ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဗစ်တိုးရီးယားအမှု - စကားလုံးကြောင့်တရားစွဲခံလိုက်ရတဲ့ ကိုအောင်ကြီးရှေ့နေ
ဗစ်တိုးရီးယားအမှုမှာ သံသယ တရားခံအဖြစ် ရုံးတင်စစ်ဆေးခံနေရတဲ့ ကိုအောင်ကြီး ရှေ့နေ ဒေါ်စုဒါလီအောင် ကို နေပြည်တော် Wisdom Hill မူကြိုကျောင်း ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်က တရားစွဲဆို ထားပြီး အမှုအတွက် ဒီနေ့ စက်တင်ဘာလ ၂၅ ရက်နေ့ မှာ ပုဗ္ဗသီရိမြို့နယ် တရားရုံးက လက်ခံစစ်ဆေးခဲ့ပါတယ်။
အမှုဖွင့်ခံရသူ ရှေ့နေ ဒေါ်စုဒါလီအောင်ကို လူပုဂ္ဂိုလ် နှစ်ဦးရဲ့ ကျပ်သိန်း ၁၀၀ အာမခံကြေးနဲ့ တရားရုံးက အာမခံပြန် ပေးလိုက်ပါတယ်။
"ကျွန်မ မီဒီယာတွေကို ပြောလိုက်တယ်ဆိုတဲ့ စကားက ဗစ်တိုးရီးယားလေး အဖေ တရားခွင် မှာထွက်တယ်ရှင့် ဗစ်တိုးရီးယားလေး အဖေထွက်ချက်အတိုင်း ကျွန်မ တရားဝင်ပြောတာရှင့် "လို့ စက်တင်ဘာလ၂၅ရက်နေ့က ဘီဘီစီကို ပြောပါတယ် ။
ဗစ်တိုးရီးယားအမှု ရုံးချိန်း တစ်ခု မှာ ဒေါ်စုဒါလီအောင်ရဲ့ မီဒီယာကို ပြောဆိုချက် တချို့က မိသားစုဂုဏ်သိက္ခာ ညှိုးနွမ်းစေပြီး ကလေးသူငယ် အပေါ် ထိခိုက် နစ်နာစေတဲ့ အတွက် သြဂုတ်လ ၃၁ ရက်နေ့ကတည်းက ဒေါ်ဥမ္မာလှိုင်ဘက်က အမှုဖွင့်ထားတာ ဖြစ်ပါတယ်။
ဘယ်လိုစကားမှားတာလဲ
လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရတဲ့ ဗစ်တိုးရီးယားလို့ လူသိများတဲ့ ၃နှစ်အရွယ် ကလေးငယ်ရဲ့ အမှုလေးကြိမ်မြောက် ရုံးချိန်းဖြစ်တဲ့ သြဂုတ်လ ၁၄ရက်နေ့ ရုံးချိန်းမှာ ကလေးငယ်ရဲ့ ဖခင်ဖြစ်သူက ရုပ်သံဖိုင်တစ်ခုကို သက်သေအဖြစ် တရားရုံးကို တင်သွင်းခဲ့ပါတယ်။
အဲဒီ သက်သေဟာ ဆရာမ နှင်းနု၊ သံသယတရားခံ အောင်ကြီး၊ ကျောင်းကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်ရဲ့သားနှစ်ဦး နှစ်ယောက်တွဲပုံ အပါဝင်၊ ဓာတ်ပုံ ၅ ပုံကို ထုတ်ပြီး ကလေးကို ပြနေပုံကို သြဂုတ်လ ၁၃ရက်နေ့က ဖုန်းနဲ့ ရိုက်ကူးထားတဲ့ ရုပ်သံဖိုင် ဖြစ်ပါတယ်။
ဗစ်တိုးရီးယားဖခင် တင်သွင်းတဲ့ ဗီဒီယိုဟာ အမှုကို အမှန်တရား ၁၀၀ ရာခိုင်နှုန်း ပေါ်ဖို့အထိ အရေးပါတယ်လို့ ကိုအောင်ကြီးရဲ့ ရှေ့နေ ဒေါ်စုဒါလီအောင်က ပြောခဲ့ပါတယ် ။
ဒါအပြင် ရှေ့နေ ဒေါ်စုဒါလီအောင်က သြဂုတ်လ ၁၄ ရက်နေ့ က တရားခွင် အပြီး သတင်းမီဒီယာတွေကို ပြောတဲ့ အခါ မှာ" ဓာတ်ပုံ ၅ ပုံ ထုတ်ပြတယ် အဲဒီထဲမှာ ကိုကို ညီညီကို ခဲတံနဲ့ ထောက်ပြတယ်" ဆိုတာမျိုး စကားသုံးနူန်းခဲ့တာရှိပါတယ်။
ဘာမှုနဲ့စွဲတာလဲ
ရှေ့နေ ဒေါ်စုဒါလီအောင်ကို နိုင်ငံသားများရဲ့ လွတ်လပ်မှုနဲ့ လူပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို အကာအကွယ်ပေးရေး (နိုင်လွတ်လုံ) ဥပဒေနဲ့ ကလေးသူငယ်များ အခွင့်အရေး ဆိုင်ရာ ဥပဒေ တို့နဲ့ မူလ အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။
ဒေါ်ဥမ္မာလှိုင် ကတရားစွဲဆိုတဲ့ အမှုဟာ သူ့သားတွေနဲ့ ပတ်သက်ပြီးတရားစွဲ တာဖြစ်လို့ ကိုကို ညီညီ ကြောင့်လို့ယူဆရပါတယ်။
ဥပဒေ အရာရှိရဲ့ အကြံပြုချက်နဲ့အညီ ဆက်လက် ဆောင်ရွက်သွားဖို့ရှိတယ်လို့ ပတ္တာနယ်ရဲစခန်း တာဝန်ကျ အရာရှိ က ဘီဘီစီကို ပြောပါတယ်။
အခု တရားရုံးကလက်ခံထားတဲ့ အမှုဟာ ကလေးသူငယ် ဆိုင်ရာ ပုဒ်မပုဒ်မ ၁၀၁ (က-၂) ဖြစ်ပါတယ်။
ပြစ်ဒဏ် ဘယ်လောက်ကျနိုင်သလဲ
ဒေါ်စုဒါလီအောင်ဟာ အခု စွဲဆိုခံထားရတဲ့ ပုဒ်မ ၁၀၁ (က-၂) အရတော့ ပြစ်မှု ထင်ရှားခဲ့ရင် ထောင်ဒဏ် ၄ လ ကနေ ၈ လ အထိ ချခံရနိုင်သလို ငွေဒဏ်လည်း ချမှတ်ခံရနိုင်ပါတယ်။
ကလေးသူငယ် ဆိုင်ရာ ပုဒ်မ မှာ တော့ မူလ စွဲဆိုခဲ့တဲ့ ထောင်ဒဏ် ၈ လ ကနေ ၅ နှစ် အထိ ချ ခံ ရနိုင်တဲ့ ၁၀၃ (က) ကို တရားရုံးတော်က လက်ခံဘဲ ၁၀၁ (က-၂) ပုဒ်မနဲ့တော့ အမှု လက်ခံထားတဲ့ အတွက် ဒေါ်စုဒါလီအောင်ဟာ ဒီအမှုကို တရားရုံးမှာ ဆက်လက်ရင်ဆိုင်သွားဖို့ ရှိပါတယ်။
ဒါအပြင်အဲဒီမှာ နိုင်လွတ်လုံ နဲ့ အမှုဖွင့်ထားတာကတော့ ရဲစခန်း ရောက်တဲ့ အခါမှာ ဥပဒေနဲ့ မညီဘူးဆိုပြီး ပယ်ချလိုက်တယ်လို့ ဆိုပါတယ်။
နိုင်လွတ်လုံ ဆိုတာ ကတော့ ၆၆ ဃ နေရာ အစားထိုးပြီးသုံးလာတဲ့ အမှုဖြစ်ပြီးတော့ တရားရုံးက လက်ခံလိုက်ရင် အာမခံမရ နိုင်ဘူးလို့ တရားလွှတ်တော် ရှေ့နေ့ကြီး ဦးကြီးမြင့် ကပြောပါတယ်။
ဖိအာပေးတာလား
လက်ရှိ လိုက်ပါဆောင်ရွက်နေတဲ့ ဗစ်တိုးရီးယား အမှုမှာ ဒေါ်စုဒါလီကတော့ နောက်မဆုတ်ဘဲ ဆက်လက် ဆောင်ရွက်သွားမယ်လို့ ဘီဘီစီကို ပြောပါတယ်။
ပျဉ်းမနားဇာတိ ဒေါ်စုဒါလီ ကို စက်တင်ဘာ၂၅ရက် ရုံးချိန်းမှာ ရှေ့နေတွေ အများအပြားလာရောက်အားပေးကြတာတွေ့ရပါတယ်။
ကိုအောင်ကြီးရှေ့နေ ဆိုဦးခင်မောင်ဇော်လို့အများသိပေမယ့် ဦးခင်မောင်ဇော်က ခေါင်းဆောင်နေရာမှာ ယူထားပြီး ရုံးချိန် ၇ ချိန်းမှာ ဦးခင်မောင်ဇော်က တကြိမ်ပဲစစ်ပြီးတော့ ကျန်တဲ့ရုံးချိန်းတွေမှာ ဦးခင်မောင်ဇော်က သူ့တပည့်ဒေါ်စု ဒါလီအောင်ကိုပဲ တရားခွင်မှာစစ်ဆေးခိုင်းတယ်လို့လည်း ဘီဘီစီသတင်းထောက်တွေကိုပြောပါတယ်။
ဒေါ်စုဒါလီအောင်အမူ့နဲ့ပတ်သက်လို ဗစ်တိုးရီးယားရုံးချိန်းနဲ့မတိုက်အောင် နှစ်ပတ်တခါတနင်္လာနေ့တိုင်းစစ်မယ်လို့လဲ တရား သူကြီးက ဒီကနေ့တရားခွင်မှာပြောဆိုလိုက်ပြီးရုံးချိန်ကို အောက်တိုဘာလ ၇ ရက်နေ့ ကိုချိန်းဆိုလိုက်ပါတယ်။