ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ယာယီအပစ်ရပ်မှုကို ကုလက ခိုင်မာအောင် ဘယ်လို လုပ်ပေးနိုင်လဲ
ကုလသမဂ္ဂရဲ့ လုပ်ပိုင်ခွင့် အာဏာ အရှိဆုံး အဖွဲ့ဖြစ်တဲ့ လုံခြုံရေး ကောင်စီကနေ မြန်မာနိုင်ငံ တွေ့ကြုံနေရတဲ့ ငလျင် ကပ်ဘေးကြီး အတွက် စာထုတ် ပြန်ခဲ့ပြီ ဖြစ်ပါတယ်။
ထိခိုက်ခံစားကြရတဲ့ မိသားစုတွေ အပါအဝင် မြန်မာနဲ့ ထိုင်း ပြည်သူတွေ အားလုံးနဲ့ အတူ အခိုင်အမာ ရပ်တည်ပြီး စာနာနားလည်မှု အပြည့်အဝ ပေးတယ်လို့ ဆိုပါတယ်။
ကူညီ ကယ်ဆယ်ရေး အလုပ်တွေ ဘယ်လောက် အပူတပြင်းနဲ့ အရေးတကြီး လုပ်ဖို့လိုတယ် ဆိုတာကိုလည်း လုံခြုံရေးကောင်စီ အဖွဲ့ဝင် နိုင်ငံတွေ သဘောပေါက်နားလည်တယ်လို့ ထည့်သွင်း ပြောထားပါတယ်။
ကလေးသူငယ်တွေအရေး ကုလသမဂ္ဂရဲ့ ရန်ပုံငွေအဖွဲ့ ဖြစ်တဲ့ ယူနီဆက်ဖ်နဲ့ ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့ WFP တွေ အပါအဝင် ကုလယန္တရားထဲ ပါဝင်တဲ့ အဖွဲ့တွေရဲ့ အကူအညီပေးမှုတွေလည်း မြန်မာနိုင်ငံမှာ တွေ့နေရပါတယ်။
မြန်မာနိုင်ငံမှာ ငလျင်တွေ လှုပ်အပြီး ရောက်လာကြတဲ့ နိုင်ငံတကာ ကူညီကယ်ဆယ်ရေး အဖွဲ့ တချို့ဟာ ဆိုရင်လည်း ကုလသမဂ္ဂရဲ့ စီစဉ်ပေးမှုနဲ့ လာခဲ့ကြတာ ဖြစ်တယ်လို့ ကုလဘက်က ဆိုပါတယ်။
အဲဒီလို စာနာမှု အကူအညီတွေ ဆောင်ရွက်နိုင်ဖို့ရာ ယာယီ အပစ်ရပ် ပေးထားမယ်ဆိုပြီး ကြေညာထားတဲ့ အဖွဲ့တွေထဲ စစ်ကောင်စီလည်း ပါဝင်ပါတယ်။ ဒါပေမယ့်လည်း စစ်ကောင်စီက အပစ်ရပ်ကြေညာပြီးတဲ့ နောက်မှာကို မြန်မာစစ်တပ်က ၁၆ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
ဒီတော့ ကုလသမဂ္ဂ အဖွဲ့အစည်းအနေနဲ့ မြန်မာ စစ်တပ် အပါအဝင် ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခထဲ ပါဝင် ပတ်သက်နေတဲ့ အဖွဲ့ အားလုံး အသီးသီးကို ဘယ်လို အတိတကျ တောင်းဆိုချက်မျိုးတွေ ပြုလုပ်ဖို့ လိုပါသလဲ။
ကိုယ်တိုင် ကုလသမဂ္ဂရဲ့ စနစ်ယန္တရားထဲမှာ စာနာမှု ဆိုင်ရာ အကူအညီပေးရေး လုပ်ငန်းတွေကို တာဝန်ယူ ဦးစီး လုပ်ဆောင်ခဲ့သူ တစ်ယောက် ဖြစ်တဲ့ "တာဝန်ခံမှု ရှိစေရေး မြန်မာ ပရောဂျက် MAP" အဖွဲ့ကို ဦးဆောင်နေသူ ခရစ္စ ဂန်းနက်စ်က ဘီဘီစီကို အခုလို ပြောပါတယ်။
"ကုလသမဂ္ဂရဲ့ လုံခြုံရေးကောင်စီ အဆင့်ကနေ မြန်မာနိုင်ငံတလွှား စာနာမှုဆိုင်ရာ အခြေခံမူနဲ့ ချက်ခြင်း အပစ်ရပ်ဆိုတဲ့ တောင်းဆိုချက်မျိုး ပြုလုပ်ရမှာ ဖြစ်တယ်။ မြန်မာနိုင်ငံဟာ ကုလ အဖွဲ့ဝင် နိုင်ငံအနေနဲ့ မဖြစ်မနေ လိုက်နာဖို့ လိုအပ်တဲ့ စည်းနှောင်မှု ရှိတဲ့ ညွှန်ကြားချက်မျိုးကို ဆိုလိုပါတယ်။ အခု လုံခြုံရေး ကောင်စီ ထုတ်ပြန်တာရော၊ မြန်မာနိုင်ငံထဲက လက်နက်ကိုင် အဖွဲ့တွေ တစ်ဖွဲ့ချင်းစီ အပစ်ရပ် ကြေညာတာတွေကရော ဥပဒေအရ စည်းနှောင်မှု ဘာမှ မရှိဘူး ဖြစ်နေပါတယ်။"
အခုလက်ရှိ မြေပြင်မှာ တိုက်ပွဲတွေ နေရာတချို့မှာ ရှိနေသလို စာနာမှု အကူအညီတွေ အရောက်ပေးပို့နိုင်ဖို့ရာ စစ်ကောင်စီရဲ့ အကန့်အသတ်တချို့ကြောင့် နှောင့်နှေး ကြန့်ကြာတာတွေ ရှိနေတယ် ဆိုတဲ့ ပြောဆိုချက်မျိုးတွေလည်း ပေါ်ထွက်လာပါတယ်။ တရုတ်နိုင်ငံက စေလွှတ်လိုက်တဲ့ ကြက်ခြေနီ အဖွဲ့ လိုက်ပါလာတဲ့ ယာဥ်တန်းဆိုရင် စစ်တပ်ရဲ့ သတိပေး သေနတ်ပစ်ဖောက်တာ ခံရပါတယ်။
ငလျင်ဒဏ်သင့်အရပ်တွေမှာ လူထုကို ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ လူမှုကူညီရေးအသင်းတွေကိုလည်း စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့တွေက အတွင်းကျကျ မေးမြန်းပြီး စာရင်းကောက်ယူနေတယ်လို့ မြေပြင်မှာ လက်တွေ့ ကြုံကြရသူတွေက ပြောကြပါတယ်။
စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ငလျင်ဒဏ် ကူညီကယ်ဆယ်ရေး လုပ်နေတဲ့ ဘယ်အဖွဲ့အစည်းမဆို သီးခြား ရပ်တည်ဆောင်ရွက်ခွင့် မရှိဘဲ အုပ်ချုပ်ရေးအဖွဲ့တွေဆီ ကြိုတင်ခွင့်ပြုချက် တောင်းယူဖို့၊ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ပူးပေါင်းနိုင်မှသာ ခွင့်ပြုပေးဖို့ကို ဧပြီ ၅ ရက်မှာ ကျင်းပခဲ့တဲ့ စစ်ကောင်စီအစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောခဲ့ပါတယ်။
အဲဒီလို စိန်ခေါ်ချက် ကြီးကြီးမားမားတွေ ရှိနေရင် ကုလအဖွဲ့အစည်းတွေ ကျော်လွှား နိုင်စွမ်း ရှိပါရဲ့လား။ ထိရောက်တဲ့ အကူအညီပေးရေးတွေ ဆက်ပြီး လုပ်ချင်တယ် ဆိုရင် ကုလဘက်က ဘာတွေ လုပ်ဆောင်သင့်ပါသလဲ။
ပါလက်စတိုင်း ဒုက္ခသည် ကူညီရေး ကုလအဖွဲ့ UNWRA ကို ဦးစီး ခဲ့သူ ခရစ္စ ဂန်းနက်စ်က အခုလို ဆိုပါတယ်။
"အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ ဆိုရင် ခိုင်မာတဲ့ နိုင်ငံရေး သတင်းစကားမျိုးကို နယူးယောက်မြို့ကနေ ပေးပို့ဖို့ လိုပါတယ်။ ဆိုလိုတာ ကုလရုံးချုပ်ကနေ တိုက်ရိုက် ပြောဆိုရမှာ ဖြစ်တယ်။"
"အကောင်းဆုံးကတော့ ဒီလောက် အခြေအနေမျိုးကြီးမှာ ကုလ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ် ကိုယ်တိုင် မြန်မာနိုင်ငံထဲ သွားနိုင်ရင် အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ သူကိုယ်တိုင် ယာဥ်တန်းနဲ့ စစ်ကောင်စီ ထိန်းချုပ်မြေထဲကနေ တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်မြေတွေ ရှိရာဘက် အဟန့်အတား အနှောင့်အယှက် မရှိ သွားနိုင်ရဲ့လား ဆိုတာ လက်တွေ့ စမ်းကြည့်သင့်ပါတယ်။"
"စာနာမှု အကူအညီတွေကို လက်နက်သဖွယ် အသုံးချတတ်တဲ့ စစ်တပ်ရဲ့ လုပ်နည်းလုပ်ဟန်ကနေ ကျော်လွန်ဖို့ရာ ကုလသမဂ္ဂဘက်က အပြောနဲ့တင်မက၊ တတ်စွမ်းနိုင်သမျှ နည်းလမ်းပေါင်းစုံ လက်တွေ့ ပြုမူဖို့လို ပါတယ် ဆိုပြီး ခရစ္စ ဂန်းနက်စ်က ဆိုပါတယ်။
ကုလအတွင်းရေးမှူးချုပ် မစ္စတာ ဂူးတားရက်စ်ကတော့ ငလျင်ဘေးကြီး အတွက် စာနာမှု အကူအညီတွေ ပေးရေး ကိစ္စတွေ ပြောရင်းမှာပဲ တိုင်းပြည်ထဲက လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းရေးဟာလည်း ရေရှည်အတွက် မဖြစ်မနေ လုပ်ဖို့ လိုတယ် ဆိုတာကို ထည့်သွင်းပြောထားပါတယ်။
အခု အပစ်ရပ်ပေးတာဟာ ရေရှည်အတွက် နိုင်ငံရေး ဆွေးနွေးမှုတွေ ဖြစ်လာစေမယ့် အစပျိူးမှု ဖြစ်သင့်တယ်လို့ ဆိုပါတယ်။
ကုလသမဂ္ဂရဲ့ အရေးပေါ် အကူအညီပေးရေး ဆိုင်ရာ တာဝန်ခံ တွမ်ဖလက်ချာနဲ့ မြန်မာ့အရေး အတွက် အထူးကိုယ်စားလှယ် အဖြစ် ခန့်ထားတဲ့ ဂျူလီ ဘိရှော့ပ်လည်း မြန်မာနိုင်ငံထဲထိ ရောက်လာဖို့ ရှိတယ်လို့လည်း မစ္စတာ ဂူတားရက်စ်က ပြောထားတာ တွေ့ရပါတယ်။