်ပါပဲလို့ ဆိုပါတယ်။

နောက်ပြီး သူ အီတန်ကောလိပ်ကျောင်းသား ဘဝတုန်းက သူ့ကိုယ်ရံတော် အဖြစ် တာဝန်ထမ်းဆောင်ရတဲ့ သိမ်းစ်တောင်ကြား ရဲတပ်ဖွဲ့က ရဲအရာရှိတွေက ကျောင်းပြင်မှာ စောင့်ကြပ်နေချိန်မှာပဲ သူကလည်း ကျောင်းရဲ့ သန့်စင်ခန်းထဲမှာ ဆေးခြောက်ရှူနေခဲ့ဖူးကြောင်းလည်း ပြောထားပါတယ်။

ဟယ်ရီ အီတန်မှာ ပညာသင်တာကို ဝီလျံမကြိုက်

သူ အီတန်မှာ ကျောင်းစမတက်ခင်မှာ ဝီလျံက "ဟာရိုးလ်ဒ် မင်းငါနဲ့ မသိသလိုနေ၊ ငါလည်း မင်းနဲ့ မသိဘူး"လို့ ပြောခဲ့ကြောင်း ပြောပါတယ်။ ဝီလျံက သူ ကျောင်းစတက်တဲ့ ပထမ ၂ နှစ်မှာ အီတန်ဟာ နားခိုရာ တခုလိုပါပဲလို့ ဆိုကြောင်း ဟယ်ရီက ပြောပါတယ်။

ဝီလျံက သူ့ညီငယ်က သူ့အပေါင်းအသင်းတွေကြားထဲထိ လိုက်ပြီး စပ်စုတာတွေ မရှိခဲ့သေးတဲ့ ကာလကို ရည်ရွယ်တာ ဖြစ်တယ်လို့ ဟယ်ရီက ဆိုပါတယ်။ သူကလည်း စိတ်မပူနဲ့ အစ်ကိုရှိတယ်ဆိုတာ မေ့ထားလိုက်မယ်လို့ ပြန်ပြောခဲ့ကြောင်း စာအုပ်ထဲမှာ ဖော်ပြထားပါတယ်။

အာဖဂန်နစ္စတန်မှာ တာဝန်ထမ်းဆောင်စဉ်က တာလီဘန် ၂၅ ယောက်ကို သုတ်သင်ခဲ့

ဟယ်ရီဟာ ပြီးခဲ့တဲ့ ၂၀၁၂- ၁၃ အတွင်းက အာဖဂန်နစ္စတန်မှာ ရဟတ်ယာဉ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အဲဒီတုန်းက စစ်ဆင်ရေး ၆ ကြိမ်မှ ပါဝင်ခဲ့ပြီး စစ်ဆင်ရေးတွေ အားလုံးမှာ လူအသေအပျောက်တွေလည်း ရှိခဲ့ကြောင်းနဲ့ လုပ်သင့်လုပ်ထိုက်တာကိုလုပ်တယ်လို့ ယူဆတဲ့အကြောင်း ရေးသားထားပါတယ်။ 

သူ့အတွက် ဂုဏ်ယူကျေနပ်မိတာမျိုး မရှိသလို ရှက်ရွံ့မိတာမျိုးလည်း မဖြစ်မိတဲ့အကြောင်း ရေးသားထားပါတယ်။

တိုက်ပွဲဖြစ်နေတဲ့ အချိန်မှာ အဲဒီ လူ ၂၅ ယောက်ကို လူတွေလို့ မမြင်တော့တဲ့အကြောင်း၊ စစ်တုရင် ခုံပေါ်က နယ်ရုပ်ကလေးတွေလို သာမြင်မိကြောင်း၊ လူဆိုးတွေက လူကောင်းတွေကို ဒုက္ခမပေးနိုင်ခင်မှာ သုတ်သင်ပစ်လိုက်တာပဲ ဖြစ်တယ်လို့ ရေးထားပါတယ်။

သူ့ရဲ့ ဒီလို ပြောကြားမှုကြောင့် သူ့အပေါ် လက်စားချေတာတွေနဲ့ အန္တရာယ်ကျရောက်လာနိုင်တာတွေ ရှိလာနိုင်တယ်လို့ သုံးသပ်သူတွေ ရှိပါတယ်။

PA MEDIA

ဓာတ်ပုံ ရင်းမြစ်, PA Media

ဓာတ်ပုံ ပုံစာ, မင်းသား ဟယ်ရီ ၂၀၁၂ အတွင်း အာဖဂန်နစ္စတန်မှာ တာဝန်ထမ်းဆောင်စဉ်

ကျေးလက် ဘုရားကျောင်းမှာ ဟယ်ရီနဲ့ မေဂဲန် လက်ထပ်ဖို့ ဝီလျံအကြံပြုခဲ့

 သူနဲ့ မေဂဲန်တို့ မင်္ဂလာပွဲကျင်းပဖို့ နေ့ရက်နဲ့ နေရာကိုလည်း တော်ဝင်မိသားစု အတွင်း တော်တော် ဆွေးနွေးခဲ့ရတယ်လို့ ဟယ်ရီက ဆိုထားပါတယ်။

St Paul's Cathedral နဲ့ Westminster Abbey ဘုရားရှိခိုးကျောင်းကြီး တွေ တခုခုမှာ မင်္ဂလာပွဲကျင်းပလို့ ဖြစ်နိုင်မလား ဆိုတာ သူ့အစ်ကို နဲ့ တိုင်ပင်ခဲ့တယ်လို့ ပြောပါတယ်။ အဲဒီအခါ ဝီလျံက ဒီနေရာတွေဟာ ဖခမည်းတော် ချားလ်စ်နဲ့ မယ်တော် ဒိုင်ယာနာတို့ရဲ့ မင်္ဂလာပွဲနဲ့ သူနဲ့ ကက်သရင်းတို့ မင်္ဂလာပွဲတွေ ကျင်းပခဲ့တဲ့ နေရာတွေ ဖြစ်တာကြောင့် မဖြစ်နိုင်ဘူးလို့ ပြောခဲ့ကြောင်း၊ အဲဒီနေရာတွေအစား Cotswolds မှာရှိတဲ့ ဖခမည်းတော်ရဲ့ Highgrove House စံအိမ်တော် အနားက ကျေးလက်ဘုရားရှိခိုးကျောင်းမှာသာ မင်္ဂလာပွဲကျင်းပကြဖို့ အကြံပြုခဲ့တယ်လို့ ဆိုပါတယ်။

ဟယ်ရီနဲ့ မေဂဲန်တို့ဟာ ၂၀၁၈ ခုနှစ် မေလအတွင်းမှာ ဝင်ဆာ ရဲတိုက်ကြီးအနီးက St George's Chapel မှာ သူတို့ မင်္ဂလာပွဲကို ကျင်းပခဲ့ကြပါတယ်။

လူရှေ့မထွက်ခင် စိတ်ဂယောင်ခြောက်ခြားဖြစ်

၂၀၁၃ နွေရာသီကုန်ခါနီးမှာ သူ့စိတ်လက် ပင်ပန်းနွမ်းနယ်မှုတွေနဲ့ စိုးရိမ်ထိတ်လန့် မှုတွေ အကြားဖြတ်သန်းနေခဲ့ရတယ်လို့ ဟယ်ရီက ဆိုပါတယ်။ သူ့တာဝန်တွေထဲမှာ မိန့်ခွန်းပြောရတာတွေ၊ တွေ့ဆုံမေးမြန်းခန်းတွေမှာ ဖြေကြားရတာတွေ ပါ၀င်ကြောင်း၊ သူ့ကိုယ်သူလည်း အဲဒီသာမန် တာဝန် ဝတ္တရားမျိုးတွေကိုတောင် လုပ်နိုင်တယ်လို့ မခံစားမိတော့တဲ့ အကြောင်း ရေးသားထားပါတယ်။

မိန့်ခွန်းတွေ မပြောခင်တိုင်းမှာ ဇောချွေးတွေ ပျံလာတတ်ကြောင်း ပြောပါတယ်။ ဝတ်စုံ ဝတ်လိုက်ပြီ ဆိုတာနဲ့ ဒီ စိုးရိမ်ထိတ်လန့်မှုတွေ စဖြစ်လာတော့တာပဲလို့ ဟယ်ရီက ဆိုပါတယ်။ ဘလေဇာအပေါ်အင်္ကျီ ဝတ်လိုက်ပြီ၊ ရှူးဖိနပ်ကြိုးတွေ ချည်လိုက်ပြီ ဆိုတာနဲ့ ပါးနဲ့ကျောမှာ ဇောချွေးတွေ ထွက်လာတော့တာပဲလို့ ဟယ်ရီက ဆိုပါတယ်။