စူပါတိုင်ဖွန်းမုန်တိုင်းကြောင့် ဂျပန်က လူကိုးသန်းကို ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ ညွှန်ကြားထား

 ဂျပန်နိုင်ငံမှာ အဆိုးရွားဆုံးတိုင်ဖွန်းမုန်တိုင်းကို ကာကွယ်တဲ့အနေနဲ့ လူ ကိုးသန်းကျော် ဘေးလွတ်ရာကို ရွှေ့ပြောင်းကြဖို့ ဂျပန်အစိုးရက ညွှန်ကြားထားပါတယ်။

 လတ်တလောမှာ စူပါတိုင်ဖွန်း နန်းမဒေါ တိုက်ခိုက်မှုကြောင့် လူတစ်ဦးသေဆုံးပြီး ၇၀နီးပါး ဒဏ်ရာရရှိထားပါတယ်။

 နန်းမဒေါ တိုင်ဖွန်းမုန်တိုင်းဟာ ဂျပန်နိုင်ငံရဲ့ တောင်ဘက်အကျဆုံး ကျုရှူးကျွန်းကို တနင်္ဂနွေနေ့ မနက်ပိုင်းက ဝင်တိုက်ခဲ့ပြီး လာမယ့် ရက် အနည်းငယ်အတွင်းမှာလည်း အဓိက ကျွန်းကြီးတစ်ကျွန်းဖြစ်တဲ့ ဟွန်ရှုးကျွန်းကို ဖြတ်ကျော်တိုက်ခိုက်ဖို့ ရှိတယ်လို့ ခန့်မှန်းထားပါတယ်။

 တနင်္ဂနွေနေ့ညက လူသောင်းနဲ့ချီ အရေးပေါ် အမိုးအကာတွေအောက်မှာ သွားနေကြရပြီး၊အိမ်ခြေ ၃၅၀,၀၀၀ နီးပါးကလည်း လျှပ်စစ်မီးပြတ်တောက်တာတွေနဲ့ ကြုံကြရပါတယ်။

ပြီးတော့ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်တာအပြင်၊ စီးပွားရေးလုပ်ငန်းတွေပါ ရပ်ထားရပြီး ရေကြီးရေလျှံမှုတွေ၊မြေပြိုမှုတွေ ကြုံလာရမယ့်ဘေးနဲ့လည်း ရင်ဆိုင်နေရပါတယ်။

 နန်းမဒေါမုန်တိုင်းဟာ တစ်နာရီကို ၂၃၄ ကီလိုမီတာ (၁၄၅ မိုင်) နှုန်းနဲ့ တိုက်ခတ်ခဲ့ပြီး အချို့နေရာ တွေမှာဆိုရင် ၂၄နာရီအတွင်း မိုးရေချိန် ၁၆လက်မထိရောက်အောင် မိုးရွာခဲ့တယ်လို့ ခန့်မှန်းထား ပါတယ်။

 အဆိုပါ တိုင်ဖွန်းမုန်တိုင်းဟာဂျပန်နိုင်ငံရဲ့ တောင်ဘက်အကျဆုံး ကျုရှူးကျွန်း တောင်ဘက်စွန်းရှိကာဂိုရှီးမားမြို့အနီးကနေတစ်ဆင့် တနင်္ဂနွေနေ့ နံနက်ပိုင်းက ကုန်းတွင်းပိုင်းကို ဝင်ရောက်တိုက်ခိုက် လာတာဖြစ်ပါတယ်။

ကျုရှူး မြစ်ကကမ်းပါးတွေလည်း ပြိုကျခဲ့ပါတယ်။ ရေကြီးနေတဲ့ မြစ်ထဲမှာ ကားတစ်စီးပိတ်မိပြီး အဲ့ဒီကားပေါ်ကလူ သေဆုံးသွားတယ်လို့ နိုင်ငံပိုင်ရုပ်သံလိုင်း NHKက သတင်းဖော်ပြပါတယ်။ မြေပြိုကျတဲ့ထဲမှာ လူတစ်ဦးပါသွားလားဆိုတာကိုလည်း မီးသတ်သမားတွေက စုံစမ်းစစ်ဆေး ရှာဖွေနေပါတယ်။

 ဒေသတွင်း ထုတ်ပြန်တဲ့ ဗီဒီယိုမှတ်တမ်းတွေထဲမှာလည်း အဆောက်အဦးခေါင်မိုးတွေ ပြိုကျတာနဲ့ ကြော်ငြာဘုတ်တွေ ပြိုကျတာကို တွေ့ရပါတယ်။

 လတ်တလောမှာ မုန်တိုင်းက အရှေ့ဘက်ကို ရွေ့သွားပြီး ဂျပန်နိုင်ငံရဲ့ အဓိကကျွန်း တစ်ကျွန်း ဖြစ်တဲ့ ဟွန်ရှူးကျွန်းကို ဖြတ်ဝင်ရဖို့ရှိတယ်လို့ သိရပြီး ဗုဒ္ဓဟူးနေ့မှာ ပင်လယ်ပြင်ကို ရွေ့လျားသွားမယ်လို့ ခန့်မှန်းရပါတယ်။

 မြို့တော် တိုကျိုမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ရေကြီးမှုကြောင့် Tozai မြေအောက်မီးရထား လိုင်းကိုပါ ရပ်နားထားရပါတယ်။

ကာဂိုရှီးမား၊ မီယာဇာကီ၊ အွိုင်တာ ၊ကူမာမိုတိုနဲ့ ယာမာဂူချီ ဒေသတွေက လူပေါင်း ၅၀၀,၀၀၀ ကျော်အတွက် ဂျပန်နိုင်ငံရဲ့ သဘာဝဘေးအန္တရာယ်သတိပေးချက် အမြင့်ဆုံးအဆင့် (၅) သတ်မှတ်ထုတ်ပြန်ထားပါတယ်။

 နန်းမဒေါမိုင်တိုင်းကို အမေရိကန် တိုင်ဖွန်း ပူးတွဲ့ သတိပေးမှုစင်တာ(JTWC) က စူပါ တိုင်ဖွန်းမုန်တိုင်းအဖြစ် အမျိုးအစားခွဲခြားသတ်မှတ်ထားပါတယ်။ ဆက်တိုက်လေတိုက်နှုန်း တစ်နာရီကို ၂၄၀ကီလိုမီတာ၊မိုင်၁၅၀ နှုန်းသို့ မဟုတ် အဲထက်ပိုတဲ့ မုန်တိုင်းတွေကို စူပါတိုင်ဖွန်းမုန်တိုင်း အဖြစ်သတ်မှတ်တာ ဖြစ်ပါတယ်။

အဲဒီ စူပါတိုင်ဖွန်းမုန်တိုင်းဟာ မုန်တိုင်းအဆင့် လေး သို့မဟုတ် ငါး ဖြစ်ပြီး ဟာရီကိန်းမုန်တိုင်း တိုက်ခိုက်မှုနဲ့ ညီမျှပါတယ်။

 ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါကလည်း မုန်တိုင်း အခြေအနေကို စောင့်ကြည့်ဖို့ အတွက် နယူးယောက်မြို့ကိုသွားပြီး ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မိန့်ခွန်းပြောမယ့် အစီအစဥ်ကို အင်္ဂါနေ့မတိုင်ခင်အထိ ရွှေ့ဆိုင်းပါတယ်။

 လာနီညာလို့ခေါ်တဲ့ သဘာဝပြောင်းလဲမှု ဖြစ်စဥ်ကြောင့်ဖြစ်တဲ့ ဟာရီကိန်းမုန်တိုင်း တိုက်ခိုက်မှုတွေ ဒီနှစ်အတွင်းမှာ အလွန်အားကောင်းလာနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ခန့်မှန်းထားပါတယ်။

 ရာသီဥတုပြောင်းလဲမှုကြောင့် အတ္တလန္တိတ် ကာရေဘီယံဒေသက ပင်လယ်ရေမျက်နှာပြင်ရဲ့ အပူချိန် ပိုပူနွေးလာတဲ့အတွက် အဲ့ဒီကတစ်ဆင့် အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။

ရာသီဥတုပြောင်းလဲမှုကိစ္စကို နိုင်ငံတကာက အစိုးရအဖွဲ့တွေစုပေါင်းဆွေးနွေတဲ့ (IPCC) အဖွဲ့ကလည်း ပြင်းထန်တဲ့ အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်းတွေ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ တိုးလာဖွယ်ရှိတယ်လို့ ပြောထားပါတယ်။

 မုန်တိုင်းတိုက်ခိုက်မှုကြောင့် ဂျပန်နိုင်ငံက ကျည်ဆန်ရထားဝန်ဆောင်မှုတွေ၊ ကူးတို့သင်္ဘောတွေ၊ ရာနဲ့ချီတဲ့ လေယာဉ်ခရီးစဉ်တွေကို ရပ်နားထားပြီလို့ သိရပါတယ်။ ပြီးတော့ ဈေးဆိုင်တွေနဲ့ အခြားစီးပွားရေးလုပ်ငန်း အများအပြား ကိုလည်း ပိတ်ထားပြီး အချို့နေရာတွေမှာလည်း အကာအကွယ်အနေနဲ့ သဲအိတ်တွေ ချထားတာ တွေ့ရပါတယ်။