ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မကြာခင် ထွက်ပေါ်လာတော့မယ့် အမျိုးသမီးတွေကို ကာကွယ်မယ့် ဥပဒေ
မြန်မာနိုင်ငံဟာ အမျိုးသမီးတွေအပေါ် နည်းမျိုးစုံဖြင့်ခွဲခြားမှု ပပျောက်ရေး ကုလသမဂ္ဂ သဘောတူစာချုပ် စီဒေါကို ၁၉၉၇ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။
ဒီ CEDAW စာချုပ်ဟာ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေရဲ့ အခွင့်အရေးကို တိတိကျကျ ပြဌာန်းထားတဲ့ စာချုပ်ဖြစ်ပြီးတော့ ၁၉၇၉ ခုနှစ် ၊ ဒီဇင်ဘာ (၁၈) ရက်နေ့မှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံက လက်မှတ်ရေးထိုးအတည်ပြုထားခဲ့ပါတယ်။ ၁၉၈၁ ခုနှစ်၊ စက်တင်ဘာလ (၃) ရက်နေ့ အထိ ဒီစာချုပ်ကို နိုင်ငံပေါင်း (၁၈၅) နိုင်ငံက လက်မှတ်ရေးထိုး ပူးပေါင်းပါဝင်ခဲ့တာပါ။
စီဒေါ စာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့ မြန်မာနိုင်ငံမှာတော့ ကိုလိုနီခေတ်ကတည်းက ပြဌာန်းထားခဲ့တဲ့ ရာဇဝတ်မှုဥပဒေ ပုဒ်မတွေက လွဲရင် အမျိုးသမီးတွေကို ကာကွယ်ပေးနိုင်တဲ့ သီးခြား ဥပဒေတွေ မရှိသေးတာကြောင့် တစ်ချို့တရားစီရင်ရေးတွေမှာ အမျိုးသမီး အကြမ်းဖက် မှုတွေကို ထိထိရောက်ရောက် ကာကွယ်နိုင်သေးတာ မတွေ့ရသေးဘူးလို့ အမျိုးသမီး အခွင့်အရေး လှုပ်ရှားနေသူတွေက ဝေဖန်ထောက်ပြခဲ့ပါတယ်။
ဒါကြောင့် အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု တားဆီးရေး ဥပဒေကို ၂၀၁၃ ခုနှစ်က စတင်ပြီး အမျိုးသမီးအရေးလှုပ်ရှားသူတွေ၊ သက်ဆိုင်ရာ ဥပဒေကျွမ်းကျင် ပညာရှင်တွေနဲ့ ရှေ့နေချုပ်ရုံးတို့ အပြန်အလှန် အကြိမ်ကြိမ် ဆွေးနွေးတာတွေ လုပ်ခဲ့ပြီး စတင်ရေးဆွဲခဲ့ပါတယ်။
မကြာခဏဆိုသလို ဒီဥပဒေကြမ်းအတွက် အငြင်းအခုံတွေ လုပ်ခဲ့ရပြီး ၂၀၂၀ ဇန်နဝါရီ ၂၅ ရက်နေ့မှာတော့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု တားဆီးရေး ဥပဒေကြမ်းနဲ့ ပတ်သက်လို့ အများပြည်သူဆီ အကြံပေးစာ ကောက်ခံတဲ့ အဆင့်အထိ ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဒီအဆင့်အထိ ရောက်ရှိလာတဲ့အတွက် သူ့အနေနဲ့တော့ ကြိုဆိုတယ်လို့ အမျိုးသမီးအရေး လှုပ်ရှားသူ မဇာခြည်ဦးက ဘီဘီစီကို ပြောပါတယ်။
အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေမူကြမ်းတွင် အခန်း ၁၃ ခန်းပါဝင်ပြီး ဥပဒေကို လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ဦးဆောင်ပြီး ဥပဒေကျွမ်းကျင်ပညာရှင်များ၊ အရပ်ဖက် အမျိုးသမီး အဖွဲ့ အစည်း များမှ ပူပေါင်း ရေးဆွဲခဲ့ခြင်း ဖြစ်သည်။
အခုလက်ရှိ အခြေအနေမှာ မြန်မာနိုင်ငံက အမျိုးသမီးတွေဟာ လူမှုပတ်ဝန်းကျင်မှာ နေ့စဉ် ပြောဆိုနေတဲ့ အသုံးအနှုန်းတွေကအစ နှစ်ပေါင်းများစွာ အမြစ်တွယ်နေတဲ့ ယဉ်ကျေးမှုတွေအရပါ နည်းမျိုးစုံနဲ့ ခွဲခြားဆက်ဆံ ခံနေရတယ်လို့ အမျိုးသမီးရေး လှုပ်ရှားသူတွေက ဆိုပါတယ်။
အဓိကအားဖြင့် အကြမ်းဖက်ခံရပြီးတဲ့ နောက်မှာ သက်ဆိုင်ရာမှာ အမှုဖွင့်ပေမယ့်လည်း အလွယ်တကူ ဖွင့်လို့ မရတာမျိုးတွေရှိတဲ့ အတွက် ဒီဥပဒေထွက်လာရင် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေ အတွင်းမှာလည်း နားလည်သဘောပေါက် ကြေလည်ဖို့လိုမယ်လို့ မဇာခြည်ဦးက ဆိုပါတယ်။