ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကုလသမဂ္ဂ ရာသီဥတု အစီရင်ခံစာမှာ ဖော်ပြထားတဲ့ သိသင့်တဲ့ အချက် ၅ ချက်
Matt McGrath ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဘီဘီစီသတင်းထောက်
ကမ္ဘာ့ အပူချိန်မြင့်တက်လာနေမှုနဲ့ပတ်သက်ပြီး နိုင်ငံတကာအစိုးရတွေနဲ့ ပေါင်းစပ်ဖွဲ့စည်းထားတဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာအဖွဲ့ (IPCC)အိုင်ပီပီစီအဖွဲ့က အစီရင်ခံစာသစ်တစ်ခုကို မတ်လလယ်က ထုတ်ပြန်ခဲ့ပါတယ်။ ဒီအဖွဲ့က ကုလသမဂ္ဂကို ရာသီဥတုဆိုင်ရာ အကြံဥာဏ်တွေပေးနေတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။
အဲ့ဒီအစီရင်ခံစာကို လွန်ခဲ့တဲ့ငါးနှစ်က အချက်အလက်တွေကို အခြေခံ သုတေသနပြုလုပ်ထားတာဖြစ်ပြီး အရေးကြီးတဲ့ သုတေသန ခြောက်ခုပေါင်းစပ်ထားတာကို အကျဥ်းချုပ် ဖော်ပြထားတာပါ။ အဲ့ဒီအစီရင်ခံစာထဲမှာ ဖော်ပြထားတဲ့ အရေးကြီးတဲ့ အချက်တွေကို ဘီဘီစီ သဘာဝပတ်ဝန်းကျင် သတင်း ထောက် မတ်မက်ဂရက်က စုစည်း တင်ပြထားပါတယ်။
၁။သတ်မှတ်ထားတဲ့အပူချိန်ထက် ကျော်လာနေ
နိုင်ငံတကာအစိုးရတွေနဲ့ ပေါင်းစပ်ဖွဲ့စည်းထားတဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာအဖွဲ့ (IPCC) အိုင်ပီစီစီရဲ့ လေ့လာမှုအရ ကမ္ဘာကြီး ပူနွေးလာမှုကို ၁.၅ စင်တီဂရိတ် ထက်ပိုမပူအောင် ထိန်းထားနိုင်မယ့် အခွင့်အလမ်း အတော်နည်းပါးနေပြီလို့ သိရပါတယ်။
ကမ္ဘာကြီးပိုပူနွေးလာနေမှုကို လျှော့ချနိုင်ဖို့ နိုင်ငံတကာအစိုးရတွေ အရင်က သဘောတူထားတွေ ရှိပါ တယ်။ ဒါပေမယ့် လက်ရှိအချိန်မှာ ကမ္ဘာကြီးက ၁.၁ စင်တီဂရိတ် ပိုပူနွေးလာနေပြီး၊ ၂၀၃၀ ပြည့်လွန်နှစ်တွေ အတွင်းမှာ ၁.၅ စင်တီဂရိတ် ထက်ကျော် ပိုပူလာဖို့ရှိနေတဲ့အတွက် နိုင်ငံရေး ဟောပြော မှုတွေလုပ် နေမယ့်အစား သဘောတူထားတွေကို လက်တွေ့အကောင် အထည်ဖော်လုပ်ဆောင်နိုင်ဖို့ လိုအပ်လာပါပြီ။
" ဒီကိစ္စတွေဖြစ်လာမယ်ဆိုတာ အိုင်ပီစီစီနဲ့ ရာသီဥတုသိပ္ပံဌာနက အမြဲတမ်း ရှင်းရှင်း လင်းလင်း သိထားပြီး ကျွန်တော်တို့ အပူချိန် ၁.၅ စင်တီဂရိတ်အောက်ရောက်ဖို့ မဖြစ်နိုင်တော့ဘူး" လို့ နိုင်ငံတကာနဲ့ လုံခြုံရေးရေးရာ ဂျာမန် အင်စတီကျုက ဒေါက်တာ Oliver Geden က ပြောပါတယ်။
ဒေါက်တာ Geden နဲ့ သူ့ လုပ်ဖော်ကိုင်ဖက်တွေကလည်း အပူချိန် ၁.၅ ဒီဂရီကို ကျော်လွန်ပြီးနောက်ပိုင်း ကာလမှာ တတ်နိုင်သလောက်မြန်မြန် ကျဆင်းအောင်လုပ်ဖို့ကို အာရုံစူးစိုက်သင့်နေပြီလို့တောင် ပြောနေကြပါတယ်။
ရည်မှန်းထားတဲ့အပူချိန်ထက် ပိုပူလာနေတဲ့ကိစ္စက အန္တာရာယ်များပါတယ်။ အပူချိန်မြင့် တက်လာမှုကြောင့် နှင်းခဲတွေ အရည်ပျော်တာကနေ ကမ္ဘာကြီးပူနွေးစေတဲ့ ဓာတ်ငွေ့တွေ အများကြီးထွက်လာနိုင်ပါတယ်။ အဲဒီလိုအခြေအနေထိ မရောက်သင့်ပါဘူး။
လေထုထဲကနေ ကာဗွန်ဒိုင်အောက်ဆိုက်ကို စုပ်ယူပြီး ပိုပူနေတာကနေ အေးအောင်ပြန်လုပ်ရတဲ့ကိစ္စက အကုန်ကျများပြီး သက်သေမပြနိုင်သေးတဲ့ နည်းပညာလည်းဖြစ်ပါတယ်။
ဆိုလိုတာက ဒီကိစ္စဟာ လေထုထဲမှာ ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့တွေ ပိုမများလာအောင်ထိန်းဖို့ ၊ ကာဗွန်ထုတ်လွှတ်မှုနဲ့ ကာဗွန်ခြေဖျက်မှု တူညီတဲ့ ကာဗွန်မျှခြေ (နက်ဇီးရိုး) အနေအထား ဖြစ်အောင် အမြန်လုပ်ဖို့က လတ်တလော အရေးတကြီးလုပ်ဆောင်ရမယ့်အရာ ဖြစ်နေပါတယ်။ ကမ္ဘာကြီး ပူနွေးမှု ပိုများလာတိုင်း နှစ်တိုင်း တကယ်ကို အရေးကြီးလာပါတယ်။
၂။ မြေကြီးထဲက အရာတွေ မြေကြီးထဲမှာ ဆက်ထားရှိပါ
အစီရင်ခံစာမှာ အတိအကျမဖော်ပြထားပေမဲ့ သက်ရှိတွေနေနိုင်တဲ့ ကမ္ဘာဂြိုဟ်ပေါ်မှာ ကျောက်မီးသွေး၊ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေ ဆက်မသုံးသင့်တော့ဘူးဆိုတဲ့ ရှင်းလင်းတဲ့ သတင်းစကားပေးတဲ့ အရိပ်အယောင်အချို့ကို တွေ့ရပါတယ်။
အစီရင်ခံစာထဲမှာ မီးမောင်းထိုးပြထားတာက လေနဲ့နေရောင်ခြည်တို့က ထုတ်တဲ့ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်ထုတ်လုပ်မှုဟာ အခုဆို ဘယ်လောက်ပိုစျေးသက်သာလာပြီး၊ နေရာအများစုမှာ ကာဗွန်ထုတ်လုပ်မှုလျော့နည်းတဲ့ စွမ်းအင်သုံးစွဲမှုကို ပြောင်းတာထက်၊ရုပ်ကြွင်း လောင်စာက ထွက်တဲ့ စွမ်းအင်ကို အသုံးပြုတာက ပိုစျေးကြီးနိုင်တယ်ဆိုတဲ့အချက်ကိုပါ မီးမောင်း ထိုးပြထား ပါတယ်။
" ဒီသတင်းစကားထဲမှာ အရေးကြီးတဲ့အချက်ကတော့ လူတွေ ရုပ်ကြွင်းလောင်စာသုံးစွဲမှုကို မြန်မြန်ရပ်ကြဖို့ပြောချင်တာ ” လို့ အစီရင်ခံစာရေးသားသူတွေထဲမှာ တစ်ဦးပါဝင်တဲ့ ဒေါက်တာ ဖရီဒါကီအော့တိုက ဘီဘီစီကို ပြောထားပါတယ်။
"ကျွန်တော်တို့မှာ အရေးကြီးတဲ့ နည်းပညာ သို့မဟုတ် အရေးကြီးတဲ့ အသိပညာတွေ ချို့တဲ့နေတာ မဟုတ်ဘူး။အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေချဖို့နဲ့ အရေးကြီးတဲ့ အာရုံစူးစိုက်လုပ်ဆောင်မှုတွေ အားနည်းနေတာပါ "
၃။ ကျွန်တော်တို့လက်ထဲမှာ လုပ်ခွင့်တွေရှိနေ
ရာသီဥတုပြောင်းလဲမှုဆိုင်ရာ သိပ္ပံနည်းကျ အစီရင်ခံစာတွေဟာ အစိုးရတွေနဲ့ သူတို့ရဲ့ စွမ်းအင်မူဝါဒတွေအတွက်လို့ လွယ်လွယ်တွေးနိုင်ပေမဲ့ လူတွေရဲ့ လုပ်ဆောင်ချက်ကြောင့် ကြီးမားတဲ့ အပြောင်းအလဲတွေ ရှိတယ်ဆိုတာကို အိုင်ပီစီစီအဖွဲ့က မီးမောင်းထိုးပြနေပါတယ်။
အိုင်ပီပီစီအဖွဲ့ အစည်းအဝေးကို လေ့လာသူအဖြစ် တက်ခွင့်ရတဲ့ Greenpeace အဖွဲ့က Kaisa Kosonen က " ၂၀၅၀ ခုနှစ် ဓာတ်ငွေ့ထုတ်လွှတ်မှု ခန့်မှန်းပမာဏာကို ၄၀ ကနေ ၇၀ရာခိုင်နှုန်း လျော့ချသွားနိုင်မယ်”လို့ မျှော်လင့်ထားတဲ့အကြောင်း ပြောကြားခဲ့ပါတယ်။
အဲ့ဒီအထဲမှာ အပင်အခြေခံတဲ့ အစားအသောက်တွေ စားသုံးမှုဘက်ကို ပြောင်းတာ၊ လေယာဉ်စီး တာတွေ ရှောင်တာ၊ သွားလာရလွယ်တဲ့ မြို့တွေနဲ့ စက်ဘီးစီးလို့ရတဲ့ မြို့တွေကို ဖန်တီးတည်ဆော က်တာတွေလည်း ပါဝင်ပါတယ်”လို့ သူက ဘီဘီစီကို ပြောပါတယ်။
ဒီအစီရင်ခံစာကနေ အစိုးရတွေကို သူတို့ရဲ့ သယ်ယူပို့ဆောင်ရေး၊ စက်မှုလုပ်ငန်းတွေနဲ့ စွမ်းအင်စနစ်တွေကို ပြုပြင်ပြောင်းလဲဖို့ လှုံ့ဆော်ထားပြီး အဲဒီ ကာဗွန်ထုတ်လွှတ်မှုနည်းတဲ့ နည်းလမ်းတွေကနေ လူတစ်ဦးချင်းအတွက် ပိုမိုလွယ်ကူပြီး စျေးသက်သာစေနိုင်မှာ ဖြစ်ပါတယဉ်။
၄။ ကျွန်တော်တို့ရဲ့လုပ်ဆောင်မှုတွေက နောင် နှစ်ထောင်ပေါင်းများစွာထိ ပဲ့တင်ထပ် ကျန်ရစ်မယ်
လာမယ့် ခုနစ်နှစ်တာကာလအတွင်း ကျွန်တော်တို့ ချမှတ်ထားတဲ့ ကမ္ဘာတစ်ဝန်း ဆုံးဖြတ် ချက်တွေကနေ နောင်ရာစုနှစ်များထိအောင် ပဲ့တင်ထပ်ကျန်ရစ်နိုင်တယ်လို့ ပြောရင် အံ့ဩ စရာကောင်းတယ်လို့ တွေးမိနိုင်ပါတယ်။
၂ စင်တီဂရိတ်ကနေ ၃ဒီဂရီစင်တီဂရိတ်ကြား ဆက်တိုက်ပူနွေးလာမှုနဲ့အတူ ဂရင်းလန်းနှင့် အနောက်အန္တာတိကမှာရှိတဲ့ ရေခဲလွှာကြီးတွေ ထောင်စုနှစ်များစွာအတွင်း “လုံးဝနီးပါး ပျောက်ကွယ်သွားနိုင်တယ်”လို့ အစီရင်ခံစာထဲဖော်ပြ သတိပေးထားပါတယ်။
အပူချိန်နိမ့်တဲ့နေရာတွေမှာရှိတဲ့ ကမ္ဘာ့ရေခဲမြစ်တွေလို အရာတွေဟာလည်း ဒီပိုပူနွေးလာမှုရဲ့ ရိုက်ခတ်မှုကို ရင်ဆိုင်ဖြတ်ကျော်ရမှာပါ။
ကမ္ဘာကြီး ပိုမိုပူနွေးလာမှု ရပ်တန့်သွားအောင် အစိုးရတွေအနေနဲ့ ၂၀၃၀ခုနှစ် မတိုင်မီ သူတို့ ကတိကဝတ်တွေကို မြှင့်တင်လုပ်ဆောင်သွားဖို့ လိုအပ်ပြီး ၂၀၅၀ခုနှစ်ကျရင် ကျွန်တော် တို့ပတ် ဝန်းကျင်မှာ ဖန်လုံအိမ်ဓာတ်ငွေ့တွေ လုံးဝထပ်မတိုးလာအောင်လုပ်ဖို့လိုပါတယ်။ ပြီးတော့ ၂၁၀၀ခုနှစ်ရောက်ရင်လည်း ၁.၅စင်တီဂရိတ်အပူချိန် သို့မဟုတ် ၁.၅စင်တီဂရိတ်စင်တီဂရီ ထက် အပူချိန်ထက်မတက်အောင် ထိန်းထားနိုင်ဖို့လိုပါတယ်။
"ကျွန်တော်တို့ရဲ့ ရာသီဥတုစနစ် သာမက ကျွန်တော်တို့ရဲ့ လူမှုရေးစနစ်တွေနဲ့ ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင် ဂေဟစနစ်တွေကိုပါ အရေးတကြီးပြောင်းလဲဖို့ လိုအပ်နေပီလို့ ထင်ပါတယ်။ဒါကြောင့် ကျွန်တော်တို့ အားလုံးအတွက် ပိုမိုကောင်းမွန်တဲ့ နေရာတစ်ခုဖြစ်လာအောင်ကမ္ဘာကြီးကို အပြောင်းအလဲလုပ်ဖို့ ပြောင်းလဲမှု တွေ ဆက်လုပ်ရပါမယ်”လို့ ဒေါက်တာ ဖရီဒါကီအော့တိုက ပြောပါတယ်။
၅။ သိပ္ပံပညာနဲ့တင်မက နိုင်ငံရေးနဲ့လည်း ပတ်သက်နေ
အိုင်ပီစီစီအဖွဲ့ရဲ့ တကယ့် စွမ်းပကားက သူတို့တင်ပြတဲ့ အစီရင်ခံစာတွေကို အစိုးရတွေက သဘောတူညီထားပြီးဖြစ်နေသလို အဖွဲ့က သိပ္ပံပညာရှင်တွေ ထုတ်ပြန်ရေးသားထားတဲ့ အစိရင်ခံစာတွေကိုလည်း သူတို့ကိုယ်စားလှယ်တွေက အတည်ပြုပေးထားပြီးသားဖြစ်ပါတယ်။
ဒါပေမဲ့ ရုပ်ကြွင်းလောင်စာတွေရဲ့ အနာဂတ်နဲ့ပတ်သက်လို့ကတော့ နိုင်ငံရေးမေးခွန်းတစ်ခု အနေနဲ့ ပိုပို မေးခွန်းထုတ်စရာ ဖြစ်လာနေပါတယ်။
လွန်ခဲ့တဲ့ နိုဝင်ဘာလက Sharm el-Sheikh မှာကျင်းပခဲ့တဲ့ နိုင်ငံအများအပြားပါဝင်တဲ့ COP27 အစည်း အဝေးမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့အပြင် ကျောက်မီးသွေးအသုံးပြုမှုကို ဖျက်သိမ်းဖို့ကိစ္စကို ကုလသမဂ္ဂက သဘောတူညီချက်ရဖို့ ကြိုးပမ်းခဲ့တာမှာလည်း အောင်မြင်မှုမရခဲ့ပါဘူး။
အခုထိလည်း အဲ့ဒီငြင်းခုံမှုက မပြီးဆုံးသေးပါဘူး။ ဥရောပသမဂ္ဂ အီးယူကတော့ ယခုလုပ်ရပ်ကို ပွင့်ပွင့် လင်းလင်း ထောက်ခံအားပေးနေပါတယ်။
အခု အိုင်ပီစီစီရဲ့ အစီရင်ခံစာအသစ်ထဲမှာ ထုတ်ပြန်ထားတွေကို ဒီနှစ်နှောင်းပိုင်း ဒူဘိုင်းမှာ လုပ်မယ့် COP28 ညီလာခံမှာ အဓိကထည့်သွင်း ဆွေးနွေးကြမှာ သေချာပါတယ်။