ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြန်မာငလျင်- ပိုးဟပ်တစ်ပိုင်း စက်ရုပ်တစ်ပိုင်း ဆိုင်ဘော့ဂ်တွေကို ရှာဖွေ ကယ်ဆယ်ရေးမှာ စင်္ကာပူ အဖွဲ့ ဘယ်လို သုံးခဲ့လဲ
မြန်မာနိုင်ငံ ကြုံတွေ့ခဲ့ရတဲ့ ငလျင်ဘေးမှာ လူတွေကို ရှာဖွေ ကယ်ဆယ်နိုင်ဖို့ ရောက်လာခဲ့တဲ့ နိုင်ငံတကာ ကယ်ဆယ်ရေး အဖွဲ့တွေထဲ စင်္ကာပူ အဖွဲ့လည်း ပါခဲ့ပြီး၊ သူတို့ဟာ ပိုးဟပ်တစ်ပိုင်း၊ စက်ရုပ်တစ်ပိုင်း ဆိုင်ဘော့ဂ် ၁၀ ကောင်ကို အသုံးပြုခဲ့ကြပါတယ်။
ဒါဟာ သဘာဝ ကပ်ဘေးတွေကို တုံ့ပြန်ရာမှာ ဆိုင်ဘော့ဂ် ပိုးဟပ်တွေကို ကမ္ဘာပေါ်မှာ ပထမဆုံး အသုံးချခဲ့ကြတာ ဖြစ်ပါတယ်။
အသုံးပြုတဲ့ ပိုးဟပ်တွေဟာ ၂ လက်မကနေ ၃ လက်မထိ ရှည်တာကို တွေ့ရလေ့ ရှိတဲ့ ပိုးဟပ်ကြီးမျိုးထဲမှာပါတဲ့ မာဒါဂါစကာ ပိုးဟပ်တွေ ဖြစ်ပါတယ်။
အဲဒီ အမျိုးအစားဟာ တောင်ပံပါလေ့ မရှိပဲ ပိုးဟပ်တွေထဲမှာ ရှားရှားပါးပါး လေမှုတ်သံ ထုတ်နိုင်တဲ့ အင်္ဂလိပ်လို Madagascar hissing cockroach အမျိုးအစားတွေ ဖြစ်ပါတယ်။
အခု အသုံးပြုတဲ့ ပိုးဟပ်တွေကတော့ ၂ လက်မအရွယ် အကောင်တွေ ဖြစ်ပါတယ်။
ပိုးဟပ်တစ်ပိုင်း၊ စက်ရုပ်တစ်ပိုင်း ဆိုင်ဘော့ဂ်တွေလို့ ရည်ညွှန်းကြတာကတော့ ပိုးဟပ်တွေရဲ့ ကျောပေါ်မှာ ရှာဖွေရေး စက်ပစ္စည်း ကျောပိုးအိတ် တပ်ဆင် ပေးထားတဲ့ အတွက် ဖြစ်ပါတယ်။
ကျောပိုးအိတ်ထဲက စက်ပစ္စည်း ဆိုတာထဲမှာ အမှောင်ထဲမှာ ရုပ်ပုံတွေကို ပီသအောင် ရိုက်ကူးနိုင်တဲ့ အနီအောက် ရောင်ခြည် ကင်မရာနဲ့ လူရဲ့ ခန္ဓာကိုယ် အပူချိန်ကို ထောက်လှမ်း သိရှိနိုင်တဲ့ အာရုံခံ ကိရိယာတွေ ပါဝင်ပါတယ်။
ဒါ့အပြင် ပိုးဟပ်တွေရဲ့ လှုပ်ရှားမှုကို ထိန်းချုပ်နိုင်အောင် သူတို့ရဲ့ အာရုံကြောတွေနဲ့ ကြွက်သားကို လှုံ့ဆော်ပေးနိုင်တဲ့ လျှက်စစ်ငုတ်တွေလည်း တပ်ဆင်ပေးထား ပါတယ်။
စက်ကိရိယာ ကျောပိုးအိတ်ကို လွယ်ထားတဲ့ ၂ လက်မ အရွယ် ပိုးဟပ်တွေဟာ သေးငယ်တဲ့ ချောင်ကြိုချောင်ကြား နေရာတွေအထိ အရောက်သွားနိုင်ပါတယ်။
ကင်မရာနဲ့ အာရုံခံကိရိယာတွေကနေ စုဆောင်း ရရှိတဲ့ သတင်းအချက်အလက်တွေကို ကွန်ပျူတာ အယ်လ်ဂိုရစ်သမ် နည်းပညာနဲ့ ဆန်းစစ် ပိုင်းခြား လေ့လာပြီး အသက်ရှင်နေတဲ့ လူ ရှိ မရှိ ကို လိုက်လံ ရှာဖွေတာ ဖြစ်ပါတယ်။ ရရှိတဲ့ ဆန်းစစ်မှုတွေကို အခင်းဖြစ်ရာ နေရာမှာ ရှိနေတဲ့ ကယ်ဆယ်ရေးအဖွဲ့ရဲ့ အင်ဂျင်နီယာတွေထံ ပိုးဟပ်တွေကနေ ကြိုးမဲ့ ဝါယာလက်စ် နည်းပညာနဲ့ ပေးပို့ပါတယ်။
ဒီ စက်တစ်ပိုင်း၊ ပိုးဟပ်တစ်ပိုင်း ရှာဖွေ ကယ်ဆယ်ရေးသုံး ဆိုင်ဘော့ဂ်ကို Home Team လို့ခေါ်တဲ့ စင်္ကာပူ သိပ္ပံနဲ့ နည်းပညာ ကုမ္ပဏီ (အတိုကောက် HTX) က နန်ယန် နည်းပညာတက္ကသိုလ်၊ ကလပ်စ် အင်ဂျင်နီယာ နည်းပညာ ကုမ္ပဏီတို့နဲ့ ပူးပေါင်း တီထွင်ထားတာ ဖြစ်ပါတယ်။
တီထွင်နေဆဲ အဆင့်ဖြစ်ပေမယ့် မြန်မာနိုင်ငံမှာ ငလျင်ဘေး ကြုံလာတဲ့ အခါ HTX ကုမ္ပဏီဟာ ကနဦး အဆင့် နမူနာ ဆိုင်ဘော့ဂ်တွေကို အမြန်ဖန်တီးပေးခဲ့ပါတယ်။
မြန်မာငလျင်ကို တုံ့ပြန်ဖို့ရောက်လာတဲ့ နိုင်ငံတကာ ရှာဖွေ ကယ်ဆယ်ရေး အဖွဲ့တွေထဲမှာ စင်္ကာပူက အရပ်သား ကာကွယ်ရေး အဖွဲ့ SCDF လည်း ပါဝင်ပါတယ်။ HTX ကုမ္ပဏီဟာ သူတို့ရဲ့ ပိုးဟပ်ဆိုင်ဘော့ဂ်တွေကို အင်ဂျင်နီယာ ၄ ယောက် နဲ့ အတူ SCDF အဖွဲ့ထဲ ထည့်လွှတ်လိုက်ပါတယ်။
စင်ကာပူ SCDF အဖွဲ့ဟာ လူ အယောက် ၈၀ ပါဝင်တဲ့ "အော်ပရေးရှင်း လိုင်းယွန်းဟာ့ထ်" "ခြင်္သေ့နှလုံးသား ကယ်ဆယ်ရေး" လုပ်ငန်းတွေကို မြန်မာနိုင်ငံထဲ ငလျင်ဒဏ် အဆိုးဆုံး ခံခဲ့ရတဲ့ မန္တလေးနဲ့ နေပြည်တော်လို နေရာမျိုးတွေမှာ လုပ်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။
မတ်လ ၃၁ ရက်နေ့က စပြီး သူတို့ရဲ့ ကယ်ဆယ်ရေး လုပ်ငန်း စခဲ့တာမှာ ပထမဆုံး လုပ်ဆောင်ရတဲ့ နေရာဟာ ပြိုကျနေတဲ့ ဆေးရုံ နေရာဖြစ်ပြီး၊ ဘောလုံးကွင်း ၂ ကွင်းစာလောက် နေရာ အကျယ် ရှိပါတယ်။
အနံ့ခံ ရှာဖွေရေး ခွေးတွေနဲ့ ပိုက်စိတ်တိုက် ရှာပြီးတဲ့နောက်၊ အပျက်အစီး ပုံတွေအောက် ပိုးဟပ် ဆိုင်ဘော့ဂ်တွေကို စေလွှတ်ခဲ့ပါတယ်။ ၄၅ မိနစ်လောက် အချိန်ယူခဲ့တယ်လို့ နောက်ပိုင်း HTX အင်ဂျင်နီယာ တစ်ယောက်က စထရိတ်တိုင်းမ် သတင်းစာကို ပြောပါတယ်။
အသက်ရှင် ကျန်ရစ်သူကို မတွေ့ရပေမယ့် ဆိုင်ဘော့ဂ်တွေဟာ သူတို့ ကယ်ဆယ်ရေး လုပ်ဆောင်ရမယ့် နေရာရဲ့ ဧရိယာ တစ်ခုလုံး ဘယ်လို ပုံစံမျိုး ရှိနေလဲ၊ ဘယ်နေရာမှာ ဘာတွေရှိလဲ ဆိုတာတွေကို သိလာအောင် လုပ်ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဆိုင်ဘော့ဂ်တွေ ပံ့ပိုးပေးနိုင်တဲ့ အချက်အလက်တွေဟာ လူသားဖြစ်စေ၊ ကယ်ဆယ်ရှာဖွေရေး အနံ့ခံခွေးတွေက ဖြစ်စေ ရှာဖွေပေးနိုင်စွမ်း ရှိမှာ မဟုတ်ပါဘူး။
ပိုးဟပ်ဆိုင်ဘော့ဂ်တွေဟာ ကယ်ဆယ်ရေး မစ်ရှင် တလျှောက် ချို့ယွင်းချက်မရှိ တာဝန်တွေကို ထမ်းခဲ့တယ်လို့ ဆိုပါတယ်။ ပိုးဟပ်တွေကို မုန်လာဥနီနဲ့ ရေ တိုက်ကျွေးရတာ ဖြစ်ပါတယ်။
"ဒီမစ်ရှင်ကနေ တဆင့် ဆိုင်ဘော့ဂ်နည်းပညာကို ပိုပြီး ကောင်းမွန်လာအောင် ဆက်လက် တီထွင်သွားလို စိတ် ခိုင်မာလာပါတယ်။ အဓိကကတော့ အသက်ရှင်လျက် ရှိနေသေးသူတွေကို အမြန်ဆုံး ရှာတွေ့နိုင်ဖို့ ဖြစ်ပါတယ်" ဆိုပြီး HTX အင်ဂျင်နီယာ ယက်ပ် ကီးန် ဝီ က စင်္ကာပူ အခြေစိုက် အင်္ဂလိပ် သတင်းစာ စထရိတ်တိုင်းမ်ကို ပြောပါတယ်။
အခုလို သက်ရှိတစ်ပိုင်း စက်ရုပ်တစ်ပိုင်းတွေကို သိပ္ပံပညာရှင်တွေ တီထွင် ကြံဆပြီး စမ်းသပ်နေခဲ့တာ ကာလ တချို့ ရှိပြီ ဖြစ်ပါတယ်။ အထက်မှာ ဆိုခဲ့သလို အခုတော့ မြန်မာနိုင်ငံ ငလျင်ဘေးမှာ ဆိုင်ဘော့ဂ်ပိုးဟပ်တွေကို သဘာဝဘေး ကယ်ဆယ်ရေး အတွက် လက်တွေ့ စတင် အသုံးပြုလာတာ ဖြစ်ပါတယ်။
၂၀၀၆ ခုနှစ်ကတည်းက အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန၊ အဆင့်မြင့် နည်းပညာ သုတေသန ဌာနခွဲ ကနေ အမေရိကန် သိပ္ပံပညာရှင်တွေကို ပိုးဟပ်လိုမျိုး အင်းဆက် သတ္တဝါတွေနဲ့ စက်တွေကို တွဲစပ်ထားတဲ့ ဆိုင်ဘော့ဂ်တွေ တီထွင် ဖန်တီးဖို့ အကြံပြုချက်တွေ တောင်းခံခဲ့တယ် ဆိုပြီး သတင်းမီဒီယာပေါ် ရောက်လာခဲ့ပါတယ်။
စက်ရုပ်ပိုးကောင် ဆိုင်ဘော့ဂ်တွေကို ဖန်တီးတယ် ဆိုတာမှာ သဘာဝဘေး တုံ့ပြန် ကယ်ဆယ်ရေး ကိစ္စတွေမှာသာမက လျှို့ဝှက်ထောက်လှမ်းရတဲ့ သူလျှို လုပ်ငန်းတွေမှာပါ အသုံးတည့်မှာ ဖြစ်တဲ့ အတွက် နည်းပညာ အဆင့်မြင့် နိုင်ငံတွေဟာ ကိုယ်စီ တီထွင် ဖန်တီးလက်စတွေ ရှိနေနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းကြပါတယ်။