ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြန်မာဒုက္ခသည် မျိုးဆက်သစ်
စစ်ကောင်စီအာဏာသိမ်းခဲ့ပြီး တစ်နှစ်ကျော်ကာလအတွင်း မြန်မာနိုင်ငံ အလယ်ပိုင်းကမြေပြန့်ဒေသမှာ စံချိန်တင်အရေအတွက်များတဲ့ မျိုးဆက်သစ် တစ်ခုထွက်ပေါ်လာခဲ့ပါတယ်။
ဒီမျိုးဆက်သစ်ကတော့ မြန်မာပြည်အလယ်ပိုင်းမှာ တစ်ခါမှ မရှိဖူးတဲ့ စံချိန်တင်များတဲ့ စစ်ပြေးဒုက္ခသည် မျိုးဆက်သစ်ဖြစ်ပါတယ်။
အရင်က တိုက်ပွဲနဲ့ စစ်ဘေးဒုက္ခသည် မရှိဖူးတဲ့ အညာဒေသ စစ်ကိုင်းတိုင်းမှာ ဇွန်လ ၂၀ ရက် ဒီကနေ့ အထိ ဒုက္ခသည် ၃ သိန်းခွဲနီးပါး စံချိန်တင် များလာခဲ့တယ်လို့ စစ်အာဏာသိမ်းပြီးကတည်းက စစ်ဘေးရှောင်အရေအတွက်တွေကို မှတ်တမ်းတင်နေတဲ့ ISP Myanmar ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဘုန်းကြီးကျောင်းလို အမိုးအကာရှိတဲ့နေရာတွေမှာ အဆင်ပြေသလို နေထိုင်ကြပြီး သူတို့ဟာ အကူအညီအထောက်အပံ့တွေမရဘဲ လပေါင်းများစွာနေထိုင်နေကြရတယ်လို့ ဒီပဲယင်းမြို့က စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။
"ကျွန်တော်တို့လည်း သူတို့ကို ကူဖို့ခက်လာပြီ ဘယ်ကမှ မကူနိုင်ကြတော့ နောက် လေးငါးလလောက်ဆိုရင် ဒီစစ်ဘေးရှာင်ဒုက္ခသည်တွေဟာ အငတ်ဘေးနဲ့ ရင်ဆိုင်ရနိုင်တယ်"လို့ သူကပြောပါတယ်။
မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာ စစ်တပ်အာဏာသိမ်းပြီးကတည်းက စစ်ဘေးရှောင်ဒုက္ခသည် အရေအတွက် တစ်သန်းကျော်ရှိလာနေပြီလို့ လူ့အခွင့်အရေးမှတ်တမ်း ကွန်ရက်တစ်ခုဖြစ်တဲ့ ND Burma က ဒီကနေ့ ကမ္ဘာ့ဒုက္ခသည်များနေ့ မှာထုတ်ပြန်ပါတယ်။
ISP Myanmar ရဲ့ မှတ်တမ်းအရ ဒုက္ခသည် အရေအတွက် အများဆုံးက တော့ စစ်ကိုင်းတိုင်းဖြစ်ပါတယ်။ မြန်မာတစ်နိုင်ငံလုံး ဒုက္ခသည် အရေအတွက်ရဲ့ ၃၂ ရာခိုင်နှုန်းကျော်ရှိနေတယ်လို့လည်း သူက ဆိုပါတယ်။
စစ်ရှောင်တွေ အခုထက်ထပ်ပြီးတိုးလာရင်တော့ စစ်ကိုင်းတိုင်းထဲက အခြေအနေဟာ ငွေရှိရင်တောင် ဝယ်စားလို့မရနိုင်တဲ့ အခြေအနေအထိ ဖြစ်လာနိုင်တယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူ တစ်ဦးက ဆိုပါတယ်။
ဇွန်လဆန်းပိုင်းမှာ ရွှေဘိုခရိုင်ထဲက ရွှေဘို၊ ဒီပဲယင်း၊ ရေဦး၊ ခင်ဦးနယ်တွေကို စစ်ကောင်စီဘက်က တောက်လျှောက် စစ်ကြောင်းထိုးနေခဲ့တာကြောင့် စစ်ရှောင်နေရသူတွေက တိုးလာနေတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
"ဒီရွာကနေ ဟိုဘက်ရွာကို စစ်ရှောင်သွားတယ် အဲ့ဒီရွာကို စစ်ကြောင်းထိုးလာတော့ အိမ်ရှင်ပါ စစ်ရှောင်ဖြစ်သွားတာရှိတယ်"လို့ ဒီပဲယင်းမြို့နယ်က စစ်ရှောင်တစ်ဦးက ပြောပါတယ်။
စစ်ပွဲ၊ နှိပ်စက်ညှဉ်းပန်းမှု ဒါမှမဟုတ် သဘာဝဘေးဒဏ်က လွတ်မြောက်ဖို့ ကိုယ့်မူလနေရပ်ရင်း နိုင်ငံကနေ ထွက်ခွာဖို့ တွန်းအားပေးခံခဲ့ရသူတွေကိုတော့ သာမန်အားဖြင့် ဒုက္ခသည်လို့ နိုင်ငံတကာက ယူဆထားပါ တယ်။
စစ်ကိုင်းတိုင်းနဲ့ မြန်မာပြည်တွင်းက လူတစ်သန်းကျော်ကတော့ မိမိတို့နေအိမ်တွေကနေ စွန့်ခွာပြီး စစ်အာဏာသိမ်းပြီးနောက်မှာ တိမ်းရှောင်လာကြရတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ၁၉၄၉ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ကတည်းက စခဲ့တဲ့ ကရင်အမျိုးသား အစည်းအရုံးနဲ့ ဖြစ်ခဲ့တဲ့ စစ်ပွဲတွေကြောင့် အဲဒီနောက်ပိုင်း ထိုင်း - မြန်မာနယ်စပ်မှာ ခိုလှုံနေကြရသူ ဒုက္ခသည် တွေ ကစလို့ ၂၀၂၁ခုနှစ် အာဏာသိမ်းမှုကို ပြန်တော်လှန်ကြလို့ နေအိမ်တွေမီးရှို့ခံရ၊ ပစ်ခတ်မှုတွေ၊ စစ်တပ်ရဲ့ နယ်မြေ ရှင်းလင်းရေးစတဲ့ လုပ်ဆောင်မှုတွေကြောင့် စုစုပေါင်း ပြည်တွင်းဒုက္ခသည် (Refugee) ၁ သန်း ကျော်အထိ ရှိလာနေတာဖြစ်ပါတယ်။
အိမ်နီးချင်းနိုင်ငံတွေနဲ့ ထိစပ်နေတဲ့ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ မြန်မာစစ်တပ်တို့ တိုက်ပွဲတွေကြောင့် ဒုက္ခသည်တွေ အရင်အစိုးရ လက်ကထက်ကတည်းကရှိနေခဲ့သလို တိုက်ပွဲတွေဖြစ်လာရင်လည်း အိမ်းနီးချင်း ထိုင်း တရုတ် စတဲ့နိုင်ငံတွေထဲကို ရှောင်ပြေးကြလေ့ရှိပါတယ်။
စစ်ကိုင်းတိုင်းထဲက ဒုက္ခသည်တွေကတော့ ဘယ်ကိုမှ ပြေးလို့မရတဲ့ ကုန်းတွင်းပိတ် ဒုက္ခသည်တွေဖြစ်တယ်လို့ စစ်ဘေးရှောင်တွေက ဆိုပါတယ်။
၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်းမှာပဲ စစ်ဘေးရှောင်တဲ့ ဒုက္ခသည်တွေအများအပြား ပြန်လည်ပေါ်ပေါက်လာပြီး နိုင်ငံတကာနဲ့ ပြည်တွင်း၊ ပြည်ပ အကူအညီတွေအပြည့်အဝမရရှိကြတာကြောင့် ရပ်တည်နေထိုင်မှု အခက်အခဲတွေရှိနေကြရပါတယ်။
နှစ်စဥ် ဇွန်လ ၂၀ရက် ကမ္ဘာဒုက္ခသည်များနေ့မှာဆိုရင် နိုင်ငံတကာခေါင်းဆောင်တွေ၊ အဖွဲ့အစည်းတွေဘက် ကတော့ စစ်ပွဲတွေ၊ မတည်ငြိမ်မှုတွေကြောင့် နိုင်ငံရင်းကိုစွန့်ခွာပြေးလာသူတွေအပေါ် လူသားချင်းစာနာ ထောက်ထားမှုအကူ အညီတွေပေးကြဖို့ ကိုတိုက်တွန်းပြောဆိုလေ့ရှိပါတယ်။
စစ်မီးအရှိန်အမြှင့်ဆုံးရှိနေတဲ့ စစ်ကိုင်းတိုင်းထဲမှာတော့ မြို့ပြအနည်းငယ်ကလွဲရင် ကျန်တဲ့ကျေးလက်ဒေသအား လုံးမှာတော့ စစ်တပ်က စစ်ကြောင်းထိုးတာ၊ မီးရှို့တာ၊ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် နေအိမ်စွန့်ခွာထွက် ပြေးကြသူအများစုရှိနေဆဲပါ။
အမျိုးသားညီညွတ်ရေးအစိုးရဲ့ ခန့်မှန်းချက်အရ အာဏာသိမ်းပြီးနောက်ပိုင်း အဲဒီဒေသတွေအပြင် ကရင်နဲ့ ကရင်နီဒေသတွေစတဲ့နေရာတွေမှာ ပြည်တွင်း ဒုက္ခသည်ပေါင်း ၆ သိန်းအထိ ရှိတယ်လို့ သိထားရပါတယ်။
မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာတော့ စစ်ဘေးကြောင့်ထွက်ပြေးတိမ်းရှောင်နေရသူတွေ သိန်းနဲ့ချီပြီး ရှိနေပေမယ့် ပြည်သူအချင်းချင်းသာ ပြန်လည်ကူညီပြီး နိုင်ငံတကာနဲ့ အခြားအဖွဲ့အစည်းတွေရဲ့ အကူအညီ တွေကို မရရှိကြပါဘူးလို့ ဆိုပါတယ်၊
စစ်ကိုင်းအပါအဝင် အဲဒီဘက်က နယ်မြေဒေသတွေမှာ စစ်တပ်ရဲ့ စစ်ကြောင်းတွေက ပိတ်ဆို့ထားတာမျိုးတွေ ဆက်တိုက်ရှိတာကြောင့် ဒုက္ခသည်တွေထံ အကူအညီပေးနိုင်ဖို့ အခက်အခဲရှိနေတာလို့လည်း ဒေသခံ တွေနဲ့ အကူအညီပေးရေးအဖွဲ့တွေက ယူဆထားကြပါတယ်။
"ပြည်သူ့အချင်းချင်း ဝေငှ စားသောက်နေတာပဲရှိတယ်။ ကူညီပေးတဲ့အဖွဲ့ရယ်လို့ မရှိပါဘူး" လို့ ယင်းမာပင် ဒေသခံ စစ်ဘေးရှောင်အမျိုးသားတဦးက ပြောပြပါတယ်။
အများစုက အာဏာမသိမ်းခင်ကရှိခဲ့ပြီးတဲ့ ဥစ္စာပစ္စည်းတွေအပေါ်ကိုသာ မှီခိုပြီး စစ်အာဏာ ရှင်ကိုပြန်လည်တော်လှန်ရေးကိုသာ အားစိုက်နေကြတာလို့ ယင်းမာပင်အပါအဝင် စစ်ကိုင်းတိုင်းဘက်က ဒေသခံတွေက ယူဆထားကြပါတယ်။
စစ်ကိုင်း၊ မကွေးနဲ့ မန္တလေးတိုင်းအတွင်းရှိ စစ်ဘေးသင့်၊ မီးရှို့ခံနေရသူ ပြည်တွင်းစစ်ဘေးရှောင်နေထိုင်နေရသူတွေ ဖြစ်လာအောင်လုပ်နေတဲ့ စစ်တပ်ကို အရေးယူနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရဘက်က ကြိုးပမ်းနေတယ်လို့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းကပြောပါတယ်။
အဲဒီတစ်ချိန်တည်းမှာပဲ အဆိုပါဒေသတွေက စစ်ဘေးသင့်သူတွေ၊ ထွက်ပြေးနေရသူတွေအတွက် အာဆီယံ၊ နိုင်ငံတကာအပါအဝင် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းပေါင်းစုံကနေ လူသားချင်း စာနာမှုအထောက်အပံ့ တွေရရှိနိုင်ရေးကိုလည်း လုပ်ဆောင်ပေးနေတယ်လို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်းဘက်မှာဆိုရင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေကတစ်ဆင့် ပညာရေး၊ ကျန်းမာရေးဆိုင်ရာ အထောက်အကူတွေပေးတာမျိုးတွေလည်း ရှိနေတယ်လို့ ဦးအောင်မျိုးမင်းက ပြောလာပါတယ်။
အာဆီယံကပေးမယ့် လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကို မကွေးနဲ့ စစ်ကိုင်းဘက်ကိုမရောက် ရှိအောင် စစ်တပ်ဘက်က တားမြစ်လုပ်ဆောင်နေတာတွေကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရဘက်က လိုက်လံ ဖြေရှင်းတောင်းဆိုနေရတာမျိုးလည်းရှိတယ်လို့ သူကပြောပါတယ်။
နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ထောက်ပံ့မှုမရရှိပေမယ့် ပြည်သူအချင်းချင်း ဝေမျှကာ ထောက်ပံ့မှုတွေလုပ် နေကြပေမယ့်လည်း တစ်နှစ်ကျော်ကြာလာတဲ့အခါမှာတော့ အချင်းချင်းမျှဝေကြတဲ့ နေရာမှာလည်း အခက် အခဲတွေရှိလာနေပါတယ်။
"ကျွန်တော်တို့ကိုယ်တိုင်ကို ရပ်တည်ဖို့ ခက်ခဲလာ၊ ရတဲ့ရန်ပုံငွေကလည်း အခက်အခဲရှိလာတဲ့အခါကျတော့၊ သူတို့လည်းခက်ခဲလာကြတယ်" လို့ ဒီပဲယင်းမြို့နယ် အတွင်းစစ်ဘေး ရှောင်တွေကို ထောက်ပံ့ကူညီ ပေးသူ တစ်ဦးက ဘီဘီစီကိုပြောပါတယ်။
စစ်ကိုင်းတိုင်းလိုပဲ ကရင်ပြည်နယ်အတွင်းမှာလည်း စစ်အာဏာသိမ်းပြီးနောက် စစ်ဘေးရှောင်နေရသူ တစ်သိန်းခုနှစ်သောင်းလောက်ရှိလာခဲ့ပြီး ကျန်းမာရေး၊ ပညာရေး၊ စားဝတ်နေရေးအပါအဝင် လူသားချင်း စာနာထောက်ထားမှု အကူအညီတွေလိုအပ်နေတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG ထံကသိရပါတယ်။
အလားတူ ကရင်နီဒေသ (ကယားပြည်နယ်) အတွင်းမှာလည်း လူဦးရေရဲ့ သုံးပုံ နှစ်ပုံဖြစ်တဲ့ ၂သိန်းနီးပါး လောက်က တိုက်ပွဲတွေရှောင်နေရသူတွေဖြစ်နေပြီး ပြည်တွင်းကထောက်ပံ့တဲ့ အကူအညီအနည်းငယ်နဲ့သာ တောတွေတောင်တွေအတွင်း အသက်မွေးနေကြရပါတယ်။
စစ်တပ်က အာဏာသိမ်းမှုကို တော်လှန်ကြတဲ့နေရာဒေသတွေမှာ စစ်ကြောင်းထိုးတိုက်ခိုက်နေတာကြောင့် မြန်မာနိုင်ငံအနေနဲ့တော့ ရှိပြီးသား ဒုက္ခသည်တွေအရေးဖြေရှင်းနိုင်မှုမရှိသေးသလို လက်ရှိ အခြေအနေတွက စစ်ဘေးရှောင်သူတွေ၊ ဒုက္ခသည်တွေအများအပြားသာ ထပ်မံပေါ်ပေါက်လာမယ့် အခြေအနေသာဖြစ်နေတယ်လို့ ဒုက္ခသည်အရေး၊ နိုင်ငံရေးအရ လေ့လာသုံးသပ်သူတွေက ဝေဖန်ပြောဆိုကြပါတယ်။