ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကာဘူးလ်တိုက်ခိုက်မှု- အမေရိကန်တပ်သား ၁၃ ဦး ကျခဲ့လို့ တိုက်ခိုက်သူကို လက်တုံ့ပြန်မယ်လို့ သမ္မတဘိုင်ဒန်ပြော
အာဖဂန်နစ္စတန်နိုင်ငံ၊ မြို့တော်ကာဘူးလ်က ဟာမစ် ကာဇိုင်းလေဆိပ်တိုက်ခိုက်ခံရပေမဲ့ ရွှေ့ပြောင်းကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လုပ်သွားဖို့ရှိပြီး တိုက်ခိုက်တဲ့ လက်သည်ကို လည်း ဖော်ထုတ် တုံ့ပြန်မယ်လို့အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကပြောပါတယ်။
တာလီဘန်လက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ အာဖဂန်နိုင်ငံထဲကနေ ထွက်ပြေးကြဖို့ အရပ် သားတွေ ရောက်နေတဲ့ ဟာမစ်ကာဇိုင်းလေဆိပ် ပရဝုဏ်အတွင်းမှာ အင်အားပြင်းတဲ့ဗုံးနှစ်လုံး ပေါက်ကွဲခဲ့လို့ အမေရိကန်တပ်သား ၁၃ ဦးအပါအဝင် လူ ၉၀ ထက်မနည်းသေဆုံး တယ်လို့ ကာဘူးလ်မြို့က အကြီးတန်းကျန်းမာရေးအရာရှိတစ်ဦးက ဘီဘီစီကို ပြောထားပါတယ်။
အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့(IS)ရဲ့ အာဖဂန်အဖွဲ့ခွဲ IS-K ရဲ့ ခြိမ်းခြောက်မှုရှိနေလို့ အနောက် နိုင်ငံအစိုးရတွေက သူတို့ရဲ့နိုင်ငံသားတွေကို လေဆိပ်နဲ့ခပ်ဝေးဝေးနေဖို့ သတိပေးချက်ထုတ်ပြီး မကြာခင်မှာပဲ ဗုံးကွဲမှုတွေ ပေါ်ပေါက်ခဲ့တာပါ။
''လေကြောင်းကနေ ရွှေ့ပြောင်းတဲ့လုပ်ငန်းစဉ်ကို ကျွန်တော်တို့ ပြီးအောင်လုပ်ရမယ်။ လုပ်လည်းလုပ်မှာပါ''လို့ သမ္မတဂျိုးဘိုင်ဒန်က ပြောသလို ဗုံးခွဲတဲ့လက်သည်ပေါ်အောင်လည်း ဖော်မယ်လို့ ကတိပြုပြောဆိုပါတယ်။
အခုဆို တာလီဘန်တွေလက်ကနေ လွတ်အောင်ထွက်ပြေးတဲ့ အာဖဂန် တစ်သိန်းကျော်အထိ ရှိပေမဲ့ အမေရိကန်တွေ တပ်ဆုတ်မယ့် သြဂုတ်လ ၃၁ ရက်မတိုင်ခင် လေဆိပ်ကို လာနေကြတဲ့ အာဖဂန်အရပ်သားတွေလည်း ရှိနေဆဲပါ။
မစ္စတာ ဘိုင်ဒန်ကတော့ ''အကြမ်းဖက်သမားတွေကြောင့် ကျွန်တော်တို့ လုပ်ငန်းစဉ်ကို အပျက်ခံမှာ မဟုတ်ပါဘူး'' လို့ ပြောပါတယ်။
ပေါက်ကွဲမှုတွေနဲ့ပတ်သက်ပြီး ဘီဘီစီက သိရှိရသမျှ
လေဆိပ်အပြင်ဘက်မှာ ပေါက်ကွဲမှုတွေဖြစ်ခဲ့
ပထမဆုံးအကြိမ်ပေါက်ကွဲမှုဟာ လေဆိပ်ပရဝုဏ်နားက ဘာရွန်ဟိုတယ်အနီးမှာ အာဖဂန် ဒေသစံတော်ချိန် ညနေ ၆ နာရီမှာဖြစ်ခဲ့တာပါ။
အဲဒီဟိုတယ်ဟာ ဗြိတိသျှအရာရှိတွေက ယူကေကို သွားချင်နေကြတဲ့ အာဖဂန်တွေကို လိုအပ်တဲ့ ကိစ္စတွေကို ဆောင်ရွက်ပေးဖို့ အသုံးပြုနေခဲ့တဲ့နေရာလည်းဖြစ်ပါတယ်။
ဒီပေါက်ကွဲမှုပြီးတဲ့နောက် လေဆိပ်ပင်မအဝင်ဂိတ်တွေထဲတစ်ခုဖြစ်တဲ့ အဘီဂိတ်အနီးမှာ ဒုတိယ တစ်ကြိမ် ပေါက်ကွဲမှုဖြစ်ခဲ့တာပါ။
သတင်းတွေမှာတော့ ဒုတိယအကြိမ်ပေါက်ကွဲမှုဟာ ဂိတ်အနီး လေဆိပ်ထဲဝင်ဖို့စောင့်နေတဲ့ အာဖဂန်နိုင်ငံသားတွေ တန်းစီနေရာ ရေဆိုးမြောင်းအနီးမှာဖြစ်ခဲ့တာဖြစ်ပြီး ဗုံးသင့်တဲ့သူ အချို့ဆိုရင် ရေထဲ ကျကုန်တယ်လို့ ဖော်ပြနေပါတယ်။
အမေရိကန်အရာရှိတစ်ဦးကတော့ တိုက်ခိုက်သူတစ်ယောက်ဟာ ဖောက်ခွဲရေးဝတ်စုံ ဝတ်ထား ခဲ့တယ်လို့ ဆိုပါတယ်။
အမေရိကန်နဲ့ဗြိတိသျှတပ်သားတွေကို အဘီဂိတ်တံတားအနီးဝန်းကျင်နေရာကို စောင့်ကြပ်ဖို့ မကြာသေးခင်တုန်းကမှ တာဝန်ချထားခဲ့တာပါ။
မျက်မြင်သက်သေတစ်ဦးကဆိုရင် တာလီဘန်အစောင့်တွေဟာ လေထဲကို ခြောက်လှန့်ပစ်ခတ် ခဲ့ပေမဲ့ တိုက်ခိုက်သူတစ်ယောက်ကတော့ လူအုပ်ထဲကို ပစ်ခတ်ခဲ့တယ်လို့ပြောပါတယ်။
ထိခိုက်သေဆုံးမှု ပမာဏ
သေဆုံးသူပမာဏကတော့ မြင့်တက်လာနေဆဲပါ။
တာလီဘန်တွေအပါအဝင် အမေရိကန်နဲ့ အာဖဂန်နိုင်ငံသားဘယ်လောက်အထိ ထိခိုက်သေဆုံး တယ်ဆိုတာ ရှင်းရှင်းလင်းလင်းမရှိသေးပါဘူး။
ဒါပေမဲ့ ပင်တဂွန်စစ်ဌာနချုပ်ကတော့ အမေရိကန် တပ်သား ၁၃ ဦးကျဆုံးပြီး ၁၅ ဦး ဒဏ်ရာရ တယ်လို့ ပြောပါတယ်။ ကာဘူးလ်မြို့က အကြီးတန်း ကျန်းမာရေးအရာရှိတစ်ဦးကလည်း လူ ၉၀ ဦးထက်မနည်းသေဆုံးပြီး နောက်ထပ် ၁၅၀ ဦး ဒဏ်ရာရခဲ့တယ်လို့ပြောပါတယ်။
နိုင်ငံအချို့က ရွှေ့ပြောင်းကယ်ဆယ်ရေးလေယာဉ်တွေ ပျံသန်းမှု အဆုံးသတ်ထား
ဒီတိုက်ခိုက်မှုကြောင့် အာဖဂန်နိုင်ငံထဲကနေ ထွက်ပြေးဖို့ ပြင်နေတဲ့လူထောင်ချီကို လေကြောင်း ကနေတဆင့် ကူထုတ်ပေးမယ့်လုပ်ငန်းစဉ် ရှုပ်ထွေးလာမယ့်အခြေစိုက်သွားစေနိုင်ပါတယ်။
တိုက်ခိုက်မှုမဖြစ်ခင်တုန်းကတော့ ဂျာမနီ၊ နယ်သာလန်နဲ့ ကနေဒါနိုင်ငံတို့ အပါအဝင် နိုင်ငံအချို့ဟာ လေယာဉ်ခရီးစဉ်တွေဆက် မပြေးဆွဲနိုင်တော့ဘူးလို့ ကြေညာထားပါတယ်။
တူရကီနိုင်ငံကတော့ လေဆိပ်ကို ၆ နှစ်ကြာလုံခြုံရေးယူပေးနေခဲ့တဲ့သူ့နိုင်ငံတပ်ဖွဲ့တွေ ပြန်ရုပ်သိမ်းနေပြီဆိုပြီး ပြောနေပါတယ်။