ဆီးရီးယား ပြည်တွင်းစစ် ၁၃ နှစ်အတွင်း အချိုးအကွေ့ ကြီး ၁၃ ခု
ဘီဘီစီ သတင်း တူရကီ၊ ဥရောပ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အာရပ် နွေဦး အုံကြွမှုလို့ အများသိကြတဲ့ လူထုဆန္ဒပြပွဲတွေ အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိကတိုက်ဒေသတွေမှာ ဖြစ်လာတဲ့ကာလ ၂၀၁၁ ခုနှစ် မတ်လအတွင်း ဆီးရီးယား အနောက်တောင်ဘက်က ဒါရာမြို့မှာ ကျောင်းသားတချို့က အုတ်တံတိုင်း နံရံပေါ်မှာ စာတွေရေးခဲ့ကြပါတယ်၊ "ဒီတခါ ခင်ဗျားအလှည့်ကျပြီ၊ ဒေါက်တာ"။
မျက်စိအထူးကုဆရာဝန်ဖြစ်တဲ့ ဆီးရီးယား သမ္မတ ဘာရှား အယ် အာဆတ်ကို ဒေါက်တာလို့ ရည်ညွှန်းပြီး သူတို့က သတင်းစကားပါးခဲ့ကြတာပါ။
အဲဒီကျောင်းသားတွေ ဖမ်းဆီးခံခဲ့ရပြီး သူတို့ရဲ့ မိသားစုတွေပါ အရေးယူခံခဲ့ရ ပါတယ်။ ဒီအဖြစ်ကနေ ဒါရာနဲ့ မြို့တော် ဒမားစကတ်မှာ လူထု ဆန္ဒပြပွဲတွေကို ဖြစ်စေခဲ့ပါတယ်။ အဲဒီ ဆန္ဒပြပွဲတွေကို အစိုးရတပ်တွေက အကြမ်းဖက် နှိပ်ကွပ် ခဲ့တဲ့နောက် ဒါဇင်နဲ့ချီတဲ့ အရပ်သားတွေ သေဆုံးခဲ့ရပါတယ်။ ဆန္ဒပြပွဲတွေက တနိုင်ငံလုံးကို ပြန့်သွားခဲ့ပါတယ်။
ဒါက ဆီးရီးယားမှာ ပြည်တွင်းစစ် စတင်ဖြစ်ပွားစေတဲ့ အကြောင်းရင်းပါ။

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက် ၁၃ နှစ်အတွင်း လူပေါင်း ၆ သိန်းကျော် အသက်ဆုံးရှုံးခဲ့ရသလို နောက်ထပ် လူပေါင်း ၆ သန်းခန့် အိုးအိမ်စွန့်ခွာပြီး ပြည်တွင်းမှာပဲ ဒုက္ခသည်တွေ ဖြစ်ခဲ့ကြရကာ နောက်ထပ် လူ ၆ သန်းက နိုင်ငံကနေထွက်ခွာခဲ့ရပြီး ပြည်ပမှာ ဒုက္ခသည်တွေအဖြစ် ခိုလှုံခဲ့ကြရပါတယ်။
အမြန်ကျော်ပြီး ၂၀၂၄ နိုဝင်ဘာ ကာလကို ကြည့်ရင်တော့ အယ်ခိုင်းဒါးနဲ့ အရင်တုန်း က ဆက်နွှယ်ခဲ့တဲ့ ဟာရက် တီဟာ အရှမ် (Hayat Tahrir al-Sham - HTS)က ဦးဆောင်တဲ့ အစ္စလာမ္မစ် အဖွဲ့တွေက ဆီးရီးယားက ဒုတိယအကြီးဆုံး မြို့ဖြစ်တဲ့ အလက်ပိုကို သိမ်းယူလိုက်ပြီး ဟာမာနဲ့ ဟွမ်းစ်မြို့တွေဆီကို ဆက်လက် ချီတက် သွားကြပါတယ်။
ဒီဇင်ဘာ ၈ ရက်မှာ သူတို့ ဒမားစကတ်ကို သိမ်းပိုက်နိုင်ပြီး ဘာရှား အယ် အာဆတ် ဟာ မော်စကိုမှာ သွားရောက် ခိုလှုံဖို့ နိုင်ငံကနေ ထွက်ပြေးခဲ့ရပါတယ်။
ဒီအခြေအနေအထိ ဘယ်လိုရောက်ခဲ့တာပါလဲ၊ ဆီးရီးယား ပြည်တွင်းစစ်မှာ အရေးပါတဲ့ အလှည့်အပြောင်းတွေကို စုစည်းထားပါတယ်။
၁။ ဇူလိုင် ၂၀၁၁ - အတိုက်အခံ အင်အားစုများ ထူထောင်
နိုင်ငံတလွှားက အဓိကမြို့တွေမှာ လူထုဆန္ဒပြပွဲတွေ ဖြစ်နေတာနဲ့အတူ ဒါဇင်နဲ့ ချီတဲ့ စစ်အရာရှိတွေ ဆီးရီးယား စစ်တပ်ကို စွန့်ခွာထွက်လာပြီး မကြာသေးခင်ကမှ ထူထောင်ခဲ့ကြတဲ့ အစိုးရ ဆန့်ကျင်ရေး တပ်ဖွဲ့တွေနဲ့ ပူးပေါင်းလိုက်ကြပါတယ်။
၂၀၁၁ ဇူလိုင်လကုန်ပိုင်းမှာတော့ သူပုန်အဖွဲ့တွေဟာ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို ကာကွယ်ဖို့၊ အာဆတ် အစိုးရကို လက်နက်ကိုင် ဆန့်ကျင်ဖို့ ရည်ရွယ်ပြီး သူ့တို့ အချင်းချင်း ပူးပေါင်းလိုက်ကာ ဆီးရီးယား လွတ်မြောက်ရေးတပ် (Free Syrian Army - FSA)ကို ဖွဲ့စည်းလိုက်ပါတယ်။ အဲဒီနေ့ နောက်ပိုင်းမှာတော့ ဆီးရီးယားက မငြိမ်မသက်ဖြစ်မှုကို "ပြည်တွင်းစစ်" လို့ သတ်မှတ်လိုက်ကြပါတယ်။

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အစိုးရ အတိုက်အခံ ဆန့်ကျင်ရေး အင်အားစုတွေဟာ အမေရိကန်၊ တူရကီ၊ ကာတာ နဲ့ ပင်လယ်ကွေ့နိုင်ငံတွေဆီကနေ အကူအညီတွေ ရပါတယ်။ ဆီးရီးယား အတိုက် အခံတွေရဲ့ ကိုယ်စားလှယ်တွေကို တူရကီနဲ့ ကာတာတို့က စတင်ပြီး လက်ခံခဲ့ ပါတယ်။
သြဂုတ်လထဲမှာ အမေရိကန် သမ္မတ ဘားရက် အိုဘားမားက အာဆတ် ရာထူးကနေ ဆင်းပေးဖို့ တောင်းဆိုလိုက်ပြီး ဆီးရီးယား အစိုးရကို ချမှတ်တဲ့ ဆန်ရှင်တွေထဲ အပြင်းထန်ဆုံးသော ဘဏ္ဍာရေး ဆန်ရှင်တွေကို ချမှတ်လိုက်ပါတယ်။
"ဆီးရီးယားရဲ့ အနာဂတ်ကို သူ့ရဲ့ ပြည်သူတွေကသာ ဆုံးဖြတ်ရမှာဖြစ်တယ်၊ သမ္မတ ဘာရှား အယ် အာဆတ်က သူတို့ကို တားဆီးပိတ်ပင်နေလို့ မရဘူး" လို့ မစ္စတာ အိုဘားမားက ပြောခဲ့ပါတယ်။
အနောက်နိုင်ငံအများအပြားကလည်း အာဆတ်အစိုးရကို ပိတ်ဆို့အရေးယူတာတွေ စလုပ်ခဲ့ကြပါတယ်။
အတိုက်အခံတွေကို အနောက်နိုင်ငံတွေက ထောက်ခံနေတာကို ဖြတ်တောက်ဖို့နဲ့ အတိုက်အခံတွေဟာ အကြမ်းဖက်သမားတွေ (terrorists)၊ ဘာသာရေးဂိုဏ်းခွဲ စစ်သွေးကြွတွေလို့ပြောနေတဲ့ သူ့ရဲ့ စွပ်စွဲချက်တွေကို ပိုခိုင်မာသွားအောင် အာဆတ်က ထောင်ထဲမှာ ရှိနေတဲ့ အစွန်းရောက် အစ္စလာမ္မစ် တွေကို လွှတ်ပေး လိုက်ပါတယ်။ အဲဒီ အစ္စလာမ္မစ်တွေက ပြန့်ကျဲနေတဲ့ သူပုန် အဖွဲ့တွေနဲ့ သွားပေါင်း ပါတယ်။
၂၀၁၂ အတွင်းမှာတော့ နိုင်ငံမြောက်ပိုင်း ကာ့ဒ်တွေအများစုနေထိုင်ရာဒေသမှာ နေရာချထားတဲ့ အစိုးရတပ်ဖွဲ့တွေပြန်ဆုတ်လာပြီး နိုင်ငံအနှံ့အပြားက သူပုန်အဖွဲ့ တွေကို နှိမ်နင်းပါတယ်။ အဲဒီအခြေအနေမှာ ကာ့ဒ် လက်နက်ကိုင်တွေက အဲဒီ ဒေသကို ထိန်းချုပ်လိုက်ပါတယ်။ အဲဒီအဖြစ်က တူရကီအနေနဲ့ သူတို့ သတိထားဖို့ လှုပ်နှိုး လိုက်သလို ဖြစ်ခဲ့ပါတယ်။
၂။ ဖေဖော်ဝါရီ ၂၀၁၃ - အီရန်က ပါဝင်လာ
ဒေသတွင်းက သူ့ရဲ့ အရေးအကြီးဆုံး မဟာမိတ်ကို ကာကွယ်ဖို့အတွက် အီရန် အစိုးရဟာ အစ္စလာမ္မစ် တော်လှန်ရေး အစောင့်တပ်က အဖွဲ့ခွဲတခုဖြစ်တဲ့ ကွတ်စ် တပ်ဖွဲ့တွေ စေလွှတ်ပြီး အာဆတ်အစိုးရကို လက်နက်တွေ၊ လက်နက်ကိုင် အင်အား တွေ၊ သင်တန်းလေ့ကျင့်ပေးမှုတွေနဲ့ အကူအညီပေးခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
၂၀၁၃ ဖေဖော်ဝါရီ မှာ အီရန်ရဲ့ အစ္စလာမ္မစ် တော်လှန်ရေး အစောင့်တပ်က သူတို့ရဲ့ တပ်မှူးတယောက် ဆီးရီးယား သူပုန်တွေ သတ်ဖြတ်မှုကြောင့်သေဆုံးခဲ့ရပြီလို့ ကြေညာလိုက်တဲ့အခါကျမှ ဆီးရီးယား စစ်ပွဲမှာ အီရန်ရဲ့ ပါဝင်ပတ်သက်ကို အများက သိကြရတာပါ။
ဇွန်လထဲမှာ ကွတ်စ်၊ ဟစ်ဇ်ဘိုလာနဲ့ အီရန်က ထောက်ပံ့ပေးထားတဲ့ တခြားအဖွဲ့တွေ အကူအညီနဲ့ ဆီးရီးယား အစိုးရတပ်ဟာ လက်ဘနွန်နယ်စပ်က ကူစဲလ်မြို့ကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။
၃။ သြဂုတ် ၂၀၁၃ - ဆာရင်း ဓာတ်ငွေ့ သုံးပြီး တိုက်ခိုက်
၂၀၁၃ သြဂုတ်လ ၂၁ ရက်နေ့မှာ ဒမားစကတ် တဝိုက်မှာရှိတဲ့ ဂိုတာ စိုက်ပျိုးရေး နယ်တကြောက တိုက်ခိုက်မှုတခုမှာ နာဗ်ကြောထိခိုက်တဲ့ ဆာရင်းဓာတ်ငွေ့ကို အသုံးပြုတာတွေ့ရပါတယ်။ အရပ်သားတွေ အပါအဝင် ရာနဲ့ချီတဲ့ လူတွေ အသက် ဆုံးရှုံး ခဲ့ရပါတယ်။
ဒီတိုက်ခိုက်မှုဟာ စစ်ရာဇဝတ်မှုမြောက်တယ်လို့ သူယုံကြည်တဲ့အကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက လုံခြုံရေးကောင်စီကို ပြောခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အမေရိကန် သမ္မတ အိုဘားမားက ဓာတု ဒါမှမဟုတ် ဇီဝ လက်နက်တွေ သုံးမယ် ဆိုရင် ဒါဟာ သူတို့အတွက် အနီရောင်စည်းဖြစ်မယ်လို့ ၂၀၁၂ တုန်းက ပြောခဲ့တာမို့ ဂိုတာ တိုက်ခိုက်ခံရမှုနောက်ပိုင်း ဆီးရီးယားမှာ အမေရိကန်ရဲ့ ဝင်ရောက် စွက်ဖက်မှု လာတော့မယ်လို့ အများက မှန်းဆခဲ့ကြပါတယ်။
ဒါပေမဲ့ အိုဘားမားအစိုးရဟာ အာဆတ်ရဲ့ ခိုင်မာတဲ့ မဟာမိတ်ဖြစ်တဲ့ ရုရှားနဲ့ ညှိကာ ဆီးရီးယားက ဓာတုလက်နက်တွေကို ဖယ်ရှားပစ်ဖို့ပဲ လုပ်ခဲ့ပါတယ်။
ဒီလိုလုပ်တာကြောင့် အမေရိကန်ဟာ ဆီးရီးယားမှာ ဝင်မပါလိုဘူး၊ သူတို့နဲ့ အဲဒီ တုန်းက နျူကလီးယားအရေး ညှိနှိုင်းနေတဲ့ အီရန်နဲ့ တင်းမာမှုတွေဖြစ်လာမှာကို ရှောင်လွှဲချင်လို့ ဝင်မပါချင်တာလို့ ဆိုတဲ့ စွပ်စွဲမှုတွေ ထွက်ခဲ့ပါတယ်။
၄။ အစ္စလာမ္မစ် နိုင်ငံအဖွဲ့ (IS) က ရက်ကာမြို့ကို သိမ်းယူ
၂၀၁၃ မှာ အီရတ်နဲ့ လက်ဗန့် ဒေသ (Levant) က ဂျီဟတ်အဖွဲ့ အစ္စလာမ္မစ်နိုင်ငံ အဖွဲ့ IS က (အဲဒီအဖွဲ့ကို ISIS သို့မဟုတ် ISIL သို့မဟုတ် Daesh လို့လည်း ခေါ်ကြ) ဆီးရီးယားနိုင်ငံ၊ ရက်ကာမြို့မှာရှိတဲ့ အတိုက်အခံ လက်နက်ကိုင်အဖွဲ့ တွေကို စပြီး တိုက်ခိုက်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
၂၀၁၄ ဇန်နဝါရီမှာတော့ သူတို့ဟာ အယ်ဟာ အရှမ်၊ အယ် နပ်စ်စရာ အဖွဲ့တွေ အပါ အဝင် တခြား အစ္စလာမ္မစ် အဖွဲ့တွေကို ရက်ကာမြို့ကနေ တိုက်ထုတ်လိုက်ပြီး သူတို့ ကယ်လီဖိတ်ရဲ့ မြို့တော် - the capital of their caliphate အဖြစ် ကြေညာခဲ့ ပါတယ်။
အစ္စလာမ္မစ်နိုင်ငံအဖွဲ့ (IS) ဟာ သူတို့ အင်အား အထွားဆုံးအချိန်ကာလမှာ ဆီးရီးယား နိုင်ငံရဲ့ ၃ ပုံ ၁ ပုံကို သိမ်းထားနိုင်ပြီး တိုက်ခိုက်ရေး အင်အား ၃၀,၀၀၀ အထိ ရှိလာတယ်လို့ ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ - Syrian Observatory for Human Rights က ဆိုပါတယ်။
ဒီအဖွဲ့ဟာ ပတ်ဝန်းကျင်နိုင်ငံတွေနဲ့ ဥရောပတို့မှာ တိုက်ခိုက်မှုတွေ လုပ်ခဲ့ပြီး လူအတော်များများကို သတ်ဖြတ်ခဲ့ပါတယ်။
၅။ စက်တင်ဘာ ၂၀၁၄ - ကိုဘန်နီမြို့ကို သိမ်းခြင်း
၂၀၁၄ စက်တင်ဘာလထဲမှာ ဆီးရီးယားမှာရှိတဲ့ အစ္စလာမ္မစ်နိုင်ငံ (IS) အဖွဲ့က နိုင်ငံမြောက်ပိုင်းမှာ တူရကီနယ်စပ်နဲ့ ကပ်ရပ်က ကိုဘန်နီမြို့ကို သိမ်းယူပါတယ်။
အဲဒီအဖွဲ့ကို ပစ်မှတ်ထားတဲ့ အမေရိကန်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်လာခဲ့ပြီး အိုဘားမား အစိုးရဟာ ကာ့ဒ်ပြည်သူများ ကာကွယ်ရေး အဖွဲ့ (YPG) ကို တိုက်ရိုက် စစ်ရေးထောက်ပံ့မှုတွေ စတင်ပေးခဲ့ပါတယ်။ ကာ့ဒ်ပြည်သူများ ကာကွယ်ရေး အဖွဲ့ (YPG) ဟာ IS အဖွဲ့ကို ကိုဘန်နီကနေ တိုက်ထုတ်ပြီး တူရကီနယ်စပ်အထိ ရှေ့တိုး သွားခဲ့ပါတယ်။ နောက်တော့ တောင်ပိုင်းကို ဆင်းလာပြီး သူတို့ ရက်ကာမြို့ကို သိမ်း ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကာ့ဒ်ပြည်သူများ ကာကွယ်ရေး အဖွဲ့ (YPG)ကို အကြမ်းဖက်အဖွဲ့အစည်း terrorist group အဖြစ် တူရကီက သဘောထားပါတယ်။ ဒီအဖွဲ့ဟာ တူရကီမှာ ဆယ်စု နှစ်ပေါင်းများစွာ ကာ့ဒ်ကိုယ်ပိုင်အုပ်ချုပ်ရေး အတွက် တိုက်ပွဲဝင်နေတဲ့ ကာ့ဒ် အလုပ်သမားပါတီ (PKK) ရဲ့ လက်တံအဖွဲ့အစည်းတခုသာဖြစ်တယ်လို့ သူတို့က မှတ်ယူထားပါတယ်။
တူရကီနယ်စပ်မှာ ကာ့ဒ်ပြည်သူများ ကာကွယ်ရေး အဖွဲ့ (YPG) အင်အားကြီးလာတာ၊ IS ကိုတိုက်ခိုက်တဲ့အတွက် နိုင်ငံတကာက အကူအညီတွေ ရနေတာ စတာတွေအပေါ် တူရကီက စိတ်ပူလာပါတယ်။
တူရကီဟာ ဆီးရီးယားမှာ ရှိတဲ့ IS နဲ့ အီရတ်မြောက်ပိုင်းက PKK တွေကို ပစ်မှတ်ထားတဲ့ စစ်ဆင်ရေးတွေ စတင်လုပ်ပါတယ်။ တချိန်တည်းမှာပဲ IS တွေကို တိုက်ခိုက်တဲ့ အမေရိကန်တွေအတွက် စစ်စခန်းတခုကို နိုင်ငံတောင်ပိုင်းက အင်စာလစ်ခ် မှာ ထူထောင်ဖို့ ခွင့်ပြုလိုက်ပါတယ်။
သူတို့ဟာ ၂၀၁၆၊ ၂၀၁၈၊ ၂၀၁၉ နှစ်တွေ အတွင်းမှာ ဆီးရီးယားနယ်စပ်ကို ကျော်ပြီး YPG တွေကို တိုက်ခိုက်ဖို့ စစ်ဆင်ရေးကြီးတွေ လုပ်ခဲ့ပါတယ်။
၆။ စက်တင်ဘာ ၂၀၁၅ - စစ်ပွဲမှာ ရုရှားက တိုက်ရိုက်ပါဝင်စွက်ဖက်
စစ်ပွဲရဲ့ စတုတ္တမြောက်နှစ်မှာ ရုရှားက ဆီးရီးယား အစိုးရတပ်တွေကို ထောက်ခံပြီး လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာတွေ စတင်လုပ်လာခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဘီဘီစီနဲ့ အင်တာဗျူးတခုမှာ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က "ဆီးရီးယားက ဂျီဟတ်ဝါဒီတွေဟာ ရုရှားအတွက်လည်း ခြိမ်းခြောက်မှုဖြစ်နေတယ်၊ ဒီအဖွဲ့တွေကို တားဆီးဖို့ သူတို့ စစ်ပွဲထဲကို ဝင်လိုက်တာ" လို့ ပြောပါတယ်။
၂၀၁၅ နိုဝင်ဘာလ ၂၄ ရက်နေ့မှာ တူရကီလေကြောင်းပိုင်နက်ကို ကျူးကျော်လာ တယ်လို့ ဆိုတဲ့ ရုရှား တိုက်လေယာဉ်တစီးကို တူရကီ တိုက်လေယာဉ်တွေက ပစ်ချ လိုက်ပါတယ်။
မော်စကိုနဲ့ အင်ကာရာကြား လပေါင်းများစွာ တင်းမာမှုတွေ ဖြစ်ခဲ့ပြီးတဲ့နောက် သမ္မတ ပူတင်ဆီကို တူရကီ သမ္မတ အာဒိုဝမ်က တောင်းပန်တဲ့စာ ပေးပို့ခဲ့ပါတယ်၊ အဲဒီနောက် ခေါင်းဆောင် ၂ ယောက်အကြား ပြန်လည်ဆက်ဆံမှုတွေ ပြန်စခဲ့ပါတယ်။
အဲဒီနှစ်ကုန်ပိုင်းမှာ ဗုံးဒဏ်ကြောင့် တမြို့လုံးနီးပါး ပျက်စီးနေပြီဖြစ်တဲ့ အလက်ပိုမှာ အပစ်အခတ်ရပ်စဲရေး ကြေညာကြပါတယ်။ အတိုက်အခံအဖွဲ့တွေက တူရကီ နယ်စပ်နားက အစ်လစ်ဘ်မြို့ကို ဆုတ်သွားပါတယ်။ အာဆတ်က အလက်ပိုကို ပြန်သိမ်းနိုင်တာဟာ စစ်ပွဲရဲ့ အပြောင်းအလဲ အချိုးအကွေ့ပဲလို့ မှတ်ယူခဲ့ပါတယ်။
အာဆတ်အစိုးရကို ရုရှားက စစ်ရေးအထောက်အပံ့တွေ ဆက်ပေးခဲ့ပါတယ်၊ ဒါပေမဲ့ ယူကရိန်းစစ်ပွဲဖြစ်လာတဲ့အခါမှာတော့ အဲဒီ အကူအညီတွေက တဖြည်းဖြည်း အား ပျော့ သွားပါတယ်။
၇။ ရွှေ့ပြောင်းထွက်ခွာသူများ အကျပ်အတည်း
မြေပြင်မှာ ပြည်တွင်းစစ်နဲ့ အမေရိကန်၊ ရုရှား၊ အီရန်၊ တူရကီ၊ ပင်လယ်ကွေ့ နိုင်ငံတွေရဲ့ တဆင့်ခံ စစ်ပွဲတွေကြောင့် ဆီးရီးယားကနေ လူတွေ အမြောက်အများ ဒုက္ခသည်တွေအဖြစ် နိုင်ငံပြင်ပကို ထွက်ပြေးကြရပါတယ်။
ဆီးရီးယားက ထွက်ပြေးလာတဲ့ အတိုက်အခံတွေနဲ့ အရပ်သားတွေကို တူရကီက 'တံခါးဖွင့် ပေါ်လစီ' ကျင့်သုံးပြီး လက်ခံပါတယ်။ တူရကီမှာ နေထိုင်နေတဲ့ ဆီးရီးယား ဒုက္ခသည် ၃ သန်းကျော် ရှိပါတယ်၊ ဒီပမာဏဟာ ကမ္ဘာမှာ နိုင်ငံတခုကနေ လက်ခံ ထားတဲ့ ဒုက္ခသည်တွေထဲ အရေအတွက် အများဆုံးပါ။
အိမ်နီးချင်း လက်ဘနွန်နဲ့ ဂျော်ဒန်တို့ကလည်း ဆီးရီးယား ဒုက္ခသည်တွေကို သိန်းနဲ့ ချီပြီး လက်ခံထားပါတယ်။
၂၀၁၅ မှာ ဆီးရီးယားတွေဟာ ဥရောပမှာ ခိုလှုံဖို့ စကြိုးစားခဲ့ပြီး တူရကီကနေ ရွှေ့ပြောင်းဝင်ရောက်သူတွေ အများအပြားဟာ အေဂျီယံပင်လယ်ကို ဖြတ်ပြီး ဂရိကို သွားခဲ့ကြပါတယ်။
နိုင်ငံတကာ ရွှေ့ပြောင်းဝင်ရောက်သူများ အဖွဲ့အစည်း (International Organization for Migration – IOM) ရဲ့ ၂၀၁၅ က ဒေတာတွေအရ တူရကီကနေ ဂရိကို တရားမဝင်ရွှေ့ပြောင်းလာသူ ၈၂၁,၀၀၀ ကျော်ရှိခဲ့ပြီး ပင်လယ်ခရီးမှာ လူ ၇၀၆ ယောက် အသက်ဆုံးခဲ့ရပါတယ်။
တူရကီရဲ့ တိုးရစ်မြို့ ဘိုဒရမ်က ကမ်းခြေမှာ လာတင်တဲ့ အသက် ၃ နှစ်အရွယ် ကလေးငယ် အေလမ် ကာဒီရဲ့ ရုပ်အလောင်း ပုံရိပ်က ကမ္ဘာ့မီဒီယာတွေကို ပျံ့နှံ့ခဲ့ပြီး ဆီးရီးယား အရေးရဲ့ နာကျင်စရာတွေကို အများပြည်သူ အမှတ်ရစေခဲ့ပါတယ်။
ရွှေ့ပြောင်းဝင်ရောက်သူတွေကို ထိန်းချုပ်ဖို့ ဥရောပ သမဂ္ဂနဲ့ တူရကီတို့ဟာ ၂၀၁၆ မတ်လမှာ သဘောတူညီမှုရခဲ့ပါတယ်၊ ဒါပေမဲ့ ဥရောပ သမဂ္ဂဘက်က လိုက်နာရမယ့် ကိစ္စတွေကို မလုပ်ခဲ့ဘူးလို့ အင်ကာရာက ဆိုကာ ရွှေ့ပြောင်းသူတွေ သွားနိုင်ဖို့ သူ့နယ်စပ် တွေကို ဖွင့်ပေးမယ်လို့ ခြိမ်းခြောက်တဲ့အတွက် ဒေသအတွင်း တင်းမာမှု တွေ ဖြစ်ခဲ့ပါတယ်။
၈။ မေ ၂၀၁၇ - ပဋိပက္ခ အရှိန်လျှော့ချရေးဇုန်တွေကို အစ်လစ်ဘ်မှာ ဖော်ဆောင်လာ
ရုရှား၊ အီရန်၊ တူရကီတို့ဟာ ၂၀၁၇ မေလအတွင်း ကာဇက်စတန်နိုင်ငံမြို့တော် အက်စ်တန်နာမှာ အစည်းအဝေးထိုင်ပြီး အတိုက်အခံတို့ ထိန်းချုပ်ရာဧရိယာတွေမှာ ပဋိပက္ခအရှိန် လျှော့ချရေးဇုန် ၄ ဇုန် လုပ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
ပထမဆုံးလုပ်မှာက အစ်လစ်ဘ်ပြည်နယ်မှာဖြစ်ပြီး ဒုတိယက ရက်စ်တန်နဲ့ တဲလ်ဘစ်ဆာ၊ တတိယက ဂိုတာ အရှေ့ပိုင်း၊ စတုတ္တက ဒါရာနဲ့ ကုနစ်ထရာတို့မှာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
၂၀၁၈ ဇူလိုင်မှာ အဲဒီဒေသတွေက ထောင်ပေါင်းများစွာသော တိုက်ခိုက်ရေး သမား တွေနဲ့ သူတို့ရဲ့ မိသားစုတွေကို ဘတ်စ်ကားတွေနဲ့ တင်ပြီး အစ်လစ်ဘ်ကို ပို့ကာ နိုင်ငံရဲ့ အနောက်မြောက်ပိုင်းမှာသာ သူပုန်အဖွဲ့ အခြေစိုက်စခန်းတွေ ကျန်ရှိစေဖို့ လုပ်လိုက် ပါတယ်။
၂၀၁၈ စက်တင်ဘာမှာ ရုရှား၊ အီရန်နဲ့ တူရကီကို သဘောတူလက်မှတ်ရေးထိုးပြီး အစ်လစ်ဘ်ထဲမှာ အတိုက်အခံတပ်ဖွဲ့တွေနဲ့ ဆီးရီးယား စစ်တပ်အကြား ကြားခံဇုန် တခု ထူထောင်ဖို့အတွက် စောင့်ကြည့်ရေးဂိတ်နေရာတွေကို ပြုလုပ်ကြပါတယ်။
ဆီးရီးယားအစိုးရတပ်က အစ်လစ်ဘ်မှာ မထိန်းချုပ်နိုင်တော့တဲ့အချိန် ၂၀၁၅ မှာ ကတည်းက အဲဒီဒေသကို ပြိုင်ဘက် အတိုက်အခံအဖွဲ့အစည်းတချို့က ထိန်းချုပ် နေတာပါ။
၉။ ဒီဇင်ဘာ ၂၀၁၈ - IS တို့ သူတို့နယ်မြေတွေကို ဆုံးရှုံးသွားပြီလို့ အမေရိကန်က ကြေညာ
၂၀၁၈ ဒီဇင်ဘာလထဲမှာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဆီးရီးယားထဲမှာ IS တို့ ထိန်းချုပ်နိုင်တဲ့ နယ်မြေ လုံးဝမရှိတော့ဘူးလို့ ကြေညာခဲ့ပါတယ်။
ဆီးရီးယားကနေ အမေရိကန် တပ်ဖွဲ့ဝင် ၂,၀၀၀ ပြန်ဆုတ်ကြဖို့ သူက အမိန့်ပေးခဲ့ပေမဲ့ အဆုံးမှာတော့ အဲဒီအရေအတွက်ရဲ့ တဝက်ကိုသာ သူပြန် ခေါ်နိုင်ခဲ့ပါတယ်။ အခု အချိန်အထိ ဆီးရီးယားနိုင်ငံအတွင်းမှာ အမေရိကန် တပ်ဖွဲ့ဝင် ၉၀၀ နီးပါး ရှိနေ ပါသေးတယ်။
IS တို့ရဲ့ ဆီးရီးယားအတွင်း နောက်ဆုံးလက်ကျန် အခြေစိုက်နေရာက ဘာဂူစ်မြို့ ဖြစ်ခဲ့ပြီး ၂၀၁၉ ဖေဖော်ဝါရီမှာ ကာ့ဒ်တွေ ဦးဆောင်တဲ့ ဆီးရီးယား ဒီမိုကရက်တစ် တပ်ဖွဲ့ (Syrian Democratic Forces - SDF)က အဲဒီမြို့ကို သိမ်းယူလိုက်ပါတယ်။
၁၀။ မီးစိမ်းပြတာကို အာဆတ်က ရခဲ့
အစ္စလာမ္မစ်နိုင်ငံ (IS) အဖွဲ့ အကြီးအကျယ်ချေမှုန်းခံရပြီးတဲ့နောက် အာရပ် နိုင်ငံတွေ၊ (နောက်ပိုင်းမှာတော့) အနောက်နိုင်ငံတွေဟာ သမ္မတ အာဆတ်နဲ့ သူ့ရဲ့ ဘတ်ပါတီ အပေါ် သဘောထားတွေ စပြီးပြောင်းလာပါတယ်။
အိုမန်၊ ဂျော်ဒန်၊ ယူအေအီး အာရပ်စော်ဘွားများနိုင်ငံ၊ ဘာရိန်းနိုင်ငံတို့က ဒမားစကတ်နဲ့ သံတမန်လမ်းကြောင်းတွေ ပြန်ဖွင့်ပြီး သံအမတ်တွေကို စေလွှတ်ခဲ့ကြပါတယ်။ တူရကီနဲ့ ဆီးရီးယား ထောက်လှမ်းရေး အကြီးအကဲတွေ မော်စကိုမှာ တွေ့ခဲ့ကြပြီး အကြမ်းဖက်အဖွဲ့အစည်းတွေကို ပူးပေါင်းစစ်ဆင်ကြဖို့ တိုင်ပင်ခဲ့ကြပါတယ်။
ပြည်တွင်းစစ်က ၁၀နှစ်ပြည့်မြောက်လာတဲ့ အချိန်မှာ သမ္မတ အာဆတ်က ရုရှားရဲ့ အကူအညီနဲ့ ဆီးရီးယား စစ်တပ်ကို သူအင်အားမြှင့်တင်မယ်လို့ ကြေညာပါတယ်။
အာဆတ်ဟာ ရုရှားနဲ့ အီရန်ကို အကြီးအမား မှီခိုနေရပေမဲ့လည်း ၄ ပိုင်းကွဲနေတဲ့ သူ့နိုင်ငံမှာ အာဏာဆက်ကိုင်ထားနိုင်ပုံ ရခဲ့ပါတယ်။
၁၁။ မေ ၂၀၂၃ - အာရပ်အဖွဲ့ချုပ် ညီလာခံကို အာဆတ် တက်ရောက်ခဲ့
ဆီးရီးယားဟာ အာရပ်အဖွဲ့ချုပ် စတင်ထူထောင်တဲ့နိုင်ငံတွေထဲက တခုဖြစ်ပေမဲ့ သူ့ရဲ့ အဖွဲ့ဝင်ဖြစ်မှုက ၂၀၁၁ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို နှိပ်ကွပ်ချိန်ကတည်းက ရပ်ဆိုင်းခံခဲ့ရပါတယ်။
အာရပ်အဖွဲ့ချုပ်နဲ့ ၁၂ နှစ်ကြာ တသီးတခြား ရှိနေခဲ့ရပြီးတဲ့နောက် သမ္မတ ဘာရှား အယ် အာဆတ်ဟာ ဆော်ဒီအာရေးဗီးယားက ဂျက်ဒါမြို့မှာ လုပ်တဲ့ အာရပ်အဖွဲ့ချုပ် ညီလာခံကို ဖိတ်ခေါ်ခံခဲ့ရပါတယ်။
ဒမားစကတ်နဲ့ ပတ်သက်ပြီး ဆော်ဒီအာရေးဗီးယားရဲ့ သဘောထား အပြောင်းအလဲ ကြောင့် အခုလို ဖြစ်လာတာပါ။

ဓာတ်ပုံ ရင်းမြစ်, Getty Images
၂၀၁၂ မှာ ဆော်ဒီဟာ သူတို့နဲ့ အာဆတ် အစိုးရတို့ ဆက်ဆံရေးဖြတ်ခဲ့ပြီး အာဆတ်ကို ဖြုတ်ချဖို့ လူသိရှင်ကြား ဆော်သြခဲ့ကာ စစ်ပွဲရဲ့ အစပိုင်းမှာ ဆီးရီးယား သူပုန်တွေကို ထောက်ပံ့ခဲ့ပါတယ်။
ဒါပေမဲ့ ၂၀၂၃ မှာ ဆော်ဒီနဲ့ အီရန်ကြား ပြန်လည်ရင်ကြားစေ့ခဲ့ပြီးတဲ့နောက် ဆော်ဒီနဲ့ ဆီးရီးယားကြားလည်း ပြန်လည်ဆက်ဆံလာခဲ့ပါတယ်။
အာရပ်အဖွဲ့ချုပ် ထိပ်သီးညီလာခံအတွင်း အာဆတ်က မိန့်ခွန်းပြောရာမှာ ဒေသတွင်းက အကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ ဒီညီလာခံဟာ 'သမိုင်းဝင် အခွင့်အလမ်း' ဖြစ်တယ်၊ အာရပ်တို့ သွေးစည်းညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် အဆင့်သစ် တခုဖြစ်တယ်လို့ ထည့်သွင်းပြောခဲ့ပါတယ်။
၁၂။ အောက်တိုဘာ ၂၀၂၃ - အစ္စရေးကို ဟားမတ်စ်က တိုက်ခိုက်
၂၀၂၃ အောက်တိုဘာ ၇ ရက်နေ့မှာ အစ္စရေးကို ဟားမတ်စ်ရဲ့ တိုက်ခိုက်မှုနဲ့ နောက်ဆက်တွဲဖြစ်လာတဲ့ ဂါဇာကို အစ္စရေးတို့ စစ်ပြုမှုက ဒေသတွင်းက အပြောင်းအလဲ လှုပ်ရှားမှုဒိုင်နမစ်ကို လှုပ်ခါလိုက်ပြီး အစ္စရေးနဲ့ အာရပ် နိုင်ငံတွေအကြား ပုံမှန်အနေအထားကို ပြန်သွားရေး လုပ်ငန်းစဉ်တွေကို ရပ်သွားစေပါတယ်။
ဂါဇာ စစ်ပွဲအပြင် လက်ဘနွန်မှာ အီရန်က ထောက်ပံ့ပေးထားတဲ့ လက်နက်ကိုင် အဖွဲ့တွေနဲ့ ဟစ်ဇ်ဘိုလာတို့အပေါ် အစ္စရေးရဲ့ တိုက်ခိုက်ခဲ့မှုတွေက အထိအခိုက် အကြီးအမား ဖြစ်ခဲ့ပါတယ်။
ပါဝါထိန်းညှိမှု ပြောင်းလဲလာတာနဲ့ အတူ ဒေသတွင်းမှာ အီရန်ရဲ့ ထိန်းကိုင်နိုင်မှုက အားပျော့လာပါတယ်။
ဆီးရီးယား ပြည်တွင်းစစ်အတွင်း ဘတ်ပါတီ ဆက်ပြီးရှင်သန်လှုပ်ရှားနိုင်စေတဲ့ အဓိက အကြောင်းရင်းတွေထဲမှာ အီရန်က တခု အပါအဝင်ပါ။
၁၃။ နိုဝင်ဘာ ၂၀၂၄ - HTS ရဲ့ လျှပ်ပြက်သလိုမြန်တဲ့ ထိုးစစ်
ဂျီဟတ်ဝါဒီ HTS တို့ဦးဆောင်တဲ့ အစ္စလာမ္မစ် စစ်သွေးကြွတွေဟာ နိုဝင်ဘာလ ၂၇ ရက်နေ့မှာ ဆီးရီးယား အစိုးရကို လျှပ်တပြက် ထိုးစစ်ဆင်နွှဲခဲ့ကြပါတယ်။
နိုင်ငံတကာအသိုင်းအဝိုင်းတခုလုံးက အံ့သြသွားရလောက်အောင် သူတို့ဟာ ရက်ပိုင်းအတွင်း အလက်ပိုနဲ့ ဟာမာမြို့တွေကို သိမ်းနိုင်ခဲ့ကာ ဒီဇင်ဘာ ၈ ရက်မှာ တော့ ဟွမ်းစ်နဲ့ မြို့တော် ဒမားစကတ်ကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။

ဒမားစကတ် "လွတ်မြောက်ပြီ" လို့ သူပုန်အဖွဲ့တွေက ရုပ်မြင်သံကြားကနေ ထုတ်ပြန် ကြေညာခဲ့ပြီး ဘာရှား အယ် အာဆတ်ရဲ့ ၂၄ နှစ်ကြာ အာဏာပိုင်စိုးမှု အဆုံးသတ် ခဲ့ပါပြီ။
အာဆတ် သူ့ရဲ့ ရုံးနဲ့ ဆီးရီးယားကနေ ထွက်ခွာသွားပြီ၊ အာဏာကို ငြိမ်းငြိမ်းချမ်းချမ်း လွှဲပြောင်းပေးဖို့ သူ အမိန့်ပေးခဲ့ပြီ၊ သူနဲ့ သူ့မိသားစုကို မော်စကိုမှာ ခိုလှုံခွင့် ပေးလိုက်တယ်လို့ ရုရှားနိုင်ငံပိုင် တီဗီက သတင်း ထုတ်ပြန်ခဲ့ပါတယ်၊
ဆီးရီးယား ဝန်ကြီးချုပ် မိုဟာမက် ဂါဇီ အယ် ဂျယ်လာလီက "ဆီးရီးယား ပြည်သူ တွေ ရွေးချယ်လိုက်တဲ့ မည်သည့်ခေါင်းဆောင်ကို မဆို" ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ပဲ လို့ ကြေညာခဲ့ပါတယ်။
တနင်းလာနေ့မှာတော့ HTS တို့ အုပ်ချုပ်တဲ့ အစ်လစ်ဘ်က ထိပ်တန်းအရာရှိ တယောက် ဖြစ်တဲ့ မိုဟာမက် အယ် ဘာရှားနဲ့ သူ့ကို အစားထိုးလိုက်ပြီလို့ ဒေသတွင်း သတင်းတွေက ဖော်ပြပါတယ်။
အရင်တုန်းက နပ်စ်စရာ တပ်ဦး (Nusra Front) လို့ အသိများခဲ့တဲ့ HTS ဟာ ၂၀၁၆ မှာ သူတို့ အယ်ခိုင်းဒါးနဲ့ အဆက်အသွယ်ဖြတ်လိုက်ကြောင်းနဲ့ သူတို့မှာ ကမ္ဘာလုံး ဆိုင်ရာ ဂျီဟတ် ရည်ရွယ်ချက် မရှိကြောင်း ကြေညာခဲ့ပါတယ်၊ ဒါပေမဲ့ ကုလသမဂ္ဂ၊ အမေရိကန်နဲ့ တူရကီတို့က သူတို့ကို အကြမ်းဖက်အဖွဲ့အစည်း (terrorist organisation) အဖြစ် သတ်မှတ်ထားဆဲပါ။

ဓာတ်ပုံ ရင်းမြစ်, Getty Images
သူတို့ခေါင်းဆောင် အဘူ မိုဟာမက် အယ် ဂျိုလန်နီက သူ့ရဲ့ ဂျီဟတ်ဝါဒီ အတိတ်ကို ဖြတ်တောက်လိုက်ပြီး သူ့ မူရင်းနာမည် အာမက် အယ် ရှာရာဆိုတဲ့ အမည်ကို ပြန်စ သုံးပါတယ်။
ဆီးရီးယားမှာ ထူထောင်မယ့် အစိုးရသစ်ဟာ ပျက်ယွင်းနေတဲ့ နိုင်ငံ့စီးပွားရေးကနေ အခြေခံအဆောက်အအုံ ပြဿနာတွေ အဆုံး ဖြေရှင်းရမယ့် စိန်ခေါ်မှုများစွာကို ရင်ဆိုင် ရမှာပါ။
အကျိုးစီးပွားမတူကြတဲ့ အမေရိကန်၊ ရုရှား၊ ဒေသတွင်း သြဇာကြီးနိုင်ငံတွေ ရဲ့အလယ်မှာရှိနေပြီး၊ စင်ပြိုင်ဖြစ်နေကြတဲ့ နိုင်ငံတွင်းက လက်နက်ကိုင် အုပ်စုတွေ အကြား ထိန်းညှိသွားရမယ့် ဆီးရီးယား ရှေ့ရေးဟာ ရှေ့မှာ တည်ငြိမ်ပါ့မလား ဆိုတာ ကိုလည်း အများက စိုးရိမ်နေကြရပါတယ်။









