ဘူးသီးတောင် အမတ်ဟောင်းကို အကြမ်းဖက်နဲ့ အမှုဖွင့်

ဓာတ်ပုံ ရင်းမြစ်, Reuters
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက ယခင် ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်ကို ဒီလ ၁ ရက်နေ့က အကြမ်းဖက်မှု ပုဒ်မ နဲ့ ဘူးသီးတောင်မြို့မ ရဲစခန်းမှာ အမှုဖွင့်လိုက်ပါတယ်။
လက်ရှိ အချိန်မှာ တော့ ဒီအမှုကို မှုခင်းတပ်ဖွဲကို လွှဲ ပေးလိုက်ပြီ ဖြစ်လို့ သိရပါတယ်။
လတ်တလော ဖြစ်ပေါ်နေတဲ့ ဆူပူ အကြမ်းဖက်မှု၊ မိုင်းထောင် ဗုံးဖောက် လက်နက်နဲ့ တိုက်ခိုက်မှုတွေမှာ အားပေး အားမြှောက် ပြုနေတာ တွေ့ရလို့ အမှုဖွင့်တာလို့ အမှုဖွင့်သူ ဘူးသီးတောင်မြို့မ ရဲစခန်းမှူးက ပြောပါတယ်။
အခုလက်ရှိ ဘူးသီးတောင်၊ မောင်တောဒေသတွေမှာ ဖြစ်ပေါ်နေတဲ့ မတည်ငြိမ်မှုကို အစိုးရကနေ ဆူပူ အကြမ်းဖက်မှု အဖြစ် ကြေညာထားပြီး ပါဝင်သူတွေကို အရေးယူဆောင်ရွက်သွားမယ်လို့ ပြောဆိုထားပါတယ်။
ဦးရွှေမောင်အနေနဲ့ အကြမ်းဖက်မှု ဖြစ်စဉ်တွေမှာ ပါဝင် ပတ်သက်တဲ့ အထောက်အထားများ တွေ့ရသလား သက်သေ တွေ ရှာနေတယ်လို့လည်း ဆိုပါတယ်။
ဦးရွှေမောင်ဟာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီရဲ့ အဖွဲ့ ဝင် တဦးဖြစ်ပြီး ၂ဝ၁ဝ ကနေ ၂ဝ၁၅ ခုနှစ်ထိ ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ်လည်း တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။
အမှုဖွင့်ခံရတဲ့ ဦးရွှေမောင်ကို ၂ဝ၁၅ သြဂုတ်လ ကတည်းက ပါတီက ထုတ်ပယ်ထားတယ်လို့ ပြည်ထောင်စု ကြံ့ခိုင်ရေး နဲ့ တိုးတက်ရေး ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးနန္ဒာလှမြင့်က ပြောဆိုပါတယ်။
အခုလို အကြမ်းဖက်မှု ဥပဒေနဲ့ အမှုဖွင့်ခံရတဲ့ ဦးရွှေမောင်ကတော့ လက်ရှိအချိန်မှာ အမေရိကန်မှာ နေထိုင်နေတယ်လို့ သိရှိရပါတယ် ။








