ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးတို့မှာ လုံခြုံရေးသတိရှိဖို့ သူ့ နိုင်ငံသားတွေကို အမေရိကန်သံရုံး သတိပေး
မြန်မာနိုင်ငံရဲ့ အဓိက မြို့ကြီးတွေ၊ အထူးသဖြင့် ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်တို့ တိုက်ခိုက်ခံရနိုင်ခြေရှိတဲ့ သတင်းတွေကြောင့် အမေရိကန်နိုင်ငံသားတွေအနေနဲ့ လုံခြုံရေးသတိပြုဖို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက စက်တင်ဘာ ၂၅ ရက်ညပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီထုတ်ပြန်ချက်မှာ ဒီကနေ့ စက်တင်ဘာ ၂၆ ရက်၊ အောက်တိုဘာ ၁၆ ရက်နဲ့ အောက်တိုဘာ ၂၆ တို့မှာ နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးတို့မှာ တိုက်ခိုက်မှုတွေပြုလုပ်နိုင်ခြေရှိတယ်ဆိုတဲ့ အစီရင်ခံစာတွေကို မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက စုံစမ်းစစ်ဆေးနေတယ်လို့လည်း ပါရှိပါတယ်။
ဒါကြောင့် မိမိရဲ့လုံခြုံရေးအစီအစဉ်တွေကို ပြန်သုံးသပ်ဖို့နဲ့ အထူးသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်တွေ၊ အစိုးရဌာနဆိုင်ရာတွေနဲ့ ထိတွေ့ဝင်ထွက်သွားလာတဲ့နေရာတွေမှာ လုံခြုံရေးသတိပိုရှိကြဖို့၊ ပြည်တွင်းသတင်းဌာနတွေရဲ့နောက်ဆုံးရသတင်းတွေကို စောင့်ကြည့်ဖို့နဲ့ ကိုယ့်ရဲ့လုံခြုံရေး အခြေအနေနဲ့ပတ်သက်လို့ မိသားစုနဲ့မိတ်ဆွေသူငယ်ချင်းတွေဆီ အကြောင်းကြားဖို့ စတဲ့ အချက်သုံးချက်ကို သံရုံးက အကြံပြုထားပါတယ်။
နေပြည်တော်မှာ ဖောက်ခွဲမှုပြုလုပ်မယ်လို့ သတင်းရရှိထားလို့ လုံခြုံရေးအထူးဂရုပြုဖို့ နိုင်ငံတော် သမ္မတရုံးက စက်တင်ဘာ ၁၆ ရက် ရက်စွဲနဲ့ ထုတ်ပြန်ထားတဲ့ စာတစ်စောင်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက အွန်လိုင်းပေါ်မှာပျံ့နှံ့ခဲ့ပါတယ်။ ဒီစာဟာ အမှန်ဖြစ်တယ်လို့လည်း အာဏာပိုင်တွေဘက်က အတည်ပြုထားပါတယ်။
သက်ဆိုင်ရာ ဒေသအလိုက် ဒေသနဲ့ ကိုက်ညီတဲ့ လုံခြုံရေး အစီအမံတွေ ရေးဆွဲထားသလို၊ အသေးစိတ် ညွန်ကြားချက်တွေ လုပ်ထုံး လုပ်နည်းနဲ့ အညီ ထုတ်ပြန်ထားပြီး ဒီအစီအမံတွေ အတိုင်း ဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောခွင့်ရ ရဲမှူးကြီး မျိုးသူစိုးက ဘီဘီစီကို ပြောပါတယ်။
သမ္မတ ရုံးက ထုတ်ပြန်ခဲ့တယ် ဆိုတဲ့ စာထဲမှာ မြောက်ပိုင်း မဟာမိတ် အဖွဲ့ဝင် တချို့ဖြစ်တဲ့ ရက္ခိုင့်တပ်မတော် (AA) နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၊ ဒါ့အပြင် ချင်းအမျိုးသားတပ်ဦး (CNF)၊ ကရင်အမျိုးသားအစည်းအရုံး KNU အဖွဲ့ဝင်တွေက စက်တင်ဘာ ၁၆ သို့မဟုတ် ၂၆၊ အောက်တိုဘာ ၁၆ နဲ့ အောက်တိုဘာ ၂၆ တို့မှာ နေပြည်တော်နယ်မြေအတွင်း ဖောက်ခွဲမှုလုပ်မယ့်သတင်းကြောင့် လုံခြုံရေးအထူးဆောင်ရွက်ဖို့လိုတယ်လို့ ပါရှိပါတယ်။
အဲဒီစာထဲမှာ နေပြည်တော်ကောင်စီနယ်မြေတစ်ခုသာပါပေမယ့် အမေရိကန်သံရုံးက ထုတ်ပြန်ခဲ့တဲ့ လုံခြုံရေးသတိပေးချက်မှာတော့ ရန်ကုန်နဲ့ မန္တလေးတို့ပါ ပါဝင်လာပါတယ်။
ဒါပေမဲ့ စာမှာပါတဲ့ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်မှာတော့ ပြည်တွင်းမှာ တစ်စုံတစ်ရာဖြစ်ပွားခဲ့တာမရှိပါဘူး။
သမ္မတ ရုံး စာ ထဲမှာ နာမည်တပ်ပြီး ဖော်ပြခဲ့တဲ့ တိုင်းရင်းသား အဖွဲ့တွေထဲမှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် (NCA) လက်မှတ်ထိုးထားတဲ့ ကရင်အမျိုးသားအစည်းအရုံးနဲ့ ချင်းအမျိုးသားတပ်ဦး တို့ပါဝင်ပြီး လက်ရှိ အစိုးရ တပ်မတော်နဲ့ တိုက်ပွဲတွေ ဖြစ်နေတဲ့ အထဲက ရက္ခိုင့်တပ်မတော် တို့ ပါဝင်တာကို တွေ့ခဲ့ရပါတယ်။
သမ္မတရုံးစာထဲက တိုက်ခိုက်မှုတွေပြုလုပ်မယ်ဆိုပြီး ပါရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကတော့ ဒါကို ပြင်းပြင်းထန်ထန် ငြင်းဆိုထားတာတွေရှိပါတယ်။
တပ်မတော်က မြို့ရွာအလိုက်လုံခြုံရေး၊ စိုးမိုးရေးရှိဖို့ အရင်တည်းက စီမံထားပြီး တိုင်းစစ်ဌာနချုပ်၊ တပ်ဌာန ချုပ်တွေရှိတဲ့ပတ်ဝန်းကျင်တွေမှာ နယ်မြေတွေအလိုက် လုံခြုံရေးပေးနေတယ်လို့ တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက စက်တင်ဘာ ၂၆ ရက် (ဒီနေ့) မနက်ပိုင်းမှာ ဘီဘီစီကို ပြောပါတယ်။
သမ္မတရုံး ထုတ်ပြန်ချက် စာကို တပ်မတော်ကလည်း ကာကွယ်ရေးဝန်ကြီးဌာနကတစ်ဆင့် ရရှိထားပြီး အဲဒီနောက်ပိုင်း ကြိုတင် သတင်းရယူမှု၊ သတင်းတွေပေါ်မူတည်ပြီး လုံခြုံရေးအစီအမံတွေဆောင်ရွက်နေတယ်လို့ သူက ဆိုပါတယ်။
လုံခြုံရေး အသိပေးချက်ထုတ်ပြန်လောက်အောင် ခြိမ်းခြောက်နိုင်မှု အန္တရာယ် အနေနဲ့ အထောက်အထား ခိုင်ခိုင်မာမာ ရှိထားလား ဆိုတာကိုတော့ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေ ကို မေးမြန်းခဲ့ပေမယ့် လုံခြုံရေး အကြောင်းပြချက်နဲ့ ဖြေဆိုခြင်း မရှိခဲ့ပါဘူး။
အခု နောက်ဆုံး အမေရိကန်သံရုံး ထုတ်ပြန်ချက် အတွက်လည်း ဘီဘီစီက သံရုံး ပြောခွင့်ရ ပုဂ္ဂိုလ်ကို အီးမေးလ်နဲ့ ဆက်သွယ် မေးမြန်းထားပေမယ့် စက်တင်ဘာလ ၂၆ ညနေပိုင်း အထိတော့ တုံ့ပြန် ဖြေကြားခြင်း မရှိသေးပါဘူး။