ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဦးဝီရသူ အွန်လိုင်းကနေ ဗီဒီယိုလွှင့်
အစိုးရက ဝရမ်းထုတ်ထားတဲ့ ဆရာတော် ဦးဝီရသူဟာ အွန်လိုင်း လူမှုကွန်ရက် VK ကနေတဆင့် မေလ ၃၀ ရက်ညပိုင်း ဗီဒီယိုတစ်ခု ထုတ်လွှင့်လိုက်ပါတယ်။
အဲဒီဗီဒီယိုမှာ "ငှက်ဆိုးတွေကိုပြောချင်တယ်" ဆိုပြီး အစ ချီထားပြီး သီတဂူဆရာတော် က သူ့ကိုရဲဘော် လို့ခေါ်တဲ့အပေါ်ဝေဖန်မှုတွေကို ပြန်ရှင်းတာပါ ။
"ခင်ဗျားတို့ အားလုံး စက်ကွင်းမိလို့ရှိရင် အကုန်လုံး မိုးကြိုးပစ်ခံရပါလိမ့်မယ်"လို့ ဦးဝီရသူက ဗီဒီယိုထဲမှာ ပြောထားပါတယ် ။
ဗီဒီယိုက ညဘက်ရိုက်ကူးထားတာလို့ ယူဆရပြီး မော်တော်ဆိုင်ကယ်သံလို့ယူဆရတဲ့ အသံတချို့ကို ကြားရပါတယ်။
ဗီဒီယို မထွက်ပေါ်ခင်စောစောပိုင်းက အစိုးရက ဝရမ်းထုတ်ထားတဲ့ ဆရာတော် ဦးဝီရသူဟာ မေလ ၂၉ ရက် ညကတည်းက ရန်ကုန်ကို ရောက်နေပြီ ဖြစ်တယ်လို့ မျိုးချစ်ရဟန်းတော်များသမဂ္ဂ အတွင်းရေးမှူး ဦးစန္ဒာသီရိက မိန့်ပါတယ်။
ဒါအပြင် ရန်ကုန်တိုင်း သံဃနာယကရုံး နဲ့အဆက်သွယ်ရှိသလို မဟန နဲ့လည်းအဆက်အသွယ် ရှိတယ်လို့ ဘီဘီစီ ကို ပြောပါတယ်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြောခွင့်ရသူ ရဲမှူးကြီး မျိုးသူစိုးကတော့ ဦးဝီရသူ ဘယ်မှာရှိတယ်ဆိုတာ မသိကြောင်းနဲ့ ရဲတပ်ဖွဲ့က ဝရမ်း အတည်ပြုနိုင်အောင်ကြိုးစားနေတယ်လို့ မေလ ၃၀ ရက်က ဘီဘီစီကို ပြောပါတယ်။
မေလ ၂၉ ရက်နေ့ ညနေပိုင်းတုန်းက ဦးဝီရသူ သီတင်းသုံးတဲ့ မန္တလေးက ဓမ္မသဟာယ ကျောင်းတိုက်ကို မြို့နယ် သံဃနာယက ဆရာတော်တွေနဲ့ မြို့နယ်ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေခဲ့ကြပေမဲ့မတွေ့ခဲ့ပါဘူး။
အစိုးရက ဝရမ်းထုတ်ထားတဲ့ ဆရာတော် ဦးဝီရသူဟာ ဗဟန်းကြေးသွန်း ဘုရားအနီးက ရန်ကုန်တိုင်း တိုင်းသံဃနာယကရုံးကို မေလ ၃၀ ရက်နေ့ နေ့လယ် ၂နာရီ လာရောက်မယ် ဆိုတဲ့ သတင်းတွေကြောင့် သူ့ကို ဝန်းရံတဲ့ သံဃာတွေ၊ အမျိုးသားရေး လှုပ်ရှားသူတွေနဲ့ သတင်းထောက်တွေ လာရောက် စောင့်ဆိုင်းနေခဲ့ ကြပေမဲ့ ဦးဝီရသူကတော့ ရောက်လာခြင်းမရှိပါဘူး။
ကြေးသွန်းဘုရားအနီးကဝန်းရံတဲ့ပွဲ
ဦးဝီရသူကို ဝန်းရံတဲ့ သံဃာတွေ၊ အမျိုးသားရေး ဆိုပြီး လှုပ်ရှားသူတွေကတော့ ဗဟန်းကြေးသွန်း ဘုရားနားကို မေလ ၃၀ ရက်နေ့လယ် ၂ နာရီ မတိုင်မီ ကတည်း ကရောက်နေကြပါတယ်။
အများစုက သပြေပန်းတွေ ကိုင်ထားကြတာ တွေ့ရပါတယ်။
အမျိုးသားရေး လှုပ်ရှားသူတွေထဲက ဦးဝင်းကိုကိုလတ်၊လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်ခင်ဝိုင်းကြည်တို့လည်း လာရောက်တာ တွေ့ရပါတယ်။
နေ့လယ် ၂ နာရီ ထိုးချိန်မှာတော့ ဦးဝီရသူ ကြွရောက်လာတာ မရှိပါဘူး။ ဆရာတော် ကို ဝန်းရံသူ သံဃာတွေထဲ ဦးအဂ္ဂ ကတော့ ဆရာတော် ကြွလာခဲ့သည် ရှိသော် ဆရာတော် ရဲ့နောက်မှာ အမျိုး၊ဘာသာ၊သာသနာ ကို ချစ်မြတ်နိုးသူတွေက အမြဲတစေ ဒီလို ရှိနေတယ်ဆိုတာ ပြချင်လို့ ကိုယ့်တာဝန်သိစိတ်နဲ့ ကိုယ့်ဘာသာ လာတာလို့လည်း မိန့်ပါတယ် ။
ကြေးသွန်းဘုရားကနေ ရွှေတိဂုံဘုရားပေါ် သို့
အဲဒီနောက် မွန်းလွဲ ၂ နာရီခန့် အထိ ဆရာတော် ဦးဝီရသူ ရောက်မလာလို့ ဝန်းရံသူတွေက ရွှေတိဂုံဘုရားမှာ အောင်မြေနင်းပြီး ဦးဝီရသူကို ဆုတောင်းမေတ္တာပို့သခဲ့ကြပါတယ် ။
ရန်ကုန်လာမယ်ဆိုပြီး ရောက်မလာလို့ သူဘယ်မှာရှိနေတယ်ဆိုတာကို အများစု သိချင်နေကြပါတယ်။
ဦးဝီရသူရဲ့ အနီးကပ်ရှိခဲ့သူ့ဦးဝီရတေဇောက -"ဆရာတော်ကထောင် မကြောက်ဘူး။ အမှောင်ပဲကြောက်တာ။ နည်းမှန်လမ်းမှန်နဲ့ ရင်ဆိုင်သွားမှာ။ စစ်အစိုးရလက်ထက်တောင် နေခဲ့သေးတာပဲ။ အမှောင်ကိုပဲ ကြောက်တာလို့" လည်းပြောပါတယ်။
သူ့ကို စွဲဆိုထားတဲ့ ပုဒ်မတွေနဲ့ ပတ်သက်လို့ တရားမျှတမှု မရှိဘူးလို့လည်း သူ့ကိုဝန်းရံသူတွေက ပြောပါတယ်။
ဆုတောင်းပွဲများ
ဒီနေ့မနက် ကသတင်းမီဒီယာ အချို့ကတော့ဆရာတော် ဟာရန်ကုန် မှာ ရှိနေတယ်လို့ ပြောထားပါတယ်။
ဆရာတော် ဦးဝီရသူ အတွက် ဆုတောင်းပွဲကို ရွှေတိဂုံစေတီတော်မှာ ပြုလုပ်ခဲ့ကြသလို မန္တလေးမြို့မှာလည်း ဆရာတော်ကို ဝန်းရံသူ ၅၀ လောက်က ချမ်းအေးသာစံမြို့နယ် မဟာလောကရံသီ အိမ်တော်ရာဘုရားမှာ မေလ ၃၀ ရက်နေ့ ညနေပိုင်းက ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ဦးဝီရသူ ဘေးရန်ကင်းစေဖို့ ရည်ရွယ်ပြီး ဆုတောင်းဝတ်ပြုခဲ့ကြပါတယ်။
ဖမ်းဝရမ်းကတော့ လာမဲ့ ဇွန်လ၄ ရက် ဆိုရင်တော့ သက်တမ်းကုန်ပါလိမ့်မယ်။
ဒါပေမဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ဦးဝီရသူကိုတော့ ဒီကနေ့ ညနေပိုင်းအထိ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ခြင်းမရှိသေးပါဘူး။