Threads - တွစ်တာကိုပြိုင်ဖို့ အင်စတာဂရမ်က မိတ်ဆက်လိုက်တဲ့အပလီကေးရှင်း

    • ရေးသားသူ, ခရစ် ဘဲလန့် နဲ့ ဂျိမ်းစ် ကလေတန်
    • ရာထူးတာဝန်, နည်းပညာဆိုင်ရာသတင်းထောက်

ဖေ့စ်ဘုတ်ခ်ကို ပိုင်ဆိုင်တဲ့ မက်တာကုမ္ပဏီကနေ အသစ်မိတ်ဆက်လိုက်တဲ့ Threads ကို သုံးစွဲသူအရေ အတွက်ဟာ ၇ နာရီအတွင်းမှာ ၁၀ သန်းအထိရှိလာပြီလို့ သိရပါတယ်။

မက်တာ နည်းပညာကုမ္ပဏီအကြီးအကဲ မာ့ခ် ဇတ်ကာဘတ်က ကုမ္ပဏီကနေ မိတ်ဆက်လိုက်တဲ့ သရက်စ်(Threads) အပလီကေးရှင်းဟာ တွစ်တာကို ကျော်တက် ယှဥ်ပြိုင်ဖို့ မျှော်မှန်းထားတယ်လို့ ပြောပါတယ်။

ကျွမ်းကျင်သူတွေကတေ့ာ Threads ဟာ မကြာသေးခင်က အပြောင်းအလဲတွေလုပ်ထားတဲ့ တွစ်တာကို အသုံးပြုရတာ အဆင်မပြေတော့တဲ့သုံးစွဲသူတွေကို ဆွဲဆောင်နိုင်လိမ့်မယ်လို့ ပြောပါတယ်။

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေမှာ သုံးစွဲနိုင်ဖို့ မိတ်မဆက်သေးတဲ့ Threads မှာ သုံးစွဲသူတွေဟာ စာလုံးရေ ၅၀၀ အထိ အသုံးပြုနိုင်တဲ့ပို့စ်ကို တင်နိုင်မှာဖြစ်ပြီး လုပ်ဆောင်ချက်အများစုကတေ့ာ တွစ်တာနဲ့ဆင်တူပါတယ်။

လက်ရှိမှာ အဲဒီအပလီကေးရှင်းကို စတင်ဖြန့်ချိပြီး ပထမဆုံး ၄ နာရီအတွင်းမှာ မှတ်ပုံတင်ပြီးအသုံးပြုသူ ၅ သန်းအထိရှိပြီလို့ မစ္စတာ ဇတ်ကာဘတ်က‌ပြောပါတယ်။

''သုံးစွဲသူနဲ့အနီးစပ်ဆုံးရှိနေတာက ဒီအပလီကေးရှင်းရဲ့ အန္တိမအောင်မြင်မှုဖြစ်လာပါလိမ့်မယ်''လို့ သူက အစောပိုင်းက ပြောထားပါတယ်။

ဒါပေမဲ့ တွစ်တာ ပိုင်ရှင် အီလွန် မာ့စ်ခ်က တော့ '' ဟန်ကိုယ်ဖို့ အင်စတာဂရမ်က ပေးတဲ့ပျော်ရွှင်မှုအမှားမှာ သာယာနေတာထက်စာရင် တွစ်တာကို လူစိမ်းတွေ တိုက်ခိုက်တာခံရတာက ခပ်ကောင်းကောင်းရယ်'' လို့ ပြောပါတယ်။

Threads အပ်ပလီကေးရှင်းဟာ တွစ်တာထက်ပိုပြီး‌လူကြိုက်များလာမလားလို့ မေးမြန်းချိန်မှာတော့ မစ္စတာ ဇတ်ကာဘတ်က '' အချိန်တေ့ာ ယူရမှာပေါ့။ ဒါပေမဲ့ သုံးစွဲသူ သန်း ၁‌ ထောင်ကျော်နဲ့ လူထုကြားပြောကြဆိုကြတဲ့ အပလီကေးရှင်းဖြစ်လာမယ်လို့ ကျွန်တော်ထင်ပါတယ်'' လို့ ပြောပါတယ်။

''တွစ်တာ အနေနဲ့ ဒီလိုအခွင့်အရေးမျိုးရှိခဲ့ပေမဲ့ သူတို့ ဖြစ်မြောက်အောင် မလုပ်နိုင်ခဲ့ဘူး။ ကျွန်တော်တို့ လုပ်နိုင်မယ်လို့ ထင်ပါတယ်''

လူမှုကွန်ရက်ပြိုင်ဘက်တွေကတေ့ာ Threads က အသုံးပြုမယ့် အချက်အလက်ပမာဏကို‌ ဝေဖန်ပါတယ်။ အဲဒီအပလီကေးရှင်းကို ရယူနိုင်တဲ့ အက်ပဲလ် အပလီကေးရှင်းစတိုးထဲက အချက်အလက်တွေထဲမှာဆိုရင် Threads က သုံးစွဲသူတွေရဲ့ ကျန်းမာရေး၊ ငွေရေးကြေးရေးနဲ့ ဆက်စပ် အင်တာနက်ရှာဖွေအသုံးပြုမှုအချက်အလက်တွေကိုပါ သိမှတ်ထားမှာဖြစ်ပါတယ်။

လက်ရှိမှာ ကို မြန်မ့ာအိမ်နီချင်း ထိုင်းနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၀၀ ကျော်မှာ ရယူသုံးစွဲနိုင်ပြီဖြစ်ပေမဲ့ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေမှာတေ့ာ လုပ်ထုံးလုပ်နည်းဆိုင်ရာစိုးရိမ်ချက်တွေကြောင့် အသုံးမပြုနိုင်သေးပါဘူး။

ကနဦး ဗားရှင်း

ဖေ့စ်ဘွတ်ခ်နဲ့ အင်စတာဂရမ်ကိုပိုင်ဆိုင်တဲ့ မက်တာကုမ္ပဏီကတေ့ာ ဒီအပလီကေးရှင်းဟာ '' ကနဦး ဗားရှင်း'' ဖြစ်ပြီး Mastodon လို တခြားလူမှုကွန်ရက်အပလီကေးရှင်းအသုံးပြုနေသူတွေနဲ့ အပြန်အလှန် ချိတ်ဆက်အသုံး ပြုလာနိုင်အောင် ပြုလုပ်ထားတဲ့ထပ်ဆောင်းလုပ်ဆောင်ချက်တွေ ပါဝင်တယ်လို့ ပြောပါတယ်။

'' ကျွန်ုပ်တို့ Threads ဗားရှင်းဟာ အင်စတာဂရမ်မှာရှိထားတာထက် အကောင်းဆုံးဖြစ်တဲ့လုပ်ဆောင်ချက်တွေပါဝင်ပြီး စာလုံးရေ ပိုရိုက်နိုင်တဲ့အပိုင်းလည်း ပါဝင်ပါတယ်'' လို့ ကုမ္ပဏီဘက်က အပလီကေးရှင်းကို မဖြန့်ချိခင်မှာ ပြောထားပါတယ်။

Threads ဟာ သီးခြားအပလီကေးရှင်းဖြစ်ပေမဲ့ အသုံးပြုသူတွေဟာ အင်စတာဂရမ်အကောင့်နဲ့ ဝင်ရောက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အင်စတာဂရမ် နာမည်တွေလည်း တပါတည်း ပါလာမှာဖြစ်ပေမဲ့ ပရိုဖိုင်ဓာတ်ပုံတွေကိုတော့ လိုသလိုပြုပြင်ပြောင်းလဲနိုင်မှာဖြစ်ပါတယ်။

သုံးစွဲသူတွေဟာ သူတို့ အင်စတာဂရမ်အကောင့်မှာ ဖော်လို လုပ်ထားသူတွေကို ပြန်လည်ဖော်လိုလုပ်နိုင်မယ်လို့ မက်တာက ပြောသလို သုံးစွဲသူတွေဟာ ကိုယ့်ကို ဖော်လိုမလုပ်ထားသူတွေ ကိုယ်တင်တဲ့အကြောင်းအရာတွေကို မမြင်အောင် အင်စတာဂရမ်မှာ ပိတ်ထားနိုင်ပေမဲ့ Threads မှာတော့ ကိုယ်တင်တဲ့အကြောင်းအရာကို အများမြင်နိုင်မှာ ဖြစ်ပါတယ်။

မက်တာရဲ့ စီးပွားရေးဆိုင်ရာကျင့်ဝတ်တွေနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေကြုံရပြီးချိန်မှာ အခု အပလီကေးရှင်း ဖြန့်ချိမှု ထွက်ပေါ်လာတာပါ။

ပြီးခဲ့တဲ့နှစ်တုန်းက မက်တာအကြောင်းဖွင့်ချခဲ့သူ ဖရန်ဆက် ဟိုဂန်ရဲ့အပြောအရဆိုရင် ကုမ္ပဏီဟာ ''သုံးစွဲသူတွေ အချက်အလက်လုံခြုံရေး စံနှုန်းထက် အမြတ်ရဖို့'' ရှေ့တန်းတင်တယ်လို့ ဝေဖန်ခဲ့ပြီး ပလက်ဖောင်းရဲ့ထိန်းကျောင်းမှုပုံစံကိုလည်း ဝေဖန်ခဲ့ပါတယ်။

ဖေ့စ်ဘွတ်ခ်သုံးစွဲသူတွေရဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေကို ဗြိတိသျှနိုင်ငံရေးအတိုင်ပင်ခံ Cambridge Analytica လို တတိယ အဖွဲ့အစည်းတွေကို ကြည့်ရှုရယူ ပိုင်ခွင့်ပေးခဲ့တဲ့ အရှုပ်တော်ပုံလည်း ရှိခဲ့တာပါ။

အတိတ်က အငြင်းပွားဖွယ် ဒီဖြစ်ရပ်ကို ရည်ညွှန်းတယ်လို့ ယူဆနိုင်တဲ့ '' သူတို့ အခုထိ လည်ပတ်နိုင်လို့ တော်သေးတာပေါ့'' လို့ဆိုတဲ့စကားကို တွစ်တာပိုင်ရှင် မစ္စတာ မက်စ်ခ်က တနင်္လာနေ့ကပဲ ပြောခဲ့ပါတယ်။

တွစ်တာအစား အလားတူ ရွေးချယ်စရာတွေဆိုရင် ဘလူးစကိုင်း နဲ့ Mastodon လူမှုကွန်ရက်တွေရှိပေမဲ့ အဲဒီကွန်ရက်တွေဟာ သုံးစွဲသူကို စွဲဆောင်ထားနိုင်မှုမှာ ရုန်းကန်နေရတုန်းဖြစ်ပါတယ်။

Threads ဘယ်လို အလုပ်လုပ်လဲ

Threads မှာဆိုရင် ပို့စ်တွေကို အင်စတာဂရမ်နဲ့ ဟိုဘက် ဒီဘက် အပြန်အလှန် မျှဝေနိုင်သလို လင့်ခ်တွေ၊ ဓာတ်ပုံတွေအပြင် ၅ မိနစ်အထိရှည်တဲ့ဗီဒီယိုတွေပါ ထည့်သွင်းနိုင်ပါတယ်။

ဒါပေမဲ့ ဗုဒ္ဓဟူးနေ့က အစောပိုင်းအသုံးပြုသူတွေကတော့ ဓာတ်ပုံတွေ တင်တဲ့အခါမှာ အနည်းငယ်ကြာတဲ့ ပြဿနာကြုံခဲ့ကြရတယ်လို့ ပြောဆိုခဲ့ကြတာလည်း ရှိခဲ့ပါတယ်။

သုံးစွဲသူတွေဟာ သူတို့ ဖော်လိုထားတဲ့သူတွေကနေတင်ထားပြီး မက်တာက threads လို့ခေါ်တဲ့ ပို့စ်အစဥ်လိုက်ကို သူတို့အကောင့် feed မှာ မြင်ရမှာဖြစ်သလို အပလီကေးရှင်းက ညွှန်းပေးတဲ့အကြောင်းအရာတွေကိုလည်း မြင်ရမှာဖြစ်ပါတယ်။

ဘယ်သူ့ကို မန်းရှင်းလုပ်မလဲဆိုတာ ထိန်းချုပ်နိုင်မှာဖြစ်သလို စကားလုံးအသုံးအနှုန်းကိုလိုက်ပြီး မြင်လိုတဲ့ပို့စ်၊ မမြင်လိုတဲ့ပို့စ်တွေကိုလည်း ဇကာတိုက်သလို စစ်ချပြီး ပြန်လည်ဖြေကြားနိုင်မှာဖြစ်ပါတယ်။

တခြား ပရိုဖိုင်းတွေကို အန်ဖော်လိုလုပ်တာ၊ ဘလော့တာ၊ ကန့်သတ်အကောင့်ထဲထည့်လိုက်တာနဲ့ ရီပို့လုပ်တာတွေလုပ်နိုင်သလို အင်စတာဂရမ်မှာ ဘလော့ထားတဲ့အကောင့်တွေကိုလည်း Threads မှာ ဆက်ပြီးဘလော့နိုင်မှာဖြစ်ပါတယ်။

မက်တာဘက်ကတော့ အင်စတာဂရမ်နဲ့ချိတ်ဆက်ထားတဲ့အကြောင်း ဖိပြောနေပေမဲ့ သတင်းမီဒီယာတွေဘက်ကတော့ တွစ်တာနဲ့ အလားတူအပလီကေးရှင်းဖြစ်တယ်ဆိုတာကို အာရုံထားပြောနေသလို ရင်းနှီးမြှုပ်နှံသူတွေကတော့ ''တွစ်တာကို အနိုင်တိုက်မယ့်အပလီ‌ကေးရှင်း''လို့ သုံးနှုန်းပြောဆိုနေကြပါတယ်။

စနေနေ့တုန်းကတော့ တွစ်တာပိုင်ရှင် အီလွန် မက်စ်ခ်က ဒေတာကို အလွန်အမင်းလျှော့ချဖို့ဆိုပြီး သူ့ပလက်ဖောင်းမှာ တွိ လို့ခေါ်တဲ့ စာရေးတင်နိုင်တဲ့အရေအတွက်ကို ကန့်သတ်လိုက်ပါတယ်။

ဒါဟာ တွစ်တာကို ငွေပေးပြီးအသုံးပြုရတဲ့ အပြာခြစ်အမှတ်အသား (Twitter Blue) ကို လူတွေ အသုံးပြုလာနိုင်အောင် မစ္စတာ မက်စ်ခ်ရဲ့ နောက်ဆုံး လုပ်ဆောင်ချက်ဖြစ်ပါတယ်။

မစ္စတာမက်စ်ခ် တွစ်တာကို ပိုင်ဆိုင်ပြီးကတည်းက တွစ်တာအသုံးပြုသူအများစုဟာ ပိုင်ရှင်ရဲ့ နိုင်ငံရေးအမြင်၊ အပြောင်းအလဲမြန်တဲ့အမူအကျင့်တွေကို ထောက်ပြပြီး စိတ်အလိုမကျဖွယ်ရာအခြေအနေကို လူသိရှင်ကြား ထုတ်ပြောထားကြပါတယ်။

ပြီးခဲ့တဲ့လတုန်းကတော့ မစ္စတာ မက်စ်ခ် နဲ့ မက်တာပိုင်ရှင် မာ့ခ် ဇက်ကာဘတ်တို့ကြား ပျက်လုံးလို့ယူဆရတဲ့ ကြိုးဝိုင်းထဲထိုးသတ်မယ်လို့ သဘောတူထားပြီး မစ္စတာ ဇက်ကာဘတ်ကလည်း Threads မှာတင်ထားတဲ့ သူ့ အစောပိုင်းပို့စ်တွေမှာ သိုင်းပေါင်းစုံလက်ဝှေ့ပညာကို စိတ်ဝင်စားတဲ့အကြောင်း မန်းရှင်းလုပ်ပြီး တင်ထားတာတွေ့ရပါတယ်။