ပြင်ဦးလွင်နည်းပညာတက္ကသိုလ်တိုက်ခိုက်ခံမှုနဲ့ပတ်သက်တယ်ဆိုပြီး ရှမ်းညီအစ်ကိုနှစ်ယောက် ဖမ်းဆီးခံရ

ရှမ်းပရဟိတ ကျောင်းဆရာနှစ်ဦးကို ခေါ်ယူစစ်ဆေး

သြဂုတ်လ ၁၅ ရက်နေ့မှာ မန္တလေးတိုင်း ပြင်ဦးလွင်မြို့မှာရှိတဲ့ တပ်မတော် နည်းပညာ တက္ကသိုလ် တိုက်ခိုက်ခံရမှုမှာ ပတ်သက်မှုရှိတယ်ဆိုပြီး ရှမ်းပရဟိတ ကျောင်းဆရာ နှစ်ယောက်ဖြစ်တဲ့ စိုင်းခွန်မိုင်းနဲ့ စိုင်းလျှိန်းစင်း တို့ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သူတို့ရဲ့ ဖခင်ဖြစ်သူက ဘီဘီစီကို အတည်ပြုပြောပါတယ်။

"အိမ်ကိုလာတယ် ။ ရှာမယ်ဆိုပြီး တအိမ်လုံးရှာတယ် ဘာမှမတွေ့ပါဘူး။ အဲ့နေ့က စိုင်းလျှိန်းစင်းကလည်း သင်တန်းတက်ဖို့ ပြန်ရောက်နေတော့ အိပ်ရာလိပ်တွေ့တယ်ဆိုပြီး စစ်ဖို့ ခေါ်သွားကြတယ် " လို့ သူတို့ဖခင်က ပြောပါတယ်။

ပြင်ဦးလွင်မြို့ ဖောင်တော်ရပ်ကွက်မှာ နေထိုင်ကြတဲ့ အဲဒီ ညီအစ်ကို နှစ်ယောက် အနက် စိုင်းခွန်မိုင်းဟာ အရင်က ကွန်ဟိန်းမြို့က ရှမ်းပရဟိတကျောင်းမှာ ဆရာလုပ်ခဲ့ပြီး ညီဖြစ်သူ စိုင်းလျှိန်းစင်းကတော့ အခု လက်ရှိအချိန်အထိ ဆရာအဖြစ် လုပ်ကိုင်နေပါတယ်။

အခုလို အကြမ်းဖက်လုပ်ရပ်တွေနဲ့ ပတ်သက်လို့ သူတို့ညီ အစ်ကိုနှစ်ယောက်စလုံး ပါဝင်ပတ်သက်တာ မရှိဘူးလို့ ယုံကြည်ကြောင်း ညီအစ်ကိုနှစ်ဦးရဲ့ အဖေက ဆိုပါတယ်။

အခုပြင်ဦးလွင်မြို့မ ရဲစခန်းမှာ ချုပ်နှောင်ထားပြီး မိသားစုနဲ့ တွေ့ခွင့်တောင်းတဲ့အခါ တွေ့ခွင့်ရှိတယ်လို့ ဖခင်ဖြစ်သူက ပြောပါတယ်။

အဂတိကော်မရှင်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦးကို အမှုဖွင့်

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က NLD ပါတီရဲ့ ပဲခူးတိုင်းဒေသကြီး မိုးညိုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မျိုးမင်းကို အမှုဖွင့်အရေးယူလိုက်ပါတယ်။

မိုးညိုမြို့နယ်အတွင်းမှာရှိတဲ့ အင်းများ သက်တမ်းတိုးတဲ့အခါ မူလရရှိထားသူတွေ ပြန်လည်ရရှိအောင် လုပ်ပေးမယ်ဆိုပြီး ဦးကျော်မျိုးမင်းအနေနဲ့ ငွေကျပ် ၃၅ သိန်းတစ်ခါ ၊ ၃၂ သိန်းတစ်ခါ အင်းသူကြီးတွေထံက တောင်းယူခဲ့တယ်လို့ အဂတိကော်မရှင်က စစ်ဆေးတွေ့ရှိတဲ့အတွက် အခုလို အရေးယူတာဖြစ်ပါတယ်။

NLD ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မျိုးမင်းကို ၂၀၁၅ ခုနှစ်မှာ ပါတီကနေ ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်တာ ခံခဲ့ရတယ်လို့ ပဲခူးတိုင်းဒေသကြီး NLD ပါတီ ခေါင်းဆောင်တွေက ဆိုပါတယ်။

အခုအခါ ဦးကျော်မျိုးမင်းကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ အရ ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့မ ရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းတိုက်ပွဲတွေကြောင့် ကုန်သွယ်မှုထိခိုက်

ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော် ကုန်သွယ်ရေးဇုန်တို့မှာ ကုန်အရောင်းအဝယ်တွေ ပြတ်တောက်သွားပြီး ကုန်သွယ်မှု ထိခိုက်ခဲ့တယ်လို့ သြဂုတ်လ ၂၄ ရက်နေ့က လုပ်တဲ့ ကုန်သည် စက်မှုလက်မှု အသင်းချုပ်မှာ ပြုလုပ်တဲ့ အစည်းအဝေးမှာစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောခဲ့ပါတယ်။

အရင်က မူဆယ်ရှိ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင် တရက်လျှင် အမေရိကန်ဒေါ်လာ ၆သန်းထိ ကုန်သွယ်နေရာမှ တိုက်ပွဲ စတင်ဖြစ်တဲ့ သြဂုတ်လ ၁၅ ရက်နေ့က စတင်ကာ အမေရိကန်ဒေါ်လာ ၅ သန်းမှ ၇ သိန်းအထိသာ ကုန်သွယ်မှု ပြုနိုင်တော့တယ်လို့ စီးပွားကူးသန်းဝန်ကြီးဌာနမှ သိရသည်။

ထို့အတူ တိုက်ပွဲတွေဖြစ်နေတဲ့အတွက် ချင်းရွှေဟော် ကုန်သွယ်မှုဇုန်ဘက်တွင်လည်း လုပ်ငန်းများ ရပ်ဆိုင်းကာ ကုန်သည်များနှင့် ကားသမားများလည်း လမ်းမှာ တိုက်ပွဲများကြောင့် ရှေ့ဆက် မသွားနိုင်တာ တွေ ဖြစ်ခဲ့ပါတယ်။

သြဂုတ် ၂၄ရက်နေ့ကလည်း ပြည်ထောင်စု လမ်းမကြီး ရေပူဂိတ်နဲ့ ကွတ်ခိုင်မြို့နယ်အနီးက ရင်ခွဲတောင်နားတွေမှာ တပ်မတော်နဲ့ မြောက်ပိုင်း ညီနောင်အဖွဲ့တွေ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။