ဒေါက်တာအေးမောင်တို့ကို အင်းစိန်ထောင် ပြောင်းရွှေ့တဲ့ သတင်းအပါအဝင် မနက်ခင်းသိသင့်တဲ့ သတင်းများ

ဓာတ်ပုံ ရင်းမြစ်, NARINJARA
(၁) ဒေါက်တာအေးမောင်၊ ကိုဝေဟင်အောင်ကို အင်းစိန်ထောင်ပြောင်းရွှေ့
ထောင်ဒဏ် နှစ်၂၀ ချမှတ်ခံထားရတဲ့ ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင် တို့ကို ဧပြီလ ၆ ရက်နေ့ ညနေက စစ်တွေထောင်ကနေ အင်းစိန်ထောင်ကို လေယာဉ်နဲ့ ပြောင်းရွှေ့ခေါ်ဆောင်သွားတယ်လို့ မိသားစုဝင်တွေက ဆိုပါတယ်။
ဒေါက်တာအေးမောင်ရဲ့ သားဖြစ်သူ ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဝင်းက မိသားစုကို အကြောင်းမကြားပဲ အင်းစိန်ထောင်ကို ပြောင်းရွှေ့တာဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။
မနေ့က ညနေက စစ်တွေလေဆိပ်မှာ တပ်မတော်ပိုင်လေယာဉ်နဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး မနေ့ကတော့ ဒေါက်တာအေးမောင်ရဲ့ သားဖြစ်သူ ဦးတင်မောင်ဝင်းက အင်းစိန်ထောင်မှာ သွားရောက်တွေ့ဆုံခဲ့တယ်လို့ ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP/ GETTY
(၂) ရခိုင်ပြည်နယ် ဘူးသီးတောင်မှာ အစိုးရစစ်ကြောင်း ကြားဖြတ်တိုက်ခံရ
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် သရက်ပြင်ကျေးရွာနားမှာ ဧပြီလ ၆ ရက်နေ့ မနက်က အစိုးရစစ်ကြောင်း တစ်ခုကို ရက္ခိုင့်တပ်မတော် က လမ်းကနေ ဖြတ်တောက် တိုက်ခိုက်ခဲ့တဲ့ အတွက် တိုက်ပွဲတွေ ပြင်းထန်နေပြီး အနီးအနားက ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင် နေရပါတယ်။
ဖုန်ညိုလိပ်ကျေးရွာကနေ သရက်ပြင်ကျေးရွာကို ခြေကျင်လျှောက်လာတဲ့ တပ်မတော်စစ်ကြောင်း တစ်ခုကို သရက်ပြင်ကျေးရွာအနားက တောတန်းနားမှာ ရခိုင်တပ် AA ကနေ စတင်ပစ်ခတ်ခဲ့တဲ့အတွက် တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။
တိုက်ပွဲဟာ နံနက် ၉နာရီ လောက်နေ နံနက် ၁၀နာရီခွဲအထိ သရက်ပြင်ကျေးရွာကနေ ကိုက် ၅၀၀ ခန့်အကွာမှာ ဖြစ်ခဲ့တာဖြစ်တယ်လို့ ရေချမ်းပြင်ရွာက တာဝန်ခံက ဘီဘီစီကို အတည်ပြုပြောဆိုပါတယ်။
အထိအခိုက် အကျအဆုံးကို မသိရှိရသေးပဲ တိုက်ပွဲတွင်းမှာတော့ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့ပြီး အရင်တိုက်ပွဲတွေထက် ပိုပြင်းထန်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒီတိုက်ပွဲတွေကြောင့် တိုက်ပွဲဖြစ်တဲ့ အနီးအနားက ဒေသခံ ကျေးရွာသားတွေဟာ ရွာတွေကို စွန့်ခွာထွက်ပြေးနေကြရပါတယ်။
(၃) ကရင်ပြည်နယ်မှာ မိသားစုနှစ်စုကို ပစ်သတ်သွားသူများဖမ်းမိ
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အနန်းကွင်းကျေးရွာမှာ ဧပြီ လ ၅ရက်နေ့က လူရှစ်ယောက်ကို သေနတ်နဲ့ ပစ်သတ်သွားသူတွေကို ဖမ်းဆီးရမိခဲ့ပြီလို့ KNU ဝင်းရေးမြို့နယ် ဥက္ကဌ ဗိုလ်မှူး စောမောင်ရွှေက ဘီဘီစီကို အတည်ပြုပြောဆိုပါတယ်။
ကြာအင်းဆိပ်ကြီးမြို့နယ်ထဲက အနန်းကွင်းကျေးရွာ ကမ္ဘာရှား ဆိုက်ကက္ကားနဲ့ ကားပြင်ဝေါ့ရှော့ ဆိုင်က မိသားစုနှစ်စုကို သေနတ်နဲ့ ပစ်သတ်ခဲ့သူတွေက အစိုးရစစ်တပ်က တပ်ပြေးနှစ်ယောက်ဖြစ်ပါတယ်။
ဒေသတွင်းက KNU နဲ့ အစိုးရစစ်တပ်တို့ ပူးပေါင်းဖမ်းဆီးခဲ့တာဖြစ်ပြီး သူတို့နှစ်ယောက်ကို တစ်နေရာစီမှာ လက်နက်တွေနဲ့ သီးခြားဖမ်းမိခဲ့တာဖြစ်ပါတယ်။
အခုဖမ်းဆီးရမိသူတွေက စစ်ဗျူဟာ (၁) ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးမိုးကျော်ရဲ့ ကွပ်ကဲမှု အောက်က တပ်တွေဖြစ်ပြီး သူတို့ကို ဆက်လက်အရေးယူဖို့ သက်ဆိုင်ရာကို ပို့ဆောင်ထားကြောင်း သတင်းရရှိပါတယ်။









