အောက်တိုဘာ ၁၉ ရက်ထိပ်တန်းသတင်းများ - ဘတ်ဂျတ်ငွေ စိစစ်ဖို့ စစ်ခေါင်းဆောင်ပြင်နေ

ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်
မြန်မာစစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အသုံးစရိတ် ဘတ်ဂျတ်ငွေ တောင်းခံတဲ့အခါ လိုအပ်မှသာ တောင်းခံဖို့ စစ်ကောင်စီဝန်ကြီးတွေ၊ တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေနဲ့ တွေ့ဆုံချိန် ပြော လိုက်ပါတယ်။
နေပြည်တော်မှာ မနေ့ကပြုလုပ်တဲ့ စီးပွားရေးကော်မတီအစည်းအဝေးမှာ အခုလိုပြောလိုက်တာဖြစ်ပါတယ်။
စစ်ခေါင်းဆောင်ကတော့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေအတွက် ဆောင်ရွက်ဖို့ အသုံးစရိတ် ဘတ်ဂျတ်ငွေ တောင်းခံတာဖြစ်ပေမဲ့ လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေးနဲ့ ပညာရေး အခြားကဏ္ဍတွေမှာ သုံးရမယ့် ငွေကြေးပမာဏတွေ အများကြီးရှိနေတဲ့အတွက် အခုလို ပြောတာလို့ ဆိုပါတယ်။
ဒါ့အပြင် တောင်းထားတဲ့ နိုင်ငံ့အသုံးစရိတ်တွေကို သတ်မှတ်ကာလတွေမှာ အောင်မြင်အောင် အကောင် အထည်ဖော်ဖို့ စစ်ခေါင်းဆောင်က ပြောသလို ဘတ်ဂျက်ငွေ ကြိုတင်စိစစ်ရေး ကော်မတီတစ်ခုကို ဖွဲ့စည်း ပြီး စိစစ်ဖို့အထိ စစ်ခေါင်းဆောင်က ပြောပါတယ်။
စစ်ခေါင်းဆောင်ရဲ့လူယုံလို့ မှတ်ယူခံရပြီး ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း ရာထူးကို အသုံးချပြီး အလွဲသုံးတဲ့ဂတိမှုတွေနဲ့ ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်လိုက်ပြီးတဲ့နောက်မှာ နိုင်ငံ့အသုံးစရိတ်တောင်းခံတာနဲ့ သုံးစွဲတာတွေကို စိစစ်ဖို့ စစ်ခေါင်းဆောင်က ပြောလာတာဖြစ်ပါတယ်။
တဖက်မှာလည်း အခုလို အသုံးစရိတ်စိစစ်ဖို့ စစ်ခေါင်းဆောင်က ပြောလာတာဟာ အဂတိတိုက်ဖျက်ဖို့နဲ့ နိုင်ငံတကာရဲ့ ပိတ်ဆို့မှုတွေ ခံနေရတဲ့ စစ်ကောင်စီမှာ အသုံးစရိတ်နည်းပါးနေတာ၊ အခွန်ငွေရရှိမှု အကန့်အသတ်တွေရှိနေတာကိုလည်း ထင်ဟပ်နေတယ်လို့ အကဲခတ်တွေက ပြောဆိုကြပါတယ်။
ဖားကန့်မှာ ကျောက်လုပ်ကွက်ပြိုကျလို့ ရေမဆေးကျောက်ရှာသူအချို့ ထိခိုက်သေဆုံး

ဓာတ်ပုံ ရင်းမြစ်, CJ
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆန်ခါကျေးရွာအနီးက ကျောက်လုပ်ကွက်တစ်ခုမှာ မနေ့ညပိုင်းတုန်းက ခေါင်းပေါင်းကျင်း မြေပြိုကျလို့ ရေမဆေးကျောက်ရှာသူ ၁ ဦးသေဆုံးပြီး နောက်ထပ် ၂ ဦး ဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။
ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ဆန်ခါကျေးရွာအနီး ကုမ္ပဏီလုပ်ကွက်တစ်ခုထဲက ပေ ၇၀ နီးပါးမြင့်တဲ့ ခေါင်းပေါင်းမြေစာကို ဖယ်ရှားရာကနေ မြေပြိုကျပြီး အောက်ကရေမဆေးကျောက်ရှာနေသူတွေ ထိခိုက်သေဆုံးခဲ့တာလို့ သိရပါတယ်။
မြေပြိုဖြစ်စဉ်မှာ ရေမဆေးကျောက်ရှာသူ အသက် ၁၈ နှစ်အရွယ် လှကျော်စံ သေဆုံးပြီး မှော်ပုံကျေးရွာနေ ကိုစိုးမိုးနဲ့ ဆန်ခါကျေးရွာနေ ကိုကျော်ထက်တို့ အပြင်းအထန်ဒဏ်ရာများရရှိခဲ့တယ်လို့ သိရပါတယ်။
ဒေသခံတွေကတော့ ညအချိန် အခုလိုမြေစာပြိုမှုဖြစ်တာကြောင့် သေဆုံးသူ ဒီထက့် များနိုင်တယ်လို့ ပြောပါတယ်။
ဒေသခံတွေကတော့ မြေပြိုကျတဲ့နေရာဟာ စစ်ကောင်စီနဲ့ ကချင်လွတ်လပ်ရေးတပ်(KIA) ကို အကျိုးတူ အကျိုးအမြတ်ပေးနေတဲ့ တူးဖော်နေတဲ့ ကုမ္ပဏီ ၃ ခုရဲ့လုပ်ကွက်အတွင်းမှာရှိတယ်လို့ ပြောပါတယ်။
တရုတ်အလိုရှိတဲ့ ဝ အရာရှိဟောင်းနှစ်ဦးကို စစ်ကောင်စီ ဖမ်းဝရမ်းထုတ်

ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဌာနက အလိုရှိနေတဲ့ ဝ တပ်ဖွဲ့ အရာရှိဟောင်းနှစ်ယောက်ကို စစ်ကောင်စီက ပါ ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။
ရှမ်းပြည်နယ်၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ထဲမှာ ရှိတဲ့ ဟိုပန်ခရိုင်တရားရုံးကတဆင့် ဖမ်းဝရမ်းထုတ်ဆင့် လိုက်တာဖြစ်ပါတယ်။
‘’တရုတ်ဘက်ကရော ပန်ဆန်းဘက်ကဖမ်းနေတယ်။ လောက်ကိုင်ထဲမှာလည်း ဖမ်းနေတယ်။ အဲဒါကြောင့် သူတို့ ‘ဝ’တိုင်းထဲမှာ လာခိုအောင်းနေနိုင်တယ်လို့ ယူဆလို့ အခုလို ဝရမ်းထုတ်လိုက်တာပါ’’ လို့ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းက အရာရှိတစ်ဦးက ဘီဘီစီ ကိုပြောပါတယ်။
“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မှာ မြို့နယ်ခြောက်ခု ရှိတဲ့ အနက် စစ်ကောင်စီက ဟိုပန်မြို့နယ် နဲ့ မက်မန်းမြို့နယ် ကို ထိန်းချုပ်ထားပြီး ပန်ဆန်းအပါအဝင် ကျန်တဲ့ လေးမြို့နယ်ကိုတော့ UWSA က ထိန်းချုပ်ထားတာဖြစ်ပါတယ်။
တရုတ်က ယွမ် ၅ သိန်းအထိ ဆုငွေထုတ်ထားတဲ့ ‘ဝ’ ပြည်နယ်အစိုးရ ဆောက်လုပ်ရေးဌာနကြီးမှူး ဟောင်း ပေါက်အိုက်ပန်း နဲ့ မိုင်းလင်းခရိုင်မှူးဟောင်း အိုက်ဟော့ တို့ကို ဝ တပ်ဖွဲ့ UWSA ကလည်း ရာထူးကနေ ထုတ်ပယ်ထားပါတယ်။
ပေါက်အိုက်ပန်း နဲ့ အိုက်ဟော့ ဟာ တရုတ်နိုင်ငံရဲ့ ဥပဒေတွေကို ချိုးဖောက်ခဲ့ကြပြီး ဝ ပြည် နဲ့ အိမ်နီးချင်းတွေအကြားက နိုင်ငံရေးအရ ယုံကြည်မှု နဲ့ ဆက်ဆံရေးကိုထိခိုက်စေခဲ့တယ် သူတို့ နှစ်ဦးကို ထုတ်ပယ် လိုက်တဲ့အကြောင်း ကြေညာချက်မှာ UWSA က ထည့်သွင်းရေးသားပါတယ်။
စစ်ကောင်စီရဲ့ထုတ်ပြန်ချက်ထဲမှာလည်း ချန်ရန်ပန်(ခ) ပေါက်အိုက်ပန်း နဲ့ ရှောက်ရန်ပန်(ခ)ဟော်ချင်ထင်တို့ ဟာ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနယ်မြေအတွင်း Online လိမ်လည်မှုတွေ၊ လူကို သွေးဆောင်ခေါ်ယူမှုတွေ၊ ပြန်ပေးဆွဲမှုတွေပါ ကျူးလွန်နေတယ် လို့ ဖော်ပြထားပါတယ်။
ဒီ’ဝ’အရာရှိ နှစ်ဦးထဲက ဟော်ချင်ထင်ဆိုသူဟာ UWSA ခေါင်းဆောင် ပေါက်ယူချန်း ရဲ့ သားမက်ဟောင်းဖြစ်ပြီး ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ရဲ့ ငြိမ်းချမ်းရေးတစ်ခေတ်မှာ ပြည်မ က UWSA ရဲ့ စီးပွားရေးလုပ်ငန်းတွေ ကို တာဝန်ခံဆောင်ရွက်ခဲ့သူဖြစ်ပြီး အိုက်ဟော့ လို့ လူသိများပါတယ်။
UWSA ခေါင်းဆောင် ပေါက်ယူချန်း ရဲ့ တူဖြစ်သူ ပေါက်အိုက်ပန်း ကလည်း မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါးအမှုနဲ့ နှစ်ရှည် ထောင်ဒဏ် ကျခံခဲ့ရဖူးပါတယ်။








