ဆီးရီးယား ဒုတိယမြို့တော် အလက်ပို ကို သူပုန်တပ်ပေါင်းစု သိမ်းပိုက်

၈ နှစ်အကြာ အလက်ပိုထဲ ပြန်ဝင်လာနိုင်ခဲ့တဲ့ သူပုန်အုပ်စုတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၈ နှစ်အကြာ အလက်ပိုထဲ ပြန်ဝင်လာနိုင်ခဲ့တဲ့ သူပုန်အုပ်စုတွေ

ဆီးရီးယားရဲ့ ဒုတိယမြို့တော် ဖြစ်တဲ့ အလက်ပို ရဲ့ နေရာအများစုဟာ သူပုန်တွေရဲ့ လက်ထဲ ကျရောက်သွားပြီလို့ ဆီးရီးယား စစ်တပ်က အတည်ပြု ပြောဆိုပါတယ်။

ဆီးရီးယား စစ်တပ်ဟာ ကျဆုံးထိခိုက်မှုတွေနဲ့အတူ အလက်ပိုကနေ ဆုတ်ခွာ သွားခဲ့ရတယ်လို့ ဆိုပါတယ်။ စစ်ကူတွေ ရောက်လာချိန်ကို စောင့်ပြီး အင်အားပြန် စုစည်းနိုင်အောင် ဆုတ်ခွာခဲ့တာ ဖြစ်တယ်လို့လည်း သမ္မတ အာဆတ်ရဲ့ စစ်တပ်က ပြောပါတယ်။

အစ္စလာမ် ဘာသာရေး အခြေခံ အုပ်စု တစ်ခုဖြစ်တဲ့ HTS လက်နက်ကိုင်တွေ ဦးဆောင်တဲ့ သူပုန်တပ်ပေါင်းစုဟာ သူတို့ရဲ့ အလံကို အလက်ပို ရဲ့ အထင်ကရ သမိုင်းဝင် နေရာဖြစ်တဲ့ အလယ်ခေတ် ရှေး ခံတပ်ကြီးမှာ နိုဝင်ဘာ ၂၉ ရက်၊ သောကြာညတုန်းက လွှင့်တင်လိုက်တာ တွေ့ရပါတယ်။

နောက်တစ်ရက်၊ စနေ မနက် အစောပိုင်းမှာတော့ သမ္မတ အာဆတ်ဘက်က ကူပြီး တိုက်ခိုက် ပေးနေတဲ့ ရုရှားရဲ့ စစ်လေယာဉ်တွေ အလက်ပို မြို့ကို လာပြီး ဗုံးကြဲပါတယ်။ ဒါဟာ ၂၀၁၆ နောက်ပိုင်း ၈ နှစ် အတွင်း ပထမဆုံး အကြိမ် အလက်ပို ကို ရုရှား တိုက်လေယာဉ်တွေ ပြန်ပြီး ဗုံးကြဲ လာတာ ဖြစ်ပါတယ်။

ရုရှားနဲ့ တူရကီကြား လွန်ခဲ့တဲ့ ၅ နှစ် နီးပါးတုန်းက အပစ်ရပ် သဘောတူမှု လက်မှတ် ရေးထိုးခဲ့တဲ့ နောက်ပိုင်း အလက်ပို မှာ တိုက်ပွဲ ကြီးကြီးမားမား မရှိတော့တာ ကနေ အခု ပြန်ပြီး ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

အလက်(ပ)ပို ရဲ့ အထင်ကရ ရှေး ခံတပ်ကြီး အရှေ့ တွေ့ရတဲ့သူပုန်တပ်ဖွဲ့ဝင်တွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အလက်ပို ရဲ့ အထင်ကရ ရှေး ခံတပ်ကြီး အရှေ့ တွေ့ရတဲ့သူပုန်တပ်ဖွဲ့ဝင်တွေ
အလက်ပို နေရာ အများစုကို HTS အဖွဲ့ ဦးဆောင်တဲ့ တိုက်ခိုက်ရေးသမားတွေ ထိန်းချုပ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အလက်ပို နေရာ အများစုကို HTS အဖွဲ့ ဦးဆောင်တဲ့ တိုက်ခိုက်ရေးသမားတွေ ထိန်းချုပ်

ဆီးရီးယားရဲ့ လူ့အခွင့်အရေး ဆိုင်ရာ စောင့်ကြည့်ရေး အဖွဲ့ ဖြစ်တဲ့ ယူကေ အခြေစိုက် SOHR ရဲ့ အဆိုအရ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ နိုဝင်ဘာ ၂၇ က စလို့ အလက်ပ်ပိုမှာ တိုက်ပွဲတွေ ပြင်းထန်လာခဲ့ပြီး အရပ်သား အယောက် ၂၀ အပါအဝင် စုစုပေါင်း လူ ၃၀၀ ကျော် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အခု အလက်ပို မြို့သိမ်းတိုက်ပွဲဟာ ဆီးရီးယား အစိုးရတပ်ကို အခု နောက်ပိုင်းနှစ်တွေ အတွင်း သူပုန်တပ်တွေ ဘက်က ပထမဆုံး အကြိမ် စစ်ရေးအရ ကြီးကျယ်တဲ့ ပမာဏနဲ့ ထိုးစစ်ဆင် တိုက်ခိုက်လာတာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၈ နှစ်တုန်းကတော့ အလက်ပို ကနေ ထွက်ခွာပေးခဲ့ရတဲ့ သူပုန် တပ်ဖွဲ့ဝင် တစ်ယောက် ဖြစ်တဲ့ မိုဟာမက်ဒ် အစ်ဇို ဆိုသူက အခုလို ဇာတိ မွေးရပ်မြေ မြို့ထဲ အောင်ပွဲနဲ့ ပြန်ဝင်လာနိုင်တာ သူ့အတွက် အင်မတန် ကြီးမြတ်တဲ့ ဖြစ်ရပ်ပဲလို့ ဆိုပါတယ်။

“ဘုရားသခင်ရဲ့ နာမတော်နဲ့ တစ်နေ့မှာတော့ ယုံကြည်သူ အပေါင်းဟာ ဘုရားရဲ့ အောင်မြင်မှုကို အတူတကွ ခံစားကြရမှာ ဖြစ်တယ်။ အလက်ပို နဲ့ နှစ်များစွာ ခွဲခွာခဲ့ရပြီးတဲ့နောက် အခုလို ပြန်လည် ခြေချနိုင်တာ ဘုရားသခင် အလိုတော်အတိုင်း ကျွန်ုပ်တို့ ကြိုးပမ်းခဲ့ကြလို့ ဖြစ်တယ်။ ကျွန်ုပ်တို့ဟာ အလက်ပို သားတွေ ဖြစ်ပြီး၊ ကျွန်ုပ်တို့ရဲ့ မြေတစ်လက်မကိုမှ အဆုံးရှုံးခံမှာ မဟုတ်ဘူး” လို့ မိုဟာမက်ဒ် အစ်ဇိုက ဆိုပါတယ်။

ဆီးရီးယားသူပုန်တွေ အသာစီးရလာတဲ့ အကြောင်းရင်းခံ တစ်ခု

ဆီးရီးယားထဲက ဟစ်ဇဘိုလာတွေ လက်နက်တွေ မှောင်ခို ဆက်သွင်းနေလို့ ဆိုပြီး အစ္စရေးက လေကြောင်းကနေ တိုက်ခိုက်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဆီးရီးယားထဲက ဟစ်ဇဘိုလာတွေ လက်နက်တွေ မှောင်ခို ဆက်သွင်းနေလို့ ဆိုပြီး အစ္စရေးက လေကြောင်းကနေ တိုက်ခိုက်

ဒီအချိန်မှာပဲ၊ အစ္စရေးကလည်း သူတို့နဲ့ ဆီးရီးယား နှစ်နိုင်ငံ ထိစပ်နေတဲ့ နယ်စပ်တလျှောက် ဝင်ပေါက် ထွက်ပေါက်ထွက်ပေါက်တွေ အနီး၊ ဟစ်ဇဘိုလာ သူပုန်တွေ လက်နက်တွေ မှောင်ခိုသွင်းရာမှာ အသုံးပြုတဲ့ လမ်းကြောင်းတွေကို လေကြောင်းတိုက်ခိုက် ဖျက်စီးပစ်ခဲ့တယ်လို့ ကြေညာပါတယ်။

အဲဒီလို လက်နက်တွေ ဆက်လက်ပြီး ခိုးသွင်းနေတာဟာ အခုသီတင်းပတ် ရယူထားတဲ့ အပစ်ရပ် သဘောတူမှုကို ချိုးဖောက်တာ ဖြစ်တယ်လို့လည်း အစ္စရေးဘက်က ပြောပါတယ်။

ဆီးရီးယားထဲက ဟစ်ဇဘိုလာတွေဟာ သမ္မတ အာဆတ် အစိုးရ ကို ကူညီနေသူတွေ ဖြစ်ပါတယ်။ ဆီးရီးယား အလယ်ပိုင်း သူပုန်ထိန်းချုပ်နယ်မြေတွေကို ပြန်ရရေးမှာ ဟစ်ဇဘိုလာ အဖွဲ့ဟာ သမ္မတ အာဆတ်ရဲ့ စစ်တပ်ကို အတော်လေး အထောက်အကူ ပြုပေးခဲ့ပါတယ်။

အစ္စရေးဟာ ဆီးရီးယားထဲက ဟစ်ဇဘိုလာတွေကိုလည်း ပစ်မှတ်ထား ချေမှုန်းနေပြီး၊ အဲဒီအချက်ကြောင့် ဆီးရီးယား မြောက်ပိုင်းမှာ သူပုန်တပ်ဖွဲ့တွေဟာ နယ်မြေတွေ ပြန်လည် ရရှိနေတာ ဖြစ်တယ်လို့ အကဲခတ်တွေက ပြောကြပါတယ်။

၂၀၁၁ ကတည်းက စခဲ့တဲ့ ဆီးရီးယား ပြည်တွင်းစစ်

သူပုန်တွေရဲ့ နောက်ဆုံးလက်ကျန် ခြေကုပ်မြို့ အစ်လစ်(ပ)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, သူပုန်တွေရဲ့ နောက်ဆုံးလက်ကျန် ခြေကုပ်မြို့ အစ်လစ်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဆီးရီးယား နိုင်ငံမှာ ဒီမိုကရေစီ တောင်းဆို ဆန္ဒပြသူတွေကို အစိုးရက ဖြိုခွင်းခဲ့တဲ့ ၂၀၁၁ က စပြီး ပြည်တွင်းစစ် ပေါက်ကွဲထွက်လာ ဖြစ်ပါတယ်။

အာဆတ် အစိုးရကို လက်နက်ကိုင် တိုက်ခိုက်ကြတဲ့ အုပ်စု အမျိုးမျိုး ပေါ်ပေါက်လာပါတယ်။ အဲဒီထဲမှာ ဒီမိုကရေစီ အင်အားစုတွေ ပါဝင်သလို၊ အစ္စလာမ်ဘာသာရေး အခြေခံ ဝါဒီတွေ အုပ်စုတွေလည်း ပါဝင်ပါတယ်။

သူပုန်အုပ်စုတွေဟာ နယ်မြေဒေသ အတော်များများကို အသီးသီး သိမ်းယူ နိုင်ခဲ့ပေမယ့်၊ ဆီးရီးယား အစိုးရဟာ နောက်ပိုင်းမှာ ရုရှားရဲ့ အကူအညီနဲ့ ဆုံးရှုံးနယ်မြေ အများစုကို ပြန်လည် သိမ်းပိုက် နိုင်ခဲ့ပါတယ်။

အစ်လစ်(ဘ) မြို့ကြီးတစ်ခုပဲ အတိုက်အခံ အင်အားစုတွေရဲ့ နောက်ဆုံး ခြေကုပ်နေရာ အဖြစ် ကျန်ခဲ့ပါတယ်။ အဲဒီ မြို့ကို အဓိက ထိန်းချုပ်ထားသူတွေဟာ အခု အလက်(ပ)ပို ကို ဝင်သိမ်းတဲ့ HTS အုပ်စု ဖြစ်ပါတယ်။

HTS အုပ်စုအပြင် အစ်လစ်(ဘ)မှာ တူရကီက ကျောထောက်နောက်ခံ ပြုပေးထားတဲ့ သူပုန် အုပ်စုခွဲတွေ အပြင်၊ တူရကီ တပ်တချို့ပါ အခြေစိုက် ထားပါတယ်။

အလက်ပို တိုက်ပွဲ ဖြစ်လာတဲ့နောက် အစ်လစ်(ဘ) အနီးတဝိုက်ကိုလည်း ဆီးရီးယား အစိုးရ စစ်တပ်ရဲ့ လေယာဉ်တွေရော၊ ရုရှား လေယာဉ်တွေပါ လာပြီး လေကြောင်းတိုက်ခိုက်ပါတယ်။ စုစုပေါင်း အကြိမ် ၂၃ ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ SOHR အဖွဲ့က ပြောပါတယ်။ အရပ်သား ၄ ယောက်နဲ့ တခြားသူ ၁၉ ယောက် သေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။

ရုရှားစစ်တပ်ကတော့ သူတို့ဟာ အစွန်းရောက် အုပ်စုတွေကို ဗုံးကြဲခဲ့တယ် ဆိုပြီး ထုတ်ပြန်ပါတယ်။ ကရင်မလင်ရဲ့ ပြောခွင့်ရ ဒီမီထဂီ ပက်ရှ်ကော့ဗ်ရဲ့ အဆိုအရ ဆီးရီးယားထဲက အခြေအနေတွေကို အမြန်ဆုံး ပြန်လည်ထိန်းသိမ်းနိုင်ဖို့ အတွက် ဆီးရီးယား အစိုးရကို ရုရှားက ကူညီသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဆီးရီးယားမှာ စာနာမှု ဆိုင်ရာ အကူအညီတွေ ပေးရေး ကုလသမဂ္ဂ အဖွဲ့ရဲ့ ဒုတိယ ခေါင်းဆောင် ဒေးဗစ် ကာဒင်ကတော့ ဆိုးရွားလာပြန်တဲ့ အခြေအနေတွေဟာ အရပ်သားတွေ အပေါ် အကြီးအကျယ် သက်ရောက် ခံနေရတယ်လို့ ဆိုပါတယ်။