IS မိသားစုဝင်တွေက ကလေးတွေ နိုင်ငံမဲ့ဖြစ်မှာ ကုလစိုးရိမ်

IS ၊ ကုလသမဂ္ဂ၊ လူ့အခွင့်အရေး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းက အယ်လ်ဟို စခန်းမှာ IS လက်နက်ကိုင်တွေရဲ့ မိသားစုဝင် ထောင်ပေါင်းများစွာကို ထိန်းသိမ်းထား

ဆီးရီးယားနိုင်ငံမှာ ရှိနေတဲ့ IS အစ္စလာမစ်နိုင်ငံ အဖွဲ့ဝင် နိုင်ငံခြားသား လက်နက်ကိုင်တွေနဲ့ မိသားစုဝင်တွေကို သူတို့ရဲ့ မူရင်းတိုင်းပြည် အစိုးရတွေက တာဝန်ယူကြဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး က တောင်းဆိုလိုက်ပါတယ်။

နိုင်ငံပေါင်း ၅၀ က နိုင်ငံခြားသား IS လက်နက်ကိုင် ငါးသောင်း ငါးထောင်လောက် ဆီးရီးယားနိုင်ငံမှာ ရှိနေတယ်လို့ ခန့်မှန်းရပါတယ်။ သူတို့ရဲ့ မိသားစုဝင် တစ်သောင်း တစ်ထောင်လောက်ကတော့ အယ်လ်ဟို စခန်းမှာ ထိန်းသိမ်းခံထားရပြီး အဲဒီထဲမှာ အမျိုးသမီးတွေ ကလေးငယ်တွေ အဓိက ပါဝင်ပါတယ်။

သူတို့နေနေရတဲ့ အခြေအနေက သိပ်ကိုဆိုးဝါးတယ်လို့ ကယ်ဆယ်ရေး အေဂျင်စီတွေက အကြိမ်ကြိမ် ပြောနေပါတယ်။

ဂျီနီဗာမြို့မှာ ဇွန်လ ၂၄ ရက်နေ့က စတင် ကျင်းပတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ ကုလသမဂ္ဂ လူ့အခွင့်ရေး ဆိုင်ရာ မဟာမင်းကြီး မီချဲလ် ဘက်ချလက်က အဲဒီ IS တပ်ဖွဲ့ဝင်တွေရဲ့ မူရင်းနိုင်ငံ အစိုးရတွေအနေနဲ့ သူတို့ရဲ့ နိုင်ငံသားတွေအတွက် တာဝန်ယူကြဖို့နဲ့ အဲဒီလူတွေရဲ့ မိသားစုတွေကို နေရပ်တိုင်းပြည် ပြန်ခေါ်ဖို့ တောင်းဆိုလိုက်တာပါ။

"နိုင်ငံအစိုးရတွေအနေနဲ့ သူတို့ရဲ့ နိုင်ငံသားတွေအတွက် တာဝန်ယူဖို့ သိပ်ကို အရေးကြီးပါတယ်။ တကယ်လို့ ကိုယ့်နိုင်ငံသားက တခြားတိုင်းပြည်တစ်ခုမှာ ဆိုးဝါးတဲ့ ရာဇဝတ်မှု ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံရရင် အဲဒီလူတွေကို နိုင်ငံတကာ ဥပဒေနဲ့အညီ ကိုင်တွယ် အရေးယူတာမျိုး ဖြစ်အောင် နိုင်ငံအစိုးရက အတတ်နိုင်ဆုံး ကြိုးစား ဆောင်ရွက်ဖို့ လိုပါတယ်။ IS အဖွဲ့ဝင်တွေလို့ စွပ်စွဲခံထားရသူတွေရဲ့ မိသားစုဝင် ထောင်ပေါင်းများစွာဟာ ရုံးတင်စစ်ဆေး အရေးယူဖို့ မဟုတ်ပေမဲ့ အထိန်းသိမ်းခံထားရပါတယ်။ မိသားစုဝင် အတော်များများဟာ ဂလဲ့စားချေ တိုက်ခိုက်ခံရမယ့် အန္တရာယ်မျိုး ရှိနေပြီး သူတို့ရဲ့ အရင် အသိုင်းအဝိုင်းကလည်း သူတို့ကို ပြန်လက်မခံချင်တဲ့ အခြေအနေမျိုးနဲ့ ရင်ဆိုင်နေရတယ်" လို့ မီချဲလ် ဘက်ချလက် က ပြောပါတယ်။

IS ၊ ကုလသမဂ္ဂ၊ လူ့အခွင့်အရေး
ဓာတ်ပုံ ပုံစာ, အယ်လ်ဟို စခန်းက ကလေးငယ် ထောင်ပေါင်းများစွာရဲ့ ကံကြမ္မာအရေး မသေမချာ အခြေအနေမှာ ရှိနေ

အထူးသဖြင့် ကလေးငယ်တွေဟာ အယူဝါဒစွဲတွေ သွတ်သွင်း ခံရတာမျိုး၊ IS အဖွဲ့ထဲ အတင်းဝင်ခိုင်း ခံရတာမျိုးတွေကြောင့် လူ့အခွင့်အရေး ချိုးဖောက် ခံနေရပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီကလေးတွေကို နိုင်ငံမဲ့ ဖြစ်အောင် လုပ်တာမျိုးဟာ လက်လွတ်စပယ်နိုင်တဲ့ ရက်စက်မှု လုပ်ရပ် ဖြစ်တယ်လို့ မီချဲလ် ဘက်ချလက် က ပြောပါတယ်။

IS လက်နက်ကိုင်တွေနဲ့ ပတ်သက်လို့တော့ မီချဲလ် ဘက်ချလက်က အဲဒီလူတွေကို လုပ်ထုံးလုပ်နည်းအတိုင်း စုံစမ်းစစ်ဆေး၊ အရေးယူသင့်ကြောင်းနဲ့ တရားမျှတတဲ့ ကြားနာစစ်ဆေးမှုမျိုးကို တာဝန်ရှိရှိ လုပ်ဆောင်မယ် ဆိုရင် နောင်မှာ လူမှုအသိုင်းအဝိုင်းအပေါ် အစွန်းရောက် ဆန့်ကျင်မှုတွေ၊ အကြမ်းဖက်မှုတွေကနေ ကာကွယ်နိုင်မှာ ဖြစ်ကြောင်း ပြောသွားပါတယ်။

ဗြိတိန် အပါအဝင် နိုင်ငံတချို့ကတော့ သူတို့နိုင်ငံသား IS လက်နက်ကိုင်တွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို နိုင်ငံသားအဖြစ်ကနေ ရုပ်သိမ်းဖို့ စလုပ်နေပြီ ဖြစ်ပြီး သူတို့ကို ထိန်းသိမ်းထားရာ နေရာ ဖြစ်တဲ့ ဆီးရီးယား ဒါမှမဟုတ် အီရတ်နိုင်ငံမှာပဲ ရုံးတင် စစ်ဆေးပြီး ထိန်းသိမ်း အကျဉ်းချ ထားဖို့ တင်ပြထားပါတယ်။