ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
COP28 - ရေနံထုတ်နိုင်ငံမှာကျင်းပတဲ့ရာသီဥတုညီလာခံ တစုံတရာပြောင်းလဲနိုင်မှာလား
- ရေးသားသူ, ဂျက်စတင် ရိုးလက်
- ရာထူးတာဝန်, ရာသီဥတုဆိုင်ရာအယ်ဒီတာ BBC News
ကုလသမဂ္ဂရာသီဥတုဆိုင်ရာညီလာခံ(COP28) အကြောင်း သတင်းတွေကို လာမယ့်သီတင်းနှစ်ပတ်အတွင်းမှာ ကျွန်တော်တို့ အတော်လေး ကြားရတော့မှာပါ။
ကမ္ဘာမှာအရေးအကြီးဆုံး ရာသီဥတုဆိုင်ရာ အစည်းအဝေးလည်းဖြစ်တဲ့ COP28 ကို ကမ္ဘာမှာ ရေနံ ထုတ်လုပ်မှုအများဆုံး ၁၀ နိုင်ငံထဲပါတဲ့ အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး)နိုင်ငံက ဒူဘိုင်းမြို့မှာ အိမ်ရှင်အဖြစ်လက်ခံကျင်းပမှာဖြစ်ပါတယ်။
COP28 ဟာ အခုနှစ်အတွက် ကမ္ဘာ့ခေါင်းဆောင်တွေအများဆုံးစုဝေးကြမယ့် အစည်းအဝေးလည်းဖြစ်သလို တက်ရောက်သူလည်း ၇၀,၀၀၀ နီးပါးအထိရှိမှာဖြစ်ပါတယ်။
ရေနံထုတ်တဲ့နိုင်ငံတစ်နိုင်ငံက ရာသီဥတုညီလာခံကို လက်ခံကျင်းပတာဟာ အငြင်းပွားစရာကိစ္စဖြစ်နေပါတယ်။ ယူအေအီးဟာ COP28 ညီလာခံမတိုင်ခင်မှာ ရေနံနဲ့သဘာဝဓာတ်ငွေဆိုင်ရာသဘောတူညီချက်တွေရဖို့ ရာသီဥတုဆိုင်ရာဆွေးနွေးမှုတွေကို အသုံးပြုဖို့ စီစဥ်ထားတဲ့အကြောင်း ဘီဘီစီက လေ့လာတွေ့ရှိထားတာကြောင့်လည်း စိုးရိမ်မှုတွေ ရှိနေတာပါ။
ဒီတော့ ကမ္ဘာမှာ ရေနံအကြွယ်ဝဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံမှာ အခုလိုထိပ်သီးညီလာခံကျင်းပတာက ရာသီဥတုပြောင်းလဲမှုအတွက် အဓိပ္ပါယ်ပြည့်ဝတဲ့လက်တွေ့ဆောင်ရွက်ချက်တွေ ဆောင်ကျဥ်းပေးနိုင်မှာပါလား။
ရာသီဥတုပြောင်းလဲမှုအရေးဦးဆောင်တက်ကြွသူတဲ့လူငယ် ဂရက်တာ ထွန်းဘာ့ဂ်ကတော့ ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ထိပ်သီးညီလာခံတွေဟာ ‘‘ဘလာ ဘလာ ဘလာ’’ လို့ပြောပါတယ်။ ဆိုလိုတာကတော့ ဆွေးနွေးတာသာလုပ်ပြီး အရေးယူဆောင်ရွက်မှုမရှိဘူးလို့ ပြောတာဖြစ်ပါတယ်။
ဒါပေမဲ့ COP ဆွေးနွေးပွဲလုပ်ငန်းစဥ်သာမရှိဘူးဆိုရင် ဒီလိုအလားတူဆွေးနွေးပွဲမျိုး တစ်ခုခုပေါ်လာမှာကိုလည်း ကျွန်တော်တို့ လိုလားလောက်ပါတယ်။
ကိုယ်က ကမ္ဘာမြေကိုလာလည်တဲ့ ပြင်ပဂြိုလ်သားတစ်ဦးလို့ပဲ ခဏလောက်တွေးကြည့်ပါ။
ကမ္ဘာမြေပေါ်မှာ နေထိုင်ကြတဲ့လူတွေ လုပ်ကိုင်တာကြောင့်ဖြစ်တဲ့ ကပ်ဆိုးကြီးတွေကို ကမ္ဘာက ကြုံလာနိုင်ခြေရှိတယ်လို့ သိရှိလိုက်ရတဲ့အခါ ပထမဆုံး အဲဒီဂြိုဟ်သားတွေးမိမှာက ‘‘ခင်ဗျားတို့ အားလုံး ဒီပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲဆိုတာ ၊အတူတူဖြေရှင်းကြဖို့ လိုအပ်ပြီ’’ ဆိုတာပဲ ဖြစ်ပါတယ်။
ဒါပေမဲ့ တိုးတက်မှုဖြစ်အောင်လုပ်ဖို့ကတော့ အတော်လေးကို ခက်ခဲပါတယ်။
ရာသီဥတု ပြောင်းလဲမှုကို ဖြစ်စေတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချဖို့ ကမ္ဘာတဝန်းက စုပေါင်း သဘောတူညီချက်ကို ပထမဆုံးရရှိခဲ့တာဟာ ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာကျင်းပတဲ့ COP21 အစည်းအဝေးမှာဖြစ်ပြီး ဒါဟာ လွန်ခဲ့တဲ့ ၈ နှစ်တုန်းကမှ ဆိုတာကိုသိရင် ခင်ဗျား အံ့အားသင့်မိမှာပါ။
ကုလသမဂ္ဂသိပ္ပံပညာရှင်တွေရဲ့အပြောအရဆိုရင် နိုင်ငံပေါင်း ၂၀၀ နီးပါးဟာ ကမ္ဘာ့အပူချိန်ကို ၂ စင်တီဂရိတ် ‘‘အောက်မှာပဲရှိနေအောင်’’ ဆက်ထားဖို့နဲ့ အန္တရာယ်အကြီးမားဆုံးရာသီဥတုရိုက်ခတ်မှုတွေကို ရှောင်ရှားဖို့အရေးပါတဲ့ ကမ္ဘာ့အပူချိန်ကို ၁.၅ စင်တီဂရိတ်အထိမရောက်အောင်ကန့်သတ်ရေး ‘‘အားထုတ်မှုတွေလုပ်ကြဖို့’’ ကတိကဝတ်ပြုထားကြပါတယ်။
၂၀၁၅ ခုနှစ်မှာ ရရှိခဲ့တဲ့ အဲဒီ ပါရီသဘောတူညီချက်ဟာ ရာသီဥတုပြောင်းလဲမှုအရေး ကိုင်တွယ်ဖြေရှင်းဖို့ ရှေ့တိုးခြေလှမ်းကြီးတစ်ရပ်ဖြစ်ခဲ့ပြီး ‘‘ရာသီဥတုအရေး ကမ္ဘာလုံးဆိုင်ရာအရေးတယူဆောင်ရွက်ဖို့ နီးကပ်လာစေ’’တယ်လို့လည်း ကုလသမဂ္ဂက ပြောပါတယ်။ ဒီသဘောတူညီချက်ဟာ ကမ္ဘာမှာဖြစ်လာနိုင်ခြေရှိတဲ့ ပူနွေးမှုကိုလည်း လျှော့ချဖို့ အထောက်အကူပေးခဲ့ပါတယ်။
ဒါပေမဲ့ ကမ္ဘာကြီးဟာ ပါရီသဘောတူညီချက် မှာ ချမှတ်ထားတဲ့ရည်မှန်းချက်တွေ ရရှိနိုင်ရေး လိုအပ်တဲ့နှုန်းရောက်အောင် ဆောင်ရွက်တာမရှိသေးဘူးလို့ မကြာသေးခင်တုန်းက ကုလသမဂ္ဂအစီရင်ခံစာမှာ အတည်ပြုဖော်ပြထားပါတယ်။
ဒါကို ဖြေရှင်းဖို့ ကြိုးစားမှုဟာ ညီလာခံအတွက် အကြီးမားဆုံးဖြေရှင်းရမယ့်ကိစ္စတွေထဲက တစ်ခုဖြစ်လာမှာဖြစ်ပါတယ်။
အစီအစဥ် ထိပ်ဆုံးမှာရှိနေတာကတော့ သက်ဆိုင်ရာအစိုးရတွေက ရာသီဥတုပြောင်းလဲမှုအရေး အရေးတယူဆောင်ရွက်မှုဆိုင်ရာ ကတိကဝတ်တွေရရှိရေးသဘောတူညီချက်တစ်ရပ်ရအောင်ဖြစ်ပြီး ကုလသမဂ္ဂအသုံးအရဆိုရင် ‘‘နိုင်ငံတော်အဆင့်ကနေစိတ်ပိုင်းဖြတ်ထားတဲ့ပူးပေါင်းပါဝင်မှု’’ ဒါမှမဟုတ် NDC မှာ ပိုပြီး ပါဝင်လာဖို့ဖြစ်ပါတယ်။
ရည်ရွယ်တာကတော့ အချိန်ကြာလာတာတဲ့အမျှ ရာသီဥတုပြောင်းလဲမှုလျှော့ချရေးလုပ်ဆောင်ချက်တွေကို နောက်ကြောင်းပြန်လှည့်တာမျိုးမရှိတော့ဘဲ ရည်မှန်းချက်ထားပြီး ရဲရဲဝင့်ဝင့်အကောင်အထည်ဖော်လာဖို့ ဖြစ်ပါတယ်။
COP28 အတွက် မျှော်လင့်ချက်ကတော့ အစားအသောက်နဲ့ လယ်ယာစိုက်ပျိုးရေးအပါအဝင် စီးပွားရေးလုပ်ဆောင်ချက် အားလုံးအတွက် ကာဗွန်ထုတ်လွှတ်မှုကို ကာမိအောင် NDC ကို ကျယ်ကျယ်ပြန့်ပြန့် ဖော်ဆောင်သင့်တယ်ဆိုတဲ့သဘောတူညီချက်တစ်ရပ်ရဖို့ဖြစ်ပါတယ်။
နိုင်ငံတွေဟာ ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေး ပေးနိုင်တဲ့ကတိကဝတ်တွေကို သက်တောင့်သက်သာပေးလာနိုင်ရေး ကြိုးပမ်းချက်လည်း ရှိမှာဖြစ်ပါတယ်။
လက်ရှိမှာတော့ ပါရီသဘောတူညီချက်ဟာ ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေးနဲ့ပတ်သက်ပြီး သက်ဆိုင်ရာနိုင်ငံတွေအနေနဲ့ မဖြစ်မနေ လုပ်ဆောင်ဖို့ အင်အားသုံးတိုက်တွန်းတာမျိုး မလုပ်ထားပါဘူး။ ကုလသမဂ္ဂလုပ်ငန်းစဥ်အတိုင်းဖြစ်တာကြောင့် သက်ဆိုင်ရာနိုင်ငံတွေဟာ မဖြစ်မနေမဟုတ်ဘဲ ဆန္ဒအလျောက်သာ လုပ်ဆောင်ရတာကြောင့်ဖြစ်ပါတယ်။
နောက်ထပ် အဓိက ပြဿနာကတော့ ငွေကြေးဖြစ်ပါတယ်။
ဘယ်သူက ဘာအတွက် ပေးရမယ်ဆိုတာကိုလည်း အတော်လေးဆွေးနွေးကြဖို့ရှိပါမယ်။
သတင်းကောင်းကတော့ လေအားနဲ့ နေရောင်ခြည်စွမ်းအင်လို ပြည်လည်ပြည့်ဖြိုးမြဲစွမ်းအင်နည်းပညာတွေဟာ ကုန်ကျစရိတ်ပိုနည်းပြီး နေရာအတော်များများမှာဆိုရင် အဲဒီနည်းပညာတွေကနေရတဲ့ လျှပ်စစ်ဟာ ရုပ်ကြွင်းလောင်စာတွေကနေရတဲ့ လျှပ်စစ်ဓာတ် ကုန်ကျစရိတ်ပိုနည်းပါတယ်။
ယူအေအီး ရဲ့ ရည်မှန်းချက်တွေထဲက တစ်ခုကတော့ ကမ္ဘာ့ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အသုံးပြုဟာ ၂၀၃၀ ပြည့်နှစ်ကိုရောက်တဲ့အခါ လက်ရှိအသုံးပြုနေတဲ့ပမာဏရဲ့ ၃ ဆအထိတိုးလာဖို့ဖြစ်ပါတယ်။
ဒါကိုလည်း အမေရိကန်၊ တရုတ်နဲ့ အခြား စက်မှုထိပ်သီးနိုင်ငံ ၂၀ တွေက သဘောတူထားပြီးဖြစ်ပါတယ်။ စွမ်းအင် ကုံလုံမှုနှုန်းကိုလည်း ၂၀၃၀ ပြည့်နှစ်မှာ ၂ ဆဖြစ်လာအောင် တိုးလာစေရေး သဘောတူညီချက်ရရှိစေချင်တာလည်းရှိပါတယ်။
ဒီအခြေအနေတွေဟာ ရေရှည်မှာ ဘဏ္ဍာရေးခြွေတာနိုင်တာတွေရှိလာတယ်ဆိုရင်တောင် ရင်းနှီးမြှုပ်နှံမှုကြီးကြီးမားမားကို အရင်ဆုံးလုပ်ဖို့ လိုအပ်မှာဖြစ်ပါတယ်။
ကျွန်တော်တို့ လက်ရှိသိထားပြီးတဲ့ ရာသီဥတုပြောင်းလဲမှု ရိုက်ခတ်မှုတွေကို ကိုင်တွယ်ဖြေရှင်းတာနဲ့ ပြင်ဆင်တာအတွက်တောင် ဒေါ်လာသန်း ထရီလီယံကုန်ကျမှာဖြစ်ပါတယ်။
ဒီဆွေးနွေးပွဲတွေရဲ့ အချက်ကတော့ ကမ္ဘာကြီးကို ကွဲပြားနေစေတဲ့ ဆင်းရဲချမ်းသာမညီမျှမှု ဖြစ်ပါတယ်။
ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံတွေဟာ ရုပ်ကြွင်းလောင်စာတွေကို လောင်ကျွမ်းမီးရှို့မှုကနေရလာတဲ့စွမ်းအင်တွေနဲ့ ချမ်းသာပြီးရင်းချမ်းသာလာကြပါတယ်။
ပိုဆင်းရဲတဲ့နိုင်ငံတွေကတော့ သူတို့နိုင်ငံတွေ သဘာဝပတ်ဝန်းကျင်ယိုယွင်းမှုလျှော့ချရေးနည်းလမ်းကို သွားဖို့နဲ့ ချမ်းသာတဲ့နိုင်ငံတွေဖန်တီးလို့ဖြစ်လာတဲ့ ရာသီဥတုရိုက်ခတ်မှုတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ချမ်းသာတဲ့နိုင်ငံတွေအနေနဲ့ သူတို့ကို ငွေကြေးကူညီဖို့ လိုအပ်မယ်လို့ ပြောလာကြပါတယ်။
ဖွံ့ဖြိုးပြီးနိုင်ငံတွေက ပေးထားတဲ့ကာလရှည် ကတိကဝတ်ကတော့ ရာသီဥတုအရေး အလေးထားဆောင်ရွက်နိုင်ရေး ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ကူညီဖို့ တနှစ်ကို ဒေါ်လာ ဘီလျံ ၁၀၀ ရှာဖွေဖို့ဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ်မှာ ကနဦးသဘောတူညီခဲ့တဲ့ ဒီကတိကဝတ်ဟာ နောက်ဆုံးတော့ ပြည့်မီခဲ့ပါတယ်။
ကမ္ဘာ့ဘဏ်နဲ့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့(IMF)တို့လို ကမ္ဘာလုံးဆိုင်ရာအဖွဲ့အစည်းကြီးတွေ အဲဒီငွေကြေးစီးဆင်းနိုင်ရေးအကူအညီပေးနိုင်ဖို့ သူတို့ ငွေချေးတဲ့စည်းကမ်းတွေကိုလည်း ပြောင်းလဲဖို့ ဖိအားတွေရှိလာတဲ့ အထောက်အထားကိုလည်း တွေ့ထားပါတယ်။
ဒါပေမဲ့ ဒီခရီးဟာ ချောချောမွေ့မွေ့မဟုတ်ပြန်ပါဘူး။
၂၀၂၂ ခုနှစ်တုန်းက အီဂျစ်နိုင်ငံမှာပြုလုပ်ခဲ့တဲ့ COP27 အကြီးအကျယ်အောင်မြင်ခဲ့တာဟာ ပိုဆင်းရဲတဲ့နိုင်ငံတွေမှာ ရာသီဥတုကပ်ဘေးတွေကို ကိုင်တွယ်ဖြေရှင်နိုင်ရေး အထောက်အကူဖြစ်ဖို့ ‘‘ပျက်စီးဆုံးရှုံးမှုဆိုင်ရာ’’ ရန်ပုံငွေအသစ်ကို ဖန်တီးရေး သဘောတူညီမှုရခဲ့တာကြောင့်ဖြစ်ပါတယ်။
ဒါပေမဲ့ ဘယ်နိုင်ငံတွေက ဒီရန်ပုံငွေမှာ ထည့်ဝင်နေကြပါသလဲ။ ဥရောပသမဂ္ဂ(EU) ကတော့ သူ့ပိုက်ဆံအိတ်ထဲကငွေ ထုတ်မယ်လို့ပြောနေပါတယ်။ ဒါပေမဲ့ အမေရိကန်နဲ့ တခြားကမ္ဘာ့စီးပွားရေးကောင်းတဲ့နိုင်ငံကြီးတွေကရော။
တရုတ်၊ ဆော်ဒီအာရေးဗျနဲ့ ပင်လယ်ကွေ့နိုင်ငံတွေကို COP ရည်မှန်းချက်တွေအတွက် ဖွံ့ဖြိုးဆဲနိုင်ငံတွေလို့ပဲ သတ်မှတ်ထားပါတယ်။ ဒါကြောင့် အခုလို ရန်ပုံငွေတွေအတွက် ပေးစရာ တာဝန် မရှိနေပါဘူး။
နောက်ဆုံးမှာတော့ ကျွန်တော်တို့ဟာ COP ရဲ့အကြိုက်ဆုံးအချက်ဖြစ်တဲ့ ‘‘ကာဗွန်ထုတ်လွှတ်မှုလျှော့ချမလား၊ သဘောတူညီချက်ကနေ ထွက်မလား’’ ဆိုတဲ့ ကစားနည်းထဲကို ဦးပြန်လှည့်မှာဖြစ်ပါတယ်။
မီးလောင်ကျွမ်းသွားတဲ့အခါ ကာဗွန်ထုတ်လွှတ်မှုကို နည်းပညာနဲ့တိုင်းတာမှု တိုင်းတာဖို့ခက်တဲ့ ကျောက်မီးသွေး၊ ရေနံနဲ့သဘာဝဓာတ်ငွေ့လို ရုပ်ကြွင်းလောင်စာတွေအတွက် ကမ္ဘာလုံးဆိုင်ရာ အရှည်ကြာဆုံး ရည်မှန်းချက်တွေကို ပုံဖော်ဖို့ သုံးတဲ့မေးခွန်းတစ်ခုရှိနေပါတယ်။
ပြောရရင် ကမ္ဘာဟာ ဒီရုပ်ကြွင်းလောင်စာတွေ ထုတ်လုပ်မှုကို တဖြည်းဖြည်းလျှော့ချသင့်သလား၊ လေထုညစ်ညမ်းမှုဖြစ်စေတဲ့ရုပ်ကြွင်းလောင်စာတွေကို တဖြည်းဖြည်းလျှော့ချသုံးစွဲသင့်လား၊ ဒါမှမဟုတ် လုံးဝ မသုံးတော့တဲ့နေ့ကို သတ်မှတ်သင့်လား၊ ဒါဆိုရင်လည်း ဘယ်တော့ဖြစ်သင့်လဲ။
ဒီလိုဖြစ်လာရင်အတိုင်းထက်အလွန် ကောင်းမွန်ပြီလို့ ထင်ရပေမဲ့ ကမ္ဘာမှာတော့ ဒါကို ကတိကဝတ်ထားလုပ်ဆောင်တာမျိုးမရှိသေးပါဘူး။
သတိပေးတာတွေရှိနေပေမဲ့လည်း လက်ရှိမှာ ထုတ်လုပ်နေတဲ့ရုပ်ကြွင်းလောင်စာပမာဏဟာ ကမ္ဘာ့အပူချိန်ကို ၁.၅ စင်တီဂရိတ်အထိပဲထားမယ်လို့ သတ်မှတ်မယ်ဆိုရင် ထုတ်လုပ်အသုံးပြုရမယ့် ရုပ်ကြွင်းလောင်စာပမာဏထက်စာရင်တော့ အတော်လေးကို နည်းနေပါသေးတယ်။