တရုတ်နဲ့ ဆက်သွယ်ရေးလမ်းကြောင်းဖွင့်ဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးပြော - ဇွန်လ ၁၄ ရက် ညပိုင်း နိုင်ငံတကာသတင်းများ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အမေရိကန် နဲ့ တရုတ်တို့ဟာ အထင်လွဲမှုတွေနဲ့ ပဋိပက္ခတွေ ရှောင်ရှားနိုင်ဖို့ ဆက်သွယ်ရေး လမ်းကြောင်းတွေ ဖွင့်ဖို့ လိုတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကင်က ပြောကြားလိုက်ပါတယ်။
လာမယ့် တနင်္ဂနွေနေ့မှာ ဘေဂျင်းကို မသွားခင် တရုတ် နိုင်ငံခြားရေး ဝန်ကြီး ချင်ကန် နဲ့ ဖုန်းပြောရာမှာ မစ္စတာ ဘလင်ကင်က အခုလို ထည့်သွင်းပြောသွားခဲ့တာပါ။
တရုတ်နဲ့ အမေရိကန် ဆက်ဆံရေးဟာ အခုနှစ်ဆန်းပိုင်းကတည်းက ယိုယွင်းလာနေတယ်လို့ အမေရိကန်ကို မစ္စတာချင်က ပြစ်တင် ပြောဆိုထားပါတယ်။
မစ္စတာ ဘလင်ကင်ရဲ့ တရုတ်ခရီးစဉ်ဟာ စီစဉ်ထားတဲ့အတိုင်း ထွက်ပေါခဲ့ရင် ဒါဟာ လက်ရှိ သမ္မတ ဘိုင်ဒန် လက်ထက် တရုတ်နိုင်ငံကို အဆင့်အမြင့်ဆုံး အမေရိကန် အရာရှိတယောက် သွားရောက်တာ ဖြစ်သွားတော့မှာပါ ဖြစ်ပါတယ်။
လှေစီး၀င်ရောက်သူ ရာချီပါတဲ့လှေ ဂရိကမ်းရိုးတမ်းမှာမှောက်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဂရိတောင်ပိုင်း ကမ်းရိုးတန်းမှာ လှေစီးဝင်ရောက်သူတွေ ပါတဲ့လှေ တိမ်းမှောက်သွားပြီး အနည်းဆုံး လူ ၅၉ ယောက် မျောပါသွားပါတယ်။
လူအများအပြားလည်း ပျောက်ဆုံးနေပြီး တာဝန်ရှိသူတွေကတော့ အဲဒီလှေပေါ်မှာ လူ ၄ဝဝ လောက် လိုက်ပါလာတာလို့ ပြောပါတယ်။
အခုတော့ လူ ၁၀၀ ကျော်ကို ကယ်တင်နိုင်ခဲ့ပေမယ့် လေပြင်းတိုက်နေတာကြောင့် ကယ်ဆယ်ရေးလုပ်ရာမှာ အခက်အခဲ ကြုံနေရပါတယ်။
ဒီလှေကို အီးယူရဲ့ Frontex ဖရန့်တက်စ် အေဂျင်စီရဲ့ စောင့်ကြည့်ရေး လေယာဉ်တစင်းက မနေ့ အင်္ဂါနေ့လယ်က တွေ့ရှိခဲ့တာ ဖြစ်ပေမဲ့ လိုက်ပါလာသူတွေက ကယ်ဖို့ ငြင်းခဲ့တယ်လို့ ဂရိကမ်းစောင့်တပ်က ပြောပါတယ်။
အာဏာပိုင်တွေကတော့ ဒီလှေဟာ လစ်ဗျားကနေ အီတလီကို သွားရင်း အခုလို ဖြစ်ရပ်နဲ့ ကြုံရတာလို့ ဆိုပါတယ်။
တချိန်တည်းမှာ စစ်ပွဲတွေ ၊ အကြမ်းဖက်တာတွေ၊ ဖိနှိပ်မှုတွေနဲ့ ရာသီဥတု ပြောင်းလဲမှုတွေကြောင့် ကမ္ဘာတလွှားမှာ အိုးအိမ်စွန့်ခွာပြေးရသူ မနှစ်က စံချိန်တင်တိုးလာခဲ့ပြီး အခုနှစ်မှာတော့ တန့်နေတယ်လို့ ကုလ ဒုက္ခသည် အေဂျင်စီက ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်အထိ ကမ္ဘာတလွှား အိုးအိမ်စွန့်ခွာပြေးရသူ ၁ဝ၈ သန်းကျော် ရှိပြီး အရင်နှစ်ကထက် ၁၉ သန်း တိုးလာတယ်လို့ UNHCR က ဆိုပါတယ်။
မနှစ်က ယူကရိန်းမှာ ကျူးကျော်စစ်ထိုးခံရပြီးနောက် ဒုက္ခသည် အရေအတွက် အများဆုံး သိသိသာသာ ထိုးတက်သွားခဲ့ပြီး လွန်ခဲ့တဲ့ သီတင်းပတ်တွေ အတွင်း ဆူဒန် ပဋိပက္ခကြောင့်လည်း လူနှစ်သန်းကျော် အိုးအိမ်စွန့်ခွာ ပြေးခဲ့ရတယ်လို့UNHCR အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အခုလို ဒုက္ခသည် အရေအတွက် တိုးလာတဲ့ ပြသနာကို ကမ္ဘာနိုင်ငံတွေ အနေနဲ့ တညီတညွတ်တည်း အမြန် ဖြေရှင်းကြဖို့နဲ့ ဒီလို ဖြစ်ရတဲ့ အကြောင်းအရင်းကို အဖြေရှာကြဖို့ ကုလသမဂ္ဂက တိုက်တွန်းထားပါတယ်။
ကမ္ဘာ့အကြီးဆုံး ကျောက်ကပ်ကျောက်ကို ခွဲထုတ်ပေးနိုင်ခဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images
သီရိလင်္ကာမှာ အငြိမ်းစား တပ်ကြပ်ကြီးတစ်ဦး ဆီကနေ ကမ္ဘာ့အကြီးဆုံး ကျောက်ကပ်ကျောက်တလုံးကို ဖယ်ထုတ်ပေးနိုင်ခဲ့တယ်လို့ စစ်တပ်က ဆရာဝန်တွေက ပြောပါတယ်။
ကန်နစ်စတပ် ကိုးနက်ဂျ်ရဲ့ ကိုယ်က ခွဲထုတ်လိုက်တဲ့ကျောက်ဟာ ၈ဝဝ ဂရမ်လောက်ရှိပြီး ပျမ်းမျှ အမျိုးသားတယောက်ရဲ့ ကျောက်ကပ်အလေးချိန်ထက် ငါးဆပိုလေးတယ်လို့ ဆိုပါတယ်။
အရွယ်အစား အားဖြင့်လည်း ကျောက်ကပ်တခုနဲ့ ညီမျှတဲ့အရွယ် ဖြစ်တဲ့ ၁၃ စင်တီမီတာ ရှိတယ်လို့ ပြောပါတယ်။
မစ္စတာ ကိုးနက်ဂျ် ကတော့ သူဟာ ဗိုက်အောင့်ဝေဒနာ ခံစားနေရတာ ၃ နှစ်လောက် ရှိပြီလို့ ဆိုပါတယ်။
တောင်ကိုရီးယား နေဘော် အင်တာနက်ကို အတုလုပ်ပြီး မြောက်ကိုရီးယား တိုက်ခိုက်

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြောက်ကိုရီးယား ဟတ်ကာတွေဟာ Naver အင်တာနက်နဲ့ဆင်တဲ့ အင်တာနက် ပလက်ဖောင်း အတုတခုတည်ဆောက်ထားပြီး သုံးစွဲသူတွေရဲ့ ကိုယ်ရေး အချက်အလက်တွေ ရယူဖို့ လုပ်ဆောင်နေတယ်လို့ တောင်ကိုရီးယားက ပြောပါတယ်။
နေဘော်ဟာ တောင်ကိုရီးယားမှာ လူသိများ ထင်ရှားတဲ့ အင်တာနက် ပလက်ဖောင်း ဖြစ်ပြီး ကမ္ဘာမှာ ဂူဂယ်လူသိများသလို နေဘော်ဟာလည်း သူတို့နိုင်ငံမှာ လူသုံးများတာ ဖြစ်ပါတယ်။
မြောက်ကိုရီးယား အစိုးရဟာ ရှုပ်ထွေးစေတဲ့ အင်တာနက် ဟတ်ခ်လုပ်မှုတွေ ပိုတိုးလုပ်လာနေပြီး အခုနောက်ဆုံး ဟတ်ခ်လုပ်တိုက်ခိုက်မှုက ဘယ်လောက် ဆိုးရွားသလဲ ဆိုတာတော့ တိတိကျကျ မသိရသေးပါဘူး။
တောင်ကိုရီးယားက နေဘော် အင်တာနက် ကုမ္ပဏီကတော့ သုံးစွဲသူတွေအနေနဲ့ အချက်အလက်တွေ ဖြည့်သွင်းဝင်ရောက်တဲ့အခါ သတိကြီးစွာ ထားဖို့ တိုက်တွန်းထားပါတယ်။








