ရှမ်းမြောက် တိုက်ပွဲရပ်အောင် တိုက်ရိုက် ညှိနှိုင်းနိုင်မှုမရှိသေးလို့ TNLA ဆို

တပ်မတော်နည်းပညာ တက္ကသိုလ်နဲ့ ရှမ်းမြောက်ဒေသ တချို့ တိုက်ခိုက်ခံရပြီး ဖြစ်ပွားနေတဲ့ တပ်နဲ့ ညီနောင်သုံးဖွဲ့ကြား တိုက်ပွဲတွေ ရပ်တန့်နိုင်ဖို့ လတ်တလော တစ်ဘက်နဲ့ တစ်ဘက် တိုက်ရိုက် ဆက်သွယ် ပြောကြား ညှိနှိုင်းနိုင်မှု မရှိသေးဘူးလို့ TNLA က ပြောခွင့်ရ ဗိုလ်မှူးမိုင်အိုက်ကျော်က ပြောပါတယ်။

ဒါကြောင့် လတ်တလော တိုက်ပွဲတွေ ဆက်ဖြစ်နိုင်သေးတယ်လို့ သူက ပြောပါတယ်။

သြဂုတ်လ ၁၅ ရက်က စတင် ခဲ့တဲ့ တိုက်ပွဲတွေဟာ အခုချိန်ထိ မန္တလေး-မူဆယ် ပြည်ထောင်စုလမ်း ရှမ်းမြောက်လမ်းပိုင်းတွေမှာ ဆက်ဖြစ်နေပါတယ်။

"၁၅ ရက်နောက်ပိုင်း တိုက်ပွဲကတော့ ပြည်ထောင်စု လမ်းမတစ်လျှောက် ဖြစ်တယ်။ အဓိကတော့ အများစုကတော့ ကွတ်ခိုင်မြို့နယ် ပြည်ထောင်စုလမ်းမပေါ်မှာ ဖြစ်တယ်။ ဒီနေ့ထိလည်း တိုက်ပွဲက ဖြစ်နေတုန်း ဖြစ်တယ်။ မနက်ကလည်း ရင်ခွဲတောင်ရယ်၊ တိုးဂိတ်နားမှာ ဖြစ်တယ်" လို့ မိုင်အိုက်ကျော်က ပြောပါတယ်။

ထိခိုက်ဒဏ်ရာမှုအခြေအနေကို "ထိခိုက်မှုကတော့ နှစ်ဘက်လုံးမှာ ရှိတယ်။ အသေးစိတ်ကတော့ မသိရသေးဘူး" လို့ သူက ပြောပါတယ်။

ဒါ့အပြင် "သုံ့ပန်းကတော့ ၂၁ ရက်နေ့မှာ အရပ်ဝတ်နဲ့ ဖမ်းမိတာလည်း ရှိတယ်။ ဒါလည်း စစ်ဆေးမှုတွေ လုပ်နေတုန်း ဖြစ်တယ်။ အသေးစိတ်တော့မသိသေးဘူး" လို့လည်း ပြောပါတယ်။

အခု ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်တန့်နိုင်ရေး တပ်မတော်နဲ့ ညီနောင်သုံးဖွဲ့အကြား ဆွေးနွေးရေးကိစ္စနဲ့ ပတ်သက်ပြီး "ဆွေးနွေးဖို့ အဓိက ကြားခံ contact person ကတော့ FPNCC နဲ့ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံဘက်ရယ်၊ တစ်ဘက်က PCG ။ ကျွန်တော်တို့ဘက်ကတော့ သွားဖို့၊လာဖို့ လုံခြုံရေးကတော့ အဓိက ကြည့်ရတယ်။ သွားဖို့၊လာဖို့ အဆင်ပြေတဲ့နေရာ လုံခြုံမှု ရှိတဲ့နေရာ ဖြစ်ဖို့လိုတယ်။ ...ကြားခံ အဖွဲ့အစည်းကနေ တစ်ဆင့်ဆိုတော့ အသေးစိတ်တော့ မသိရသေးဘူး" လို့ မိုင်အိုက်ကျော်က ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားမှုတွေဟာ သိန္နီ-ကွမ်းလုံသွား ၄၁ မိုင်တံတား တည်ဆောက်ရေးကို ၂၃ ရက် နေ့လယ်မှာ ညီနောင်သုံးဖွဲ့က လာရောက် ပစ်ခတ်တယ်။ အဲဒီ ပစ်ခတ်မှုမှာ ဒဏ်ရာ ရတာ မရှိဘူး။ လုပ်ငန်းတွေ ဆက်လုပ်နေတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

၂၄ ရက် မှာ ရေပူစစ်ဆေးရေးဂိတ်ကို မနက်ပိုင်းမှာ အဝေးက လက်နက်ကြီးနဲ့ လာပစ်တယ်၊ ကွမ်းလုံမြို့ကိုလည်း အဝေးက လက်နက်ကြီးနဲ့ ပစ်ခတ်တာရှိခဲ့တယ်၊ သိန္နီနဲ့ နမ့်ဖက်ကာကြား ရင်ခွဲတောင်အနီး ပြည်ထောင်စု လမ်းမကြီးမှာ ထိတွေ့ တိုက်ပွဲ ဖြစ်တာ တစ်ကြိမ်ရှိတယ် လို့လည်း သူက ပြောပါတယ်။

ဒါ့အပြင် ကွတ်ခိုင် အထက်ပိုင်းမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ လည်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ဒေသခံတွေ ထိခိုက်မှု အခြေအနေနဲ့ ပတ်သက်လို့ သြဂုတ်လ ၂၃ရက်နေ့ ညပိုင်းက လွယ်ပယ်စုစည်းရွာထဲကို လက်နက်ကြီးကျလို့ မိသားစု ၃စု လက်နက်ကြီးအစ ထိမှန်ကာ ဆေးရုံကို ပို့ဆောင်ကုသပေးခဲ့ရတယ်လို့ ကွတ်ခိုင်လူမှုရေး အသင်းတွေက ပြောပါတယ်။

ကွတ်ခိုင် နဲ့ နမ့်ဖက်ကာ ကြား နမ့်ခိုင် တံတား အနီး မိုင်းယုလေး ရွာမှာလည်း ရွာသား ၅၀၀ နီးပါး တိုက်ပွဲကြား ပိတ်မိနေပါတယ်။

ဒါ့အပြင် သေနတ်ဒဏ်ရာနဲ့ ခြေထောက်မှာ ကျည်ဝင်နေတဲ့ အရေးပေါ်လူနာ နှစ်ယောက်လည်း ရှိနေတယ်လို့ မိုင်းယုလေး ရွာသား တယောက်က ပြောပါတယ်။

ပိတ်မိနေသူတွေကို လမ်းဖွင့်ပေးဖို့ ရွာသားတွေက အုပ်ချုပ်ရေးမှူးနဲ့ ရွာလူကြီးတွေဆီ သွားပြောခဲ့ပေမယ့် အခြေအနေ ထူးမလာသေးဘူးလို့လည်း သူက ဆိုပါတယ်။

တိုက်ပွဲတွေဖြစ်နေလို့ ကုန်စည် သယ်ယူပို့ဆောင်ရေးတွေလည်း ရပ်တန့်နေပါတယ်။