ရှမ်းလက်နက်ကိုင် RCSS နဲ့ SSPP ၂ ဖွဲ့ကြား အပစ်ရပ်လိုက်ပြီ

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော်တောင်ပိုင်း(RCSS/SSA)

ဓာတ်ပုံ ရင်းမြစ်, KC Ortiz/AFP/Getty Images

ဓာတ်ပုံ ပုံစာ, သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် (RCSS/SSA) က ကျင်းပတဲ့ ရှမ်းအမျိုးသားနေ့ ပွဲ တစ်ခု

ရှမ်းတိုင်းရင်းသားလက်နက်ကိုင် နှစ်ဖွဲ့ဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်မြောက်ပိုင်းတပ်မတော် (SSPP/SSA)နဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော်တောင်ပိုင်း(RCSS/SSA)တို့ဟာ မေလ ၁၁ ရက်နေ့ကစလို့ အချင်းချင်းတိုက်ခိုက်မှုတွေ ရပ်တန့်ဖို့ သဘောတူလိုက်ပြီလို့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

'လက်နက်ကိုင် ၂ ဖွဲ့ကြား တိုက်ပွဲတွေကြောင့် ဒေသခံတွေကို ထိခိုက်မှုတွေရှိနေပြီး အများအပြားဟာလည်း အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရတဲ့အပေါ် ရပ်ရွာလူထုနဲ့ သံဃာတော်တွေက အပစ်ရပ်ပေးဖို့ တောင်းဆိုကြလို့ ဆွေးနွေးသဘောတူခဲ့တာဖြစ်တယ်' လို့ SSPP/SSA ဒုဗိုလ်မှူးကြီး စိုင်းဆုက ပြောပါတယ်။

SSPP/SSA နဲ့ RCSS/SSA တို့ဟာ လွန်ခဲ့တဲ့ သီတင်း၂ ပတ်ကတည်းက အချင်းချင်း အပစ်ရပ်ကြဖို့ ဆွေးနွေးခဲ့ကြတာဖြစ်ပြီး အခုသဘောတူညီမှုအရ ၂ ဖက် အောက်ခြေတပ်တွေအထိ အပစ်ရပ်ဖို့ ညွှန်ကြားထားပြီး ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒီလို အပစ်ရပ်ကာလကို ဘယ်လောက်ထားမလဲဆိုတဲ့ ဘီဘီစီရဲ့ အမေးကိုတော့ ဒုဗိုလ်မှူးကြီး စိုင်းဆုက 'ဒီအချက်ကို ကျွန်တော်တို့ သဘောမတူရသေးပါဘူး၊ ဒါပေမဲ့ အပစ်ရပ်ကာလ ရေရှည်တည်တံ့ခိုင်မြဲဖို့ ဆက်ပြီး ဆွေးနွေးသွားမှာပါ' လို့ ဖြေကြားခဲ့ပါတယ်။

ရှမ်းပြည်မြောက်ပိုင်းမှာ SSPP နဲ့ RCSS ကြား တိုက်ပွဲတွေဟာ ၂၀၁၈ နှစ်ကုန်ပိုင်းကစလို့ ပိုမိုစိပ်လာပြီး တိုက်ပွဲတွေကြောင့် သီပေါ၊ ကျောက်မဲ၊ နမ္မတူ၊ ကျေးသီး၊ မိုင်းကိုင် စတဲ့နေရာတွေက ဒေသခံ ထောင်နဲ့ချီပြီး စစ်ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရတာ ဖြစ်ပါတယ်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော်တောင်ပိုင်း(RCSS/SSA)

ဓာတ်ပုံ ရင်းမြစ်, KC Ortiz/AFP/Getty Images

ဓာတ်ပုံ ပုံစာ, သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော်တောင်ပိုင်း(RCSS/SSA)

အခု အပစ်ရပ်မယ်လို့ သဘောတူကြေညာလိုက်ပေမယ့် တပ်တွေ ပြန်ရုပ်ရေး၊ ပြန်လည်နေရာချထားရေး၊ နယ်မြေပိုင်းခြားသတ်မှတ်ရေး စတဲ့ အရေးကြီးတဲ့ တပ်ပိုင်းဆိုင်ရာကိစ္စတွေကတော့ သဘောတူတဲ့အထဲ မပါခဲ့ပါဘူး။

ဒုဗိုလ်မှူးကြီး စိုင်းဆုကတော့ 'ဒီအချက်တွေကို ဆက်ဆွေးနွေးမှာပါ၊ သဘောတူညီမှုရတဲ့အထိ အချိန်ယူဆွေးနွေးသွားမှာပါ' လို့ ပြောပါတယ်။

ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ အင်စတီကျုရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဒေါက်တာမင်းဇော်ဦးက' ရှမ်းမြောက်မှာရှိတဲ့ စစ်ရှောင်ဒုက္ခသည်တွေကို ကြည့်မယ်ဆိုရင် တပ်မတော်နဲ့ ဖြစ်တာထက် တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းဖြစ်လို့ ထွက်ပြေးရတဲ့ စစ်ရှောင် အရေအတွက်က ပိုများနေတယ်' လို့ ဘီဘီစီကို ပြောထားပါတယ်။

အဓိကအကြောင်းရင်းက တိုင်းရင်းသားအချင်းချင်းဖြစ်တဲ့ တိုက်ပွဲတွေဟာ ကျေးရွာတွေနဲ့ လူနေတဲ့အရပ်တွေမှာ ပိုမိုဖြစ်လို့ လူထုကို ထိခိုက်မှု ပိုများရတာလို့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ အင်စတီကျုရဲ့ လေ့လာမှုက ဖော်ပြပါတယ်။

ဒါ့အပြင် SSPP နဲ့ RCSS ဟာ တအာင်းပလောင် လွတ်မြောက်ရေး တပ်ဖွဲ့ TNLA နဲ့ နမ္မတူဘက်မှာ သီးခြားစီ တိုက်ခိုက်မှုတွေ ရှိခဲ့ပါတယ်။

အခု RCSS နဲ့ SSP ကြား အပစ်ရပ်လိုက်ပေမယ့် တခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအပြင် တပ်မတော်နဲ့လည်း အပစ်ရပ်နိုင်ဖို့ သီးခြားဆွေးနွေးမှုတွေ ဆက်လုပ်မယ်လို့ ဒုဗိုလ်မှူးကြီး စိုင်းဆုက ပြောပါတယ်။

ဗီဒီယို ပုံစာ, ငြိမ်းချမ်းရေးကို ဖော်ဆောင်နေတဲ့ ကလေးမိခင်