အစ္စရေးက ဆီးရီးယားကိုဘာကြောင့်တိုက်တာလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, ဂျယ်ရမီ ဟောင်းဝဲလ်
- ရာထူးတာဝန်, ဘီဘီစီ ကမ္ဘာတစ်လွှား
ဆီးရီးယားက စစ်စခန်းတွေကို အစ္စရေးက လေကြောင်းတိုက်ခိုက်မှု ရာချီ လုပ်ခဲ့ပြီး အစ္စရေးတပ်ဖွဲ့ဝင်တွေကို ဂိုလန်ကုန်းမြင့်က စစ်မဲ့ ကြားခံဇုန်ကို ပို့လိုက်ပါတယ်။ ဒါဟာ အစ္စရေး ထိန်းချုပ်ထားတဲ့ ဆီးရီးယားနယ်မြေတွေကို ထပ်ပြီးချဲ့ယူလိုက်တာ ဖြစ်ပါတယ်။
ဒီလို လုပ်တာဟာ အစ္စရေး နိုင်ငံသားတွေရဲ့ လုံခြုံရေးအတွက် သေချာအောင် လုပ်တာဖြစ်တယ်လို့ အစ္စရေးက ပြောပေမဲ့ တခြားသူတွေကတော့ ကာလရှည် ရန်ဘက် ဖြစ်ခဲ့သူကို အားနည်းသွားအောင် အခွင့်အရေး ယူတာလို့ ပြောပါတယ်။
အစ္စရေးလုပ်နေတဲ့ လေကြောင်းတိုက်ခိုက်မှုတွေက ဘာတွေလဲ

အာဆတ်အစိုးရ ပြုတ်ကျသွားပြီးတဲ့ တနင်္ဂနွေနေ့ကတည်းက စပြီး အစ္စရေး စစ်တပ် IDF က လေကြောင်းတိုက်ခိုက်မှု အကြိမ် ၃၀၀ မက လုပ်ခဲ့တာကို မှတ်တမ်းတင်ထားတယ်လို့ ယူကေ အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ SOHR က ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုတွေဟာ မြောက်ဘက်က အလက်ပိုကနေ တောင်ဘက် ဒမတ်စကပ်အထိ လက်နက်ခဲယမ်း ဂိုဒေါင်တွေ၊ လေဆိပ်တွေ၊ ရေတပ်စခန်းတွေနဲ့ သုတေသနဌာနတွေ အပါအဝင် ဆီးရီးယား စစ်ဘက်ဆိုင်ရာနေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ဒီတိုက်ခိုက်မှုတွေက ဆီးရီးယား စစ်တပ်ရဲ့ "အရင်းအမြစ်တွေ အားလုံး"ကို ဖျက်ဆီးပစ်ခဲ့တာဖြစ်ပြီး "ဆီးရီးယားနယ်မြေတွေ ကျူးကျော်ခံခဲ့ရတယ်"လို့ SOHR တည်ထောင်သူ ရာမီ အဘတ်ဒူ ရာမန်က ပြောပါတယ်။
အစ္စရေးကတော့ ဒီလို လုပ်ဆောင်မှုတွေဟာ အာဆတ် လက်ထက်နောက်ပိုင်း ဆီးရီးယား အကူးအပြောင်းကာလမှာ လက်နက်တွေကို "အစွန်းရောက်တွေရဲ့လက်ထဲ" မကျရောက်သွားအောင် လုပ်ရတာ ဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။
ဓာတုလက်နက်တွေကို အစ္စရေးက ဘာလို့ စိုးရိမ်နေလဲ

ဓာတ်ပုံ ရင်းမြစ်, AFP
ဘာရှား အယ်လ် အာဆတ် ပိုင်ထားတယ်လို့ စွပ်စွဲခံရတဲ့ ဓာတုလက်နက်တွေကို ဘယ်သူ ရသွားမလဲဆိုပြီး အစ္စရေးက စိုးရိမ်ပူပန်နေပါတယ်။
ဒီလက်နက်တွေ ဆီးရီးယားက ဘယ်နေရာမှာ ဘယ်လောက်များများ သိမ်းထားတယ်ဆိုတာ မသိကြပေမဲ့ ဘာရှား အယ်လ် အာဆတ်က ဒါတွေကို သိုလှောင်ထားတယ်လို့ ယုံကြည်ထားကြပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အဲဒီလက်နက်တွေရဲ့ လုံလုံခြုံခြုံရှိရေး သေချာစေဖို့ ဆီးရီးယားက အာဏာပိုင်တွေကို တနင်္လာနေ့မှာ ကုလသမဂ္ဂရဲ့ ဓာတုလက်နက် စောင့်ကြည့်ရေးအဖွဲ့က သတိပေးခဲ့ပါတယ်။
ဆီးရီးယားက ဓာတုလက်နက် အရင်းအမြစ်တွေကို ပစ်မှတ်ထားပြီး အစ္စရေးက လေကြောင်း တိုက်ခိုက်ခဲ့တယ်လို့ ကုလသမဂ္ဂရဲ့ လက်နက် စောင့်ကြည့်ကြီးကြပ်ရေးအဖွဲ့ အကြီးအကဲဟောင်း၊ အခု ဆွီဒင် အူးမယ်ရာ တက္ကသိုလ် တစ်ရှူးဗေဒဌာနက တွဲဖက် ပါမောက္ခ အာကီ ဆဲလ်စတောမ်းက ပြောပါတယ်။
"အစ္စရေး လုပ်နေတာတွေက အရင်းအမြစ်တွေကို ဖယ်ရှားပစ်တာပါ" လို့ သူက ဘီဘီစီကို ပြောပါတယ်။
"အဲဒါတွေက လူတွေ၊ အဆောက်အအုံတွေ ဒါမှမဟုတ် ပစ္စည်းကိရိယာတွေ ဖြစ်နိုင်ပါတယ်။"
ဘာရှားအယ်လ်အာဆတ်ကို သစ္စာခံတဲ့ တပ်ဖွဲ့တွေက ၂၀၁၃ မှာ ဆီးရီးယားမြို့တော် ဒမတ်စကပ်ရဲ့ ဆင်ခြေဖုံးက ဂူတာ တိုက်ခိုက်မှုမှာ ဆာရင်း အဆိပ်ဓာတ်ငွေ့တွေကို သုံးခဲ့ပြီး လူထောင်ကျော် သေစေခဲ့တယ်လို့ ယူဆရပါတယ်။
အဲဒီတပ်ဖွဲ့တွေဟာ အခုလတ်တလော တိုက်ခိုက်မှုတွေမှာလည်း ဆာရင်း အဆိပ်ဓာတ်ငွေ့နဲ့ ကလိုရင်း ဓာတ်ငွေ့လို ဓာတုလက်နက်တွေ သုံးခဲ့တယ်လို့ စွပ်စွဲခံရပါတယ်။
သူပုန်တပ်ဖွဲ့တွေကလည်း ဆီးရီးယားက သူတို့ရန်သူတွေကို အရင်တုန်းက တိုက်ခိုက်မှုတွေမှာ ဓာတုလက်နက်တွေ သုံးခဲ့ဖူးတယ်လို့ သိထားရတာကြောင့် သူတို့မှာလည်း ဒီဓာတုလက်နက်တွေ သိုလှောင်ထားတာ ရှိနိုင်တယ်လို့ ဒေါက်တာ ဆဲလ်စတောမ်းက ပြောပါတယ်။
"အာဆတ်က ဒီလက်နက်တွေကို ပိုင်ဆိုင်ထားတာက အစ္စရေးနဲ့ ပဋိပက္ခမှာ အင်အားကြီးကြောင်းပြဖို့ ဖြစ်ပေမဲ့ ဒါတွေကို ဘယ်တော့မှ ထုတ်တိုက်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အခုက လုံးဝ တခြား အစိုးရဖြစ်သွားပါပြီ။ ဓာတုလက်နက်နဲ့ ဆိုင်သမျှ အစ္စရေးက ရှင်းပစ်မှာပါ။"
ဂိုလန်ကုန်းမြင့်မှာ အစ္စရေး ဘာတွေ လုပ်နေလဲ

ဂိုလန်ကုန်းမြင့်က စစ်မဲ့ ကြားခံဇုန်ကို အစ္စရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတယ်လို့ အစ္စရေး ဝန်ကြီးချုပ်က ကြေညာခဲ့ပြီး အဲဒီဒေသက ဆီးရီးယားနယ်မြေတွေကို သူတို့ ကျူးကျော်ဝင်ရောက်ထားတာကို ထပ်ချဲ့ခဲ့ပါတယ်။
ဒါဟာ "သင့်တော်တဲ့ အစီအစဥ် ရှာမတွေ့သေးခင်အထိ ယာယီ ကာကွယ်ရေးအတွက် နေရာ ယူထားတာ ဖြစ်တယ်" လို့ အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ညာဟု က ပြောပါတယ်။
ဟားမတ်စ်ရဲ့ အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုလို တိုက်ခိုက်မှုမျိုးတွေ ဆီးရီးယားဘက်က တိုက်လာမှာကို တားဆီးချင်တယ်လို့ အစ္စရေးက ပြောထားတယ် လို့ လန်ဒန်တက္ကသိုလ် SOAS က ပါမောက္ခ ဂေးလ်ဘက် အာချာက ပြောပါတယ်။
"ဒါပေမဲ့ ဒါဟာ ရှေ့ရေးနဲ့ သိမ်းယူထားတဲ့ဇုန်ရဲ့ စည်း အနားကို တခြားတပ်တွေ နီးကပ်လာတာကို တားဆီးဖို့ အခွင့်အရေး တစ်ခု ဖြစ်ပါတယ်။"
စစ်မဲ့ ကြားခံဇုန်ကို အစ္စရေးရဲ့ သိမ်းပိုက်မှုအပေါ် အာရပ်နိုင်ငံတွေရဲ့ ထုတ်ပြန်ချက်တွေမှာ ပြင်းပြင်းထန်ထန် ရှုတ်ချကြပါတယ်။ ဒီလုပ်ရပ်ဟာ "ဆီးရီးယား နယ်မြေကို ကျူးကျော်မှု ဖြစ်ပြီး ၁၉၇၄ အပစ်ရပ် သဘောတူညီချက်ကို ပြောင်ကျကျ ချိုးဖောက်တာ" ဖြစ်တယ်လို့ အီဂျစ် နိုင်ငံခြားရေး ဝန်ကြီးဌာနက တနင်္လာနေ့က ပြောပါတယ်။
အစ္စရေးရဲ့ ရှေ့တိုးလာမှုဟာ ကြားခံဇုန်ကို ကျော်လာပြီး ဒမတ်စကပ်ထဲကိုတောင် ၂၅ ကီလိုမီတာ ရောက်လာပြီလို့ ဆီးရီးယား သတင်းတွေမှာ ဖော်ပြပါတယ်။ ဒါပေမဲ့ အစ္စရေး စစ်တပ်ရင်းမြစ်တွေကတော့ ဒါကို ငြင်းပါတယ်။
ဂိုလန် ကုန်းမြင့်က စစ်မဲ့ ကြားခံဇုန်ကို ကျော်ပြီး အစ္စရေး တပ်တွေ စစ်ဆင်ရေး လုပ်နေတယ်လို့ အစ္စရေး စစ်တပ်က ပထမဆုံး အသိအမှတ် ပြုခဲ့ပေမဲ့ စစ်တပ်ရဲ့ နိုင်ငံတကာ ပြောခွင့်ရ နာဒက်ဗ် ရှိုရှာနီကတော့ အစ္စရေးရဲ့ ဝင်ရောက်မှုဟာ သိသိသာသာ မများဘူးလို့ ပြောပါတယ်။
ဂိုလုန်ကုန်းမြင့်က ဘာလဲ၊ ဘယ်သူ့ လက်ထဲမှာလဲ
ဂိုလန်ကုန်းမြင့်ဟာ ဆီးရီးယား အနောက်တောင်ပိုင်းက တောင်ထူထပ်တဲ့ ကုန်းပြင်မြင့်ဒေသ ဖြစ်ပြီး အစ္စရေးက ရာစုနှစ်ဝက် တစ်ခုနီးပါး သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။
၁၉၆၇ အရှေ့အလယ်ပိုင်း စစ်ပွဲမှာ ဆီးရီးယားက အစ္စရေးကို ဂိုလန်ကုန်းမြင့်ကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပေမဲ့ ဆီးရီးယားတပ်တွေကို အစ္စရေးက မြန်မြန်ဆန်ဆန် ပြန်တိုက်ထုတ်ခဲ့ပါတယ်။ ပြီးတော့ အဲဒီနေရာက စတုရန်း ကီလိုမီတာ ၁,၂၀၀ လောက်ကို သိမ်းယူပြီး စစ်တပ် ထိန်းချုပ်မှုအောက်မှာ ထားလိုက်ပါတယ်။
၁၉၇၃ အရှေ့အလယ်ပိုင်း စစ်ပွဲကာလ အတွင်းမှာ ဂိုလန် ကုန်းမြင့်ကို ဆီးရီးယားက ပြန်ရယူဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။
၁၉၇၄ မှာတော့ နှစ်ဖက်စလုံးက အပစ်ရပ်ရေး လက်မှတ်ထိုးခဲ့ကြပြီး အဲဒီကတည်းက ကုလသမဂ္ဂ စောင့်ကြည့်ရေးတပ်တွေ အဲဒီနေရာမှာ ချထားခဲ့ပါတယ်။
ဒါပေမဲ့ ၁၉၈၁ မှာ အစ္စရေးက အဲဒီနေရာကို ကျူးကျော်ခဲ့ပြီး ဒါကို နိုင်ငံတကာ အသိုင်းအဝိုင်း အများစုက အသိအမှတ် မပြုကြပါဘူး။
ဆီးရီးယားကတော့ ဂိုလန်ကုန်းမြင့်တစ်ခုလုံးကနေ အစ္စရေးတို့ မဆုတ်ခွာမသွားမချင်း အစ္စရေးနဲ့ ငြိမ်းချမ်းရေးသဘောတူညီချက် မလုပ်ဘူးလို့ ပြောထားပါတယ်။
ဂိုလန်ကုန်းမြင့်က ဆီးရီးယား အာရပ် အများစုဟာ ၁၉၆၇ စစ်ပွဲမှာ ထွက်ပြေးသွားကြပါပြီ။
အခုတော့ ဂိုလန်ဒေသမှာ အစ္စရေး အခြေချ နေထိုင်မှု ၃၀ လောက် ရှိပြီး အဲဒီနေရာတွေမှာ လူ ၂၀,၀၀၀ လောက် နေထိုင်နေကြပါတယ်။ ၁၉၆၇ ပဋိပက္ခ ပြီးပြီးချင်းမှာပဲ အဆောက်အဦတွေကို အစ္စရေးက ဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ အဲဒီအခြေချနေထိုင်မှုတွေက နိုင်ငံတကာ ဥပဒေအရ တရားမဝင်ဘူးလို့ သတ်မှတ်ပါတယ်။ အစ္စရေးကတော့ ဒါကို သဘောမတူပါဘူး။
အစ္စရေးတွေဟာ ဂိုလန်ကုန်းမြင့်ကို သိမ်းယူတုန်းက ထွက်ပြေးမသွားကြတဲ့၊ အများစုက ဒရုဇ်လူမျိုးစုတွေ ဖြစ်တဲ့ ဆီးရီးယား ၂၀,၀၀၀ နဲ့ အတူ နေထိုင်နေကြပါတယ်။
အစ္စရေးရဲ့ လုံခြုံရေးအကြောင်းပြချက်က လက်ခံနိုင်စရာရှိလား

ဓာတ်ပုံ ရင်းမြစ်, EPA
ဂိုလန်ကုန်းမြင့် ကြားခံဇုန်မှာ အစ္စရေးစစ်တပ် ဝင်ရောက်နေရာယူထားမှုဟာ ယာယီအတွက်ပဲ ဖြစ်တယ်လို့ မစ္စတာ နေတန်ညာဟု က ပြောပေမဲ့ တပ်တွေ ပြန်ဆုတ်မဆုတ်ဆိုတာက နောက်တက်လာမယ့် ဆီးရီးယား အစိုးရရဲ့ လုပ်ဆောင်ချက်ပေါ်မှာ မူတည်တယ်လို့ သူက ဆိုပါတယ်။
"ဆီးရီးယားက အသစ်တက်လာတဲ့ သူတွေနဲ့ ကျွန်တော်တို့ ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်နိုင်ပြီး ငြိမ်းချမ်းတဲ့ ဆက်ဆံရေး ထူထောင်နိုင်ဖို့က ကျွန်တော်တို့ ဆန္ဒပါ။ ဒါပေမဲ့ ဒီလို မဖြစ်လာရင် အစ္စရေးနိုင်ငံနဲ့ အစ္စရေး နယ်စပ်ကို ကာကွယ်ဖို့ ဘာမဆို လုပ်မှာပါ"လို့ သူက ပြောပါတယ်။
"အစ္စရေးဘက်က ထင်တာက ဆီးရီးယားဘက်ကနေ တပ်တွေ ဂိုလန်ကုန်းမြင့်ထဲကို ကျူးကျော်ဝင်ရောက်နိုင်တယ်လို့ ယူဆတာဖြစ်ပြီး ဒါမျိုး မဖြစ်လာနိုင်အောင် သူတို့က ရှေ့ကိုပိုတိုးလာလိုက်တာ" လို့ လန်ဒန်အခြေစိုက် သုတေသနအဖွဲ့ Royal United Services Institute က ဒေါက်တာ အိတ်ချ် အေ ဟယ်လ်ရာက ပြောပါတယ်။
"ဒါပေမဲ့ အစ္စရေးက အရင်တုန်းကလည်း လုံခြုံရေး အကြောင်းပြချက်နဲ့ ဂိုလန်ကုန်းမြင့်ကို သိမ်းပိုက်ခဲ့ဖူးပြီး နောက်တော့ အခိုင်အမာ နေရာယူလိုက်ပါတယ်။ အခုလည်း အဲဒီလို ထပ်လုပ်လာနိုင်ပါတယ်။"
ဆီးရီးယား စစ်တပ်စခန်းတွေကို အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ အစ္စရေး နိုင်ငံသားတွေကို ကာကွယ်ဖို့ သက်သက်ပဲလို့ အစ္စရေး နိုင်ငံခြားရေးဝန်ကြီး ဂစ်ဒီယန် ဆားက ပြောပါတယ်။
"အဲဒါကြောင့် မဟာဗျူဟာကျတဲ့ လက်နက် စနစ်တွေ ဖြစ်တဲ့ ဥပမာ- ဓာတုလက်နက်တွေ၊ တာဝေးပစ် ဒုံးကျည်တွေ၊ ရော့ကက်ဒုံးကျည်တွေကို အစွန်းရောက်တွေ လက်ထဲ မရောက်အောင် တိုက်ခိုက်ခဲ့တာ" လို့ ဆိုပါတယ်။
"ဓာတုလက်နက်တွေက ဆီးရီးယားမှာ နေရာတကာ မရှိပါဘူး။ နှစ်နေရာ သုံးနေရာလောက်ပဲ ရှိတာပါ။ ဒါပေမဲ့ လေကြောင်းတိုက်ခိုက်မှု ၃၀၀ ကျော် လုပ်ခဲ့တာကကျတော့ ဆီးရီးယားကို အားနည်းသွားအောင်ကို လုပ်တာပဲ" လို့ ပါမောက္ခ အာချာက ပြောပါတယ်။
အစ္စရေးက ဘာရှား အယ်လ် အာဆတ်ကို "အကြောင်းသိ" ဖြစ်နေပြီ ဖြစ်ပေမဲ့ နောက်လာမယ့်သူက ဘယ်လို ဖြစ်မယ်ဆိုတာ မသေချာပါဘူး။
"သူတို့က ဆီးရီးယားကို လစ်ဗျားလို လက်နက်ကိုင် အဖွဲ့တွေ အကွဲကွဲအပြားပြား ဖြစ်သွားမယ်ထင်ပြီး အဲဒီအဖွဲ့တွေက အစ္စရေးကို ရန်မူလာမှာကို စိုးရိမ်နေပါတယ်။"
"အဲဒီလို အဖွဲ့တွေက ဆီးရီးယား စစ်တပ်ရဲ့ လက်နက်တွေကို သုံးပြီး အစ္စရေးကို ဆန့်ကျင်တိုက်ခိုက်လာမှာကို တားဆီးချင်တာပါ။" လို့ ပါမောက္ခ အာချာက ပြောပါတယ်။











