ထားဝယ်၊တောင်ပျောက်တိုက်နယ်တိုက်ပွဲအပြီး ရွာလုံးကျွတ်တိမ်းရှောင်ရမှုတွေရှိ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်ထဲကကျေးရွာတွေမှာစစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်တွေကြားပြီးခဲ့တဲ့ရက်ပိုင်းအတွင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ရွာပေါင်း ၄ရွာလောက်ရွာလုံးကျွတ်စစ်ဘေးတိမ်းရှောင်နေရတယ်လို့ဒေသခံတွေကပြောပါတယ်။

မြိတ်-ထားဝယ် ကားလမ်းမအရှေ့ဘက်အနားမှာရှိနေတဲ့ တောင်ပျောက်တိုက်နယ်ထဲက ကျေးရွာတွေကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၈ရက်နေ့ လောက်ကစပြီး စစ်ကောင်စီတပ်တွေ ဝင်ရောက်ခဲ့တာဖြစ်ပြီး ကျေးရွာအတွင်းနေအိမ်တွေကိုမီးရှို့ဖျက်ဆီးတာတွေ၊ရွာသားတွေကို ဖမ်းဆီးမှုတွေလုပ်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

" စစ်ကောင်စီအင်အား ၈၀ လောက်နဲ့ တောင်ပျောက်တိုက်နယ်ထဲက သဲချောင်းကြီးကျေးရွာကို စဝင်လာတယ်၊ ရဲစခန်းနဲ့စာသင်ကျောင်းတွေမှာတပ်စွဲပြီး ရွာကိုပတ်မွှေပြီး ဒီမိုကရေစီ လိုလားတဲ့အိမ်တအိမ်ကို မီးစရှို့တယ်။ ပြီးတော့ ဝင်းကဖော်ရွာကိုထပ်ဝင်ပြီး နေအိမ်တလုံး မီးထပ်ရှို့တယ်။ နှစ်ဖက်တိုက်ပွဲမဖြစ်ခင်ကတည်းက ရွာတွေထဲကအိမ်တွေကိုမီးရှို့တာပါ။ လူငယ်အရွယ်ကောင်းဆိုအမြင်တောင်ခံလို့မရဘူး ဖမ်းဆီးနှိပ်စက်တယ် " လို့ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

ဒီလိုကျေးရွာတွေအတွင်း စစ်ကောင်စီဘက်ဝင်ရောက်မီးရှို့ဖျက်စီးတာတွေ၊ ရွာသားတွေကို ဖမ်းဆီးမှုတွေလုပ်ပြီး အောက်တိုဘာ ၃ရက်မှာတော့ ဒေသကာကွယ်ရေးတပ်တစ်ခုဖြစ်တဲ့ ဒေါင်းမင်းစစ်ဆင်ရေးတပ် TYC-PDF နဲ့စစ်ကောင်စီကြားတိုက်ပွဲတွေစဖြစ်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်တွေဘက်ကပြောပါတယ်။

" တောင်ပျောက်တိုက်နယ်ထဲက တချို့ရွာတွေကို မီးရှို့တာတွေကို စစ်ကောင်စီဘက်က အရင်လုပ်တာပါ။ အဲ့ဒီနောက် ၃ရက်နေ့ ကျွဲခြံရွာလမ်းဆုံမှာ နှစ်ဖက်တိုက်ပွဲဖြစ်တော့ သူတို့ဘက်ကအတော်အထိနာတယ်။ တိုက်ပွဲပြီးတော့ ရွာသား ၄ယောက်ကိုလည်း ဖမ်းသွားတယ်။ကျွဲခြံရွာမှာ သူတို့ဘက်ကအထိနာတော့ အခုရွာသားတွေလည်း တစ်ယောက်မှမကျန်ရွာလုံးကျွတ်ပြေးနေရတယ်။ မနေ့ညကအထိလည်း ချောင်းတဖက်ကမ်း ကနေလက်နက်ကြီးတွေနဲ့အသံပေးထုပြီး ခြိမ်းခြောက်နေတာတွေရှိတယ်။

ထပ်တိုးလာရင်တော့ တိုက်ပွဲတွေဆက်ဖြစ်နိုင်ပါတယ်လို့" ဒေါင်းမင်းစစ်ဆင်ရေးတပ် TYC-PDF က ပြန်ကြားရေးတာဝန်ခံ ဗိုလ်ကျောက်ခဲက ဘီဘီစီကိုပြောပါတယ်။

တောင်ပျောက်တိုက်နယ်အတွင်းက ကျေးရွာတွေမှာ နှစ်ဖက်တိုက်ပွဲတွေထပ်ဖြစ်ခဲ့ရင် ထွက်ပေါက်မရှိနိုင်တဲ့အနေအထားဟာဒေသခံရွာသားတွေအတွက်စိုးရိမ်စရာကောင်းပြီး ဒေသအခြေပြုဖွဲ့စည်းထားတဲ့ကာကွယ်ရေးတပ်တွေအနေနဲ့လည်း လူအင်အား၊လက်နက်အင်အားမမျှတဲ့အခြေအနေမှာ ရရာလက်နက်စွဲခုခံနေရတဲ့အခြေအနေဖြစ်နေတယ်လို့ သူကဆက်ပြောပါတယ်။

သရက်ချောင်းမြို့နယ်အတွင်းက ဒေသကာကွယ်ရေးတပ်တွေစုပေါင်းထားတဲ့ ဒေါင်းမင်း စစ်ဆင်ရေးတပ်အနေနဲ့စစ်ကောင်စီနဲ့ထိတွေ့တိုက်ပွဲဖြစ်လာအခုအကြိမ်နဲ့ဆို ၄ကြိမ်ရှိပြီး စစ်ကောင်စီဘက်က အထိအခိုက်အကျအဆုံးစာရင်းတွေကိုလည်းအဖွဲ့ကထုတ်ပြန်ထားပါတယ်။

လက်ရှိမှာတော့ တောင်ပျောက်တိုက်နယ်အတွင်း စစ်ကောင်စီတပ်တွေကတပ်စွဲတာတွေ၊ လက်နက်ကြီးအသံပေးနေတာတွေရှိတဲ့အတွက်တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ကျေးရွာတွေအပြင် အနီးအနားကကျေးရွာတွေပါတိမ်းရှောင်နေရသလိုစားနပ်ရိက္ခာလည်းတစ်ပတ်စာသာကျန်တဲ့အနေအထားဖြစ်နေတယ်လို့စစ်ရှောင်ရွာသားတွေကပြောပါတယ်။

သရက်ချောင်းမြို့နယ်အတွင်းကနှစ်ဖက်တိုက်ပွဲတွေနဲ့ပတ်သက်လို့စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးသလို ဘီဘီစီကလည်း ဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။