မြန်မာငလျင် - ငလျင်သင့် အဓိက မြို့နယ်တွေထဲမှာ အဆောက်အအုံတွေ ၈၀% အနည်းနဲ့အများ ပျက်စီး

မြန်မာနိုင်ငံအလယ်ပိုင်းမှာ အဓိက ထိခိုက်ခံစားခဲ့ရတဲ့ ငလျင်ဘေးကြီးကြောင့် အနည်းဆုံး လူပေါင်း ၃,၆၀၀ ကျော် သေဆုံးခဲ့ရသလို၊ ထိခိုက်ဒဏ်ရာ ရသူတွေလည်း ၅,၀၀၀ နီးပါး ရှိနေတာကို တရားဝင် စာရင်းဇယားတွေက ဖော်ပြနေပါတယ်။

စစ်ကိုင်း၊ မန္တလေးနဲ့ မကွေး တိုင်းတွေထဲက အဓိက မြို့နယ်ကြီးတွေထဲမှာ အဆောက်အအုံတွေ အားလုံးရဲ့ ၈၀ ရာခိုင်နှုန်း အထိ ထိခိုက် ပျက်စီးမှု အနည်းနဲ့အများ ရှိခဲ့တယ်လို့ ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဥ် UNDP ဒေသတွင်းကိုယ်စားလှယ် တိုက်တန် မီထြာက ပြောပါတယ်။

ထိခိုက်မှု အခြေအနေတွေကို မျက်မြင်ကိုယ်တွေ့ကြုံရတဲ့ မစ္စတာ မီထြာ အာရုံစိုက် ပြောတဲ့အထဲမှာ ကျန်းမာရေး စောင့်ရှောက်မှု အခန်းကဏ္ဍလည်း ပါဝင်ပါတယ်။

မြန်မာနိုင်ငံထဲက ရှိလက်စ ကျန်းမာရေး စနစ်ယန္တရားဟာ အခု ဖြစ်ပေါ်လာတဲ့ အခြေအနေကို နိုင်နင်းအောင် တုံ့ပြန် ကိုင်တွယ်နိုင်စွမ်း မရှိဘူးလို့ ဆိုပါတယ်။

ဆေးဝါးတွေ အပါအဝင် လိုအပ်တဲ့ ပစ္စည်းမှန်သမျှ အတော်လေး ပြတ်တောက် ရှားပါးနေတယ်လို့ မစ္စတာ မီထြာက ပြောပါတယ်။

ရေပေးဝေရေး စနစ် ပျက်စီးသွားပြီး၊ ရေလှောင်တဲ့ နေရာတွေ၊ ရေပိုက်တွေ ကျိုးပေါက်ကုန်တဲ့ အတွက် သန့်ရှင်းတဲ့ ရေ ရနိုင်ဖို့ အင်မတန် ခက်သွားပြီလို့ ဆိုပါတယ်။

ငလျင်ဘေးသင့် ပြည်သူတွေဟာ မသန့်ရှင်းတဲ့ရေတွေကို အားကိုးမယ်ဆိုရင် ရေကနေ တဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေ ဖြစ်လာဖို့ အန္တရာယ်လည်း အလွန်ကြီး နေပါတယ်။

ဒါ့အပြင် အညစ်အကြေးစွန့်တဲ့ စနစ်လည်း စနစ်တကျ ရှိမနေတာကလည်း ကူးစက် ရောဂါတွေကို ဖိတ်ခေါ်သလိုမျိုး ဖြစ်နေတယ်လို့ ကျွမ်းကျင်သူတွေက ပြောနေပါတယ်။

စာနာမှုဆိုင်ရာ အကူအညီပေးမှုတွေကို အဓိက ချိတ်ဆက် ဆောင်ရွက် ပေးရတဲ့ UNOCHA ရုံးရဲ့ အဆိုအရ မြန်မာနိုင်ငံ တလွှား အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှု မရရှိနိုင်တဲ့ အရေအတွက်ဟာ ၅၀၀,၀၀၀ ထိအောင် ဖြစ်သွားတယ်လို့ ဆိုပါတယ်။

အခုဆိုရင် ဘင်္ဂလားပင်လယ်အော်မှာ ပေါ်ပေါက်နေတဲ့ အင်အားကောင်းတဲ့ လေဖိအားနည်း ရပ်ဝန်းကြောင့် ငလျင်သင့် ဒေသတွေ အပါအဝင် မြန်မာ နိုင်ငံထဲက နေရာတချို့မှာ လာမယ့် ဧပြီလ လလယ်ပိုင်း အထိ မိုးကြီးနိုင်တယ်လို့ မိုးဇလ ဌာနက ထုတ်ပြန်ထားပါတယ်။

ငလျင်ဒဏ် အကြီးအကျယ်သင့်ခဲ့တဲ့ မန္တလေးမှာ ဆိုရင် မျှော်လင့်ထားတာထက် သီတင်းတစ်ပတ် စောပြီး မိုးသည်းသည်းထန်ထန် ရွာခဲ့ပြီး ဖြစ်ပါတယ်။ ဒီ အခြေအနေဟာ ကူညီရေး အလုပ်တွေကို ထိခိုက် လာစေခဲ့သလို၊ ငလျင်ကနေ အိုးအိမ်မဲ့ ရှင်သန်ကျန်ရစ်သူတွေရဲ့ နေရေးထိုင်ရေး အခြေအနေတွေ အပေါ်မှာ ဆထက်တပိုး ဆိုးရွားသွားစေတယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။

ငလျင်ဒဏ်သင့်ခဲ့တဲ့ နေရာတွေထဲက တော်တော်များများဟာ စစ်ကောင်စီရဲ့ ထိန်းချုပ်မှု အောက်က နေရာတွေ ဖြစ်ပြီး၊ နိုင်ငံတကာ ထောက်ပံ့မှုတွေကိုလည်း ဘယ်နေရာကို ဘယ်လို ပို့ဆောင်ရမယ် ဆိုတာတွေကို စစ်ကောင်စီက ဦးစီးပြီး ညှိနှိုင်း လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

"ပြည်တွင်းစစ် လက်ရှိ ပေါ်ပေါက်နေတဲ့ အခြေအနေမှာ နိုင်ငံတကာ စာနာမှု အကူအညီတွေကို စစ်အာဏာပိုင်တွေက ကမကထနဲ့ ညှိနှိုင်း ဆောင်ရွက် နေတယ် ဆိုရင်၊ တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်ထားတဲ့ နေရာမျိုးတွေကိုလည်း စာနာမှု အကူအညီတွေ သေချာပေါက် ရောက်ရှိနိုင်ဖို့ အလေးထားရမှာ ဖြစ်တယ်" လို့ မစ္စတာ မီထြာက ပြောပါတယ်။

အခု ၂၀၂၅ မြန်မာငလျင်ဟာ လူ တစ်သိန်းသုံးသောင်းကျော် သေဆုံးခဲ့ရတဲ့ ၂၀၀၈ ဆိုင်ကလုန်း နာဂစ်ပြီးရင် မြန်မာနိုင်ငံ ကြုံတွေ့ခဲ့ရတဲ့ လူသေပျောက်မှု အများဆုံး သဘာဝဘေးကြီး ဖြစ်ပါတယ်။

ဒီ ငလျင်ဘေးကြီးဟာ လူ ထိခိုက် သေဆုံးမှုနဲ့ မြို့ပြ ပျက်စီး ဆုံးရှုံးမှု များစေတာ အပြင် တကျော့ပြန် စစ်အာဏာသိမ်း ခံထားရပြီး တစ်နိုင်ငံလုံး အနှံ့ လက်နက်ကိုင် ပဋိပက္ခတွေ ပေါ်ပေါက်နေချိန် ကြုံတွေ့လာရတာ ဖြစ်ပါတယ်။

ဒါ့ကြောင့် တိုင်းပြည်မှာ စီးပွားရေး အပါအဝင် အဘက်ဘက် ချွတ်ခြုံကျမှုတွေဟာ ငလျင်ကြောင့် ဆထက်တပိုး အခြေအနေတွေ ဆိုးရွား သွားစေလိမ့်မယ် ဆိုပြီး စာနာရေး ဆိုင်ရာ အကူအညီတွေကို လက်တွေ့ လုပ်ဆောင် ပေးနေတဲ့ ကုလသမဂ္ဂ အရာရှိတွေက သတိပေးကြပါတယ်။

ပြည်တွင်းစစ်ကြောင့် တိုင်းပြည်မှာ စပါးစိုက်ဧက ၂၀ ရာခိုင်နှုန်းနီးပါးလည်း ဆုံးရှုံး ခဲ့ရပြီး ဖြစ်သလို လူပေါင်း ၃ သန်းခွဲ အိုးအိမ်တွေ စွန့်ခွာ ထွက်ပြေးခဲ့ကြရပြီး ဖြစ်ပါတယ်။ လူ ၁၅ သန်းကျော်ဟာ ငတ်မွတ် ခေါင်းပါးမှု အန္တရာယ်နဲ့ ကြုံနေရပြီး၊ သန်း ၂၀ နီးပါးဟာ အကူအညီတွေ အပေါ် မှီခို နေရတာ ဖြစ်တယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။

လက်ရှိမှာတော့ မြန်မာဟာ ငလျင်အရေးကြောင့် နိုင်ငံတကာရဲ့ စိတ်ဝင်စားမှု ခံနေရပြီး ကင်မရာတွေ ရှေ့မှောက် ရှိနေပါတယ်။ ဒါပေမယ့်လည်း ဖြစ်နေကျ သဘောသဘာဝ အတိုင်း အချိန် အတိုင်းအတာ တစ်ခု ရောက်လာတဲ့ အခါ၊ စိတ်ဝင်စားမှုတွေ ရေချိန် လျော့လာပြီး ကင်မရာတွေ ရှောင်လွှဲသွားချိန် တနေ့ ရောက်လာမယ် ဆိုပြီး မစ္စတာ မီထြာက တင်ကြို သတိပေးပါတယ်။

အဲဲဒီ အချိန်ကျရင်၊ ငလျင်ရဲ့ နောက်ဆက်တွဲ အရေးတွေသာမက ပြည်တွင်းစစ်ကြောင့် ရှိနှင့်နေပြီး အခက်အခဲတို့ အပေါ် ကမ္ဘာကြီးရဲ့ လျစ်လျူရှု မျက်ကွယ်ပြုမှု၊ လုံလောက်အောင် အလေးထား မခံရမှု ဆိုတဲ့ "နေမြဲ" အခြေအနေကို ပြန်ရောက်သွားလိမ့်မယ် လို့ မစ္စတာ မီထြာက သူ့ရဲ့ စိုးရိမ်ချက်တွေကို ပြောပါတယ်။

လက်ရှိမှာတော့ ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူးတားရက်စ် ပြောထားသလို စာနာမှု ဆိုင်ရာ အကူအညီပေးရေး ကုလ အေဂျင်စီကို ဦးစီးတဲ့ တွမ်ဖလက်ချာ ကိုယ်တိုင် မန္တလေးထိ ရောက်လာသလို၊ အခုဆိုရင် မစ္စတာဂူးတားရက်စ်က မြန်မာ့အရေးအတွက် သူ့ရဲ့ အထူးကိုယ်စားလှယ် သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီးဟောင်း မစ္စ ဘိရှော့လည်းပဲ မြန်မာပြည်ကို ရောက်နေပြီ ဖြစ်ပါတယ်။

စစ်ကောင်စီနိုင်ငံခြားရေး ဝန်ကြီး ဦးသန်းဆွေနဲ့ နေပြည်တော်မှာ တွေ့ဆုံပြီး ငလျင်ဘေး အတွက် ပေးတဲ့ ကူညီရေး အစီအစဥ်တွေကို မြန်မာနဲ့ ကုလသမဂ္ဂကြား ဘယ်လို ညှိနှိုင်း ဆောင်ရွက်ကြမလဲ ဆိုတာကို နေပြည်တော်မှာ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

အခုဆိုရင် စစ်ကောင်စီဟာ အရင်က ပိတ်ဆို့နေခဲ့တဲ့ သံတမန်လမ်းကြောင်းတွေဟာ ငလျင်ဘေးကြီး ကြုံလာရတဲ့နောက် အတော်လေး ပြန်ပွင့်လာတာ တွေ့ရပါတယ်။ စစ်ရေးကို ကြည့်ရင်လည်း လက်တွေ့ မြေပြင်မှာ ထိတွေ့မှုတွေ၊ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်ရှိနေပေမယ့် မူအရတော့ ငလျင်ဘေး တုံ့ပြန် ကိုင်တွယ်နိုင်ဖို့ရာ ထိုးစစ်တွေ ရပ်မယ် ဆိုပြီး စစ်ကောင်စီ အပါအဝင် ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခထဲ အဓိက ပါဝင်နေတဲ့ အဖွဲ့တချို့က အသီးသီး ကြေညာထားပါတယ်။

ဒီ ကြေညာမှုဟာ ရေရှည် ငြိမ်းချမ်းရေး အတွက် အဖြေရှာနိုင်ဖို့ရာ အစပျိုး ခြေလှမ်း ဖြစ်သင့်တယ် ဆိုပြီး မစ္စတာ ဂူးတားရက်စ်က ပြောပါတယ်။

တစ်ဖက်မှာလည်း၊ အခု သဘာဝဘေး တုံ့ပြန် ကိုင်တွယ်မှုကို အသုံးချပြီး အာဏာသိမ်း စစ်တပ်ဟာ သံတမန်ရေး အကျိုးအမြတ် ထုတ်မှာတွေ၊ သူတို့ကိုယ်သူတို့ တရားဝင် အစိုးရ အဖြစ် ပုံဖော်ပြီး နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှု ရယူဖို့ ကြိုးစားမှာတွေ အပေါ် စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

ဒီ အခြေအနေဟာ စစ်ကောင်စီ အတွက် အခုလို လမ်းခင်းပေးနေလား ဆိုတဲ့ အပေါ် ကုလ စနစ်ယန္တရား အတွင်းမှာ စာနာမှု အကူအညီပေးရေး အစီအစဥ်တွေကို ကိုယ်တိုင် ဦးစီး လုပ်ဆောင်ခဲ့ပြီး၊ လက်ရှိမှာလည်း တာဝန်ခံမှု ရှိစေရေး မြန်မာ ပရောဂျက် အဖွဲ့ကို ထူထောင် လှုပ်ရှားနေတဲ့ ခရစ္စတိုဖာ ဂန်းနက်စ်က အခုလို သုံးသပ်ပါတယ်။

"ငလျင်ဘေး ကိုင်တွယ်ဖို့ အတွက် နိုင်ငံတကာက အကူအညီတွေ ပေးပါ ဆိုပြီး အခင်းဖြစ်ပြီး ချက်ခြင်း ဆိုသလို စစ်ခေါင်းဆောင်က ထုတ်ပြန် ပန်ကြားပါတယ်။ နောက်ပြီး တော်လှန်ရေး အဖွဲ့တချို့လိုပဲ ထိုးစစ်ရပ်ထားမယ့် အကြောင်း လိုက်လံ ကြေညာပါတယ်။ ဒါပေမယ့်လည်း စစ်ကောင်စီဟာ လေကြောင်း တိုက်ခိုက်တာတွေကို မရပ်ပါဘူး ဆက်လုပ်ပါတယ်"

"အဲဒီလို ပြုမူနေတဲ့ စစ်ကောင်စီဟာ ပွင့်လာတဲ့ နိုင်ငံတကာ ဆက်ဆံရေး လမ်းကြောင်းတွေကို အသုံးချပြီး သူတို့ရဲ့ အုပ်ချုပ်ရေးကို တရားဝင် အသိအမှတ်ပြု ခံရအောင် လုပ်ဆောင်လာနိုင်ပါတယ်။ ဒါ့ကြောင့် နိုင်ငံတကာ မိသားစု အနေနဲ့ စာနာမှု အကူအညီပေးရေးကို စစ်ကောင်စီ သက်သက်နဲ့ သာ ထိတွေ့ ဆက်ဆံပြီး ပေးအပ်တာမျိုး မလုပ်ပဲ၊ စစ်ကောင်စီ ထိန်းချုပ်မှု အောက်မှာ မရှိတဲ့ နေရာတွေကိုလည်း ရောက်အောင်ပို့ပြီး အဲဒီက သူတွေနဲ့ ထိတွေ့ ဆက်ဆံဖို့ လိုပါတယ်"

စာနာမှု အကူအညီတွေကို သူတို့ အပေါ် မဆန့်ကျင်တဲ့ သူတွေရဲ့ လက်ထဲကိုပဲ ပို့ဆောင်ပေးမယ် ဆိုတာမျိုး နိုင်ငံတကာ ကူညီ ထောက်ပံ့မှုတွေကို လက်နက်သဖွယ် စစ်ကောင်စီက အသုံးချတာမျိုး အလုပ်မခံဖို့လည်း အရေးကြီးလှတယ်" လို့ ခရစ္စဂန်းနက်စ်က ဆိုပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးထဲကို ကုလအေဂျင်စီတချို့ရဲ့ အကြီးအကဲတွေ ကိုယ်တိုင် ရောက်နေပြီး ကူညီရေးလုပ်ငန်းတွေကို ကြီးကြပ်နေကြတယ်လို့ သိရပါတယ်။ စစ်ကောင်စီ ထိန်းချုပ်မှုအောက်မှာ မရှိတဲ့ ဒေသတွေကိုတော့ နိုင်ငံတကာ ထောက်ပံ့ရေးနဲ့ အကူအညီတွေ ရောက်ရှိလား ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

အမျိုးသား ညီညွတ်ရေး အစိုးရ NUG ကတော့ တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ ငလျင်ဘေး တုံ့ပြန် ကယ်ဆယ်ရေး၊ ထောက်ပံ့ရေးတွေ လုပ်ဆောင်နေတဲ့ အကြောင်း သတင်းတွေ ထုတ်ပြန်နေပါတယ်။