ရှမ်းမြောက်တိုက်ပွဲတွေကြောင့် နယ်စပ်ဂိတ်တွေမှာ ကုန်ပစ္စည်းနဲ့ကားတွေ ပိတ်မိ

မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့ တပ်မတော်ကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာ အခုဆို ၁၀ ရက်ကျော်ပြီဖြစ်ပါတယ်။ ဒီလိုတိုက်ပွဲတွေကြောင့် ကွတ်ခိုင်- မူဆယ် ပြည်ထောင်စု လမ်းမကြီးကို သွားလာခွင့်ပိတ်ထားပြီး မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေး ဂိတ်မှာ ကုန်ကား အစီးရေ ၃၀ဝ ကျော် ပိတ်မိနေပါတယ်။

ကုန်ကားတွေသာမက မူဆယ်ဂိတ်မှာလည်း ဆန်တန်ချိန် တစ်သိန်းကျော် သောင်တင်နေတယ်လို့ လုပ်ငန်းရှင်တွေက ဆိုပါတယ်။ တိုက်ပွဲတွေကြောင့် နယ်စပ်လုံခြုံရေးကို တရုတ်ဘက်က တင်းကျပ်ထား တာကြောင့် မြန်မာပြည်က ဆန်တွေအခုလို သောင်တင်နေတာ ဖြစ်ပါတယ်။

မြန်မာပြည်က ဆန်တွေကို တရုတ်ကို တင်ပို့လို့ မရတဲ့ အခြေအနေမှာတောင် ဆန်ကွဲကိုတော့ တင်ပို့လို့ ရခဲ့ပါတယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့ နှစ်လကျော်လောက်က စလို့ ဆန်ကွဲကိုပါ တင်ပို့ မရဖြစ်ခဲ့ပါတယ်။

ဆန်ကွဲကို မုန့်လုပ်ဖို့ တရုတ်က အဓိက ဝယ်ယူတာဖြစ်တဲ့အတွက် အစိုးရချင်း ညှိနှိုင်းမယ်ဆိုရင် တရုတ်ဘက်က ပြန်လည်ဝယ်ယူနိုင်တယ်လို့ ဆန်ကွဲတန်ချိန် ၅၀ဝ၀ သောင်တင်နေတဲ့ ကုန်သည်ဦးကိုကိုကြီးက ပြောပါတယ်။

အခုချိန်မှာတော့ ရောင်းလို့မရတဲ့ ဆန်ကွဲတွေကို ဂိုဒေါင်တွေမှာ သိုလှောင်ထားပြီး တချို့ဆန်ကွဲတွေ ပျက်စီးစပြုနေပြီလို့လည်း ကုန်သည်တွေက ပြောပါတယ်။

လတ်တလော မူဆယ် လားရှိုးလမ်းမကြီးတလျှောက် တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် အဲဒီပျက်စီးစပြုနေတဲ့ ဆန်ကွဲတွေကို ပြည်တွင်းကို ပြန်ယူလာဖို့လည်း အခက်အခဲတွေနဲ့ ကြုံနေရပါတယ်။

လွန်ခဲ့တဲ့ ၆ လလောက်ကလည်း တရုတ်နိုင်ငံကို တင်ပို့မရတဲ့ ဆန်တန်ချိန် သောင်းနဲ့ချီ မူဆယ်မှာ သောင်တင် ခဲ့ပါတယ်။

ဒါပေမယ့် မြန်မာအစိုးရနဲ့ တရုတ်အစိုးရတို့ကြား ညှိနှိုင်းနိုင်ခဲ့တဲ့အတွက် ဆန်တန်ချိန် တချို့ တရုတ်နိုင်ငံဘက်ကို ပြန်လည်တင်ပို့နိုင်ခဲ့ပါတယ်။

တိုက်ပွဲတွေကြောင့် တရုတ်-မြန်မာ နဲ့ ထိုင်း-မြန်မာ ကုန်စည်စီးဆင်းရာ လမ်းကြောင်းကြီးတွေ သြဂုတ်လ ၁၅ ရက်နေ့ကစပြီး နှစ်ခုစလုံး အဆက်အသွယ်ပြတ်တောက်ကာ ကားများပိတ်မိနေကြပြီး မကြာခဏဆိုသလို ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြား ကုန်သည်တွေနဲ့ ကုန်ပစ္စည်းကားတွေဟာ လမ်းမှာ ရပ်နားထားခဲ့ရပါတယ်။