သုံးစွဲသူအချက်အလက် တလွဲသုံးတဲ့ အရှုပ်တော်ပုံထဲ ရောက်နေတဲ့ Facebook

နိုင်ငံရေး အကျိုးအမြတ်အတွက် Facebook အသုံးပြုသူတွေရဲ့ အချက်အလက်ကို တလွဲအသုံးချခဲ့တဲ့ ဗြိတိန် အခြေစိုက် Cambridge Analytica (CA)ကုမ္ပဏီရဲ့ အမှုဆောင် အကြီးအကဲ Alexander Nixကို ရာထူးကနေ ခေတ္တ ဆိုင်းငံ့ထား လိုက်ပါတယ်။

ဗြိတိန် Channel 4 News ရုပ်သံ သတင်းဌာနက လျှို့ဝှက် ရိုက်ကူးခဲ့တဲ့ ဖိုင်ထဲမှာ နိုင်ငံရေးသမားတွေ အွန်လိုင်းမှာ အရှက်ရအောင် လုပ်နိုင်တာကို မစ္စတာ Nixက ရှင်းပြနေတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ဒါအပြင် CA ကုမ္ပဏီရဲ့ ပစ်မှတ်ထားတဲ့ စည်းရုံးလှုံဆော်မှုက ၂၀၁၆ ခုနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ပြည်နယ် ၃ ခုမှာ သမ္မတ ထရမ့် အနိုင်ရအောင် ကူညီနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အခုလိုပြောဆိုချက်ဟာ မှန်ကန်ခဲ့မယ်ဆိုရင် အမေရိကန် ရွေးကောက်ပွဲ ဥပဒေကို ချိုးဖောက်တာလည်း ဖြစ်နေပါတယ်။

ဒီ သတင်းဌာနရဲ့ အသံဖိုင်ဟာ CA ကုမ္ပဏီရဲ့ ဂုဏ်သိက္ခာနဲ့ မသက်ဆိုင်ဘူးလို့ ကုမ္ပဏီက ငြင်းဆိုထားပါတယ်။

အချက်အလက် သိုမှီးစုဆောင်းထားတဲ့ CAကုမ္ပဏီဟာ Facbook အသုံးပြုသူ သန်း ၅၀ ရဲ့ ပုဂ္ဂိုလ်ရေး အချက်အလက်တွေကို သူတို့ သဘောတူညီချက် မပါဘဲ ရယူ အသုံးပြုခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။

Cambridge Analytica ကုမ္ပဏီက လိမ်လည်ပြီး သန်းနဲ့ချီတဲ့ Facebook အသုံးပြုသူတွေရဲ့ အချက် အလက်ကို အသုံးပြုတာကို ဒေါသထွက်မိတယ်လို့ Facebookက ပြောပါတယ်။

Facebookရဲ့ ရုံးချုပ်တည်ရှိဟာ ကယ်လီဖိုးနီးယား ပြည်နယ် ဆန်ဖရန်စစ္စကို Silicon Valleyမှာရှိတဲ့ ဝန်ထမ်းတွေကိုလည်း ဒီကိစ္စကို ကုမ္ပဏီရဲ့ ထိပ်တန်း ရှေ့နေတွေက ရှင်းပြနေပါတယ်။

Facebookအကြီးအကဲ Mark Zuckerbergနဲ့ လက်ထောက် Sheryl Sandberg တို့က ဒီကိစ္စကို ဖြေရှင်းဖို့ နေ့မအား ညမနား အလုပ်လုပ်နေတယ်လို့ ဆိုပါတယ်။ ဒီကိစ္စကို ဖြေရှင်းဖို့ Facebookက ကြီးမားတဲ့ ဖိအားကို ရင်ဆိုင်နေရပါတယ်။

တချို့သတင်းတွေမှာဆိုရင် Facebookကို လုံလုံခြုံခြုံသုံးဖို့ တချို့ အပလီကေးရှင်း ဆက်တင်ကို ပြောင်းဖို့တွေကိုပါ ကျယ်ကျယ်ပြန့်ပြန့် ရေးသားလာပါတယ်။

အမေရိကန် ဖက်ဒရယ် ကုန်သွယ်ရေး ကော်မရှင်က Facebookကို စစ်ဆေးနေ တယ်လို့လည်း ဆိုပါတယ်။ အမေရိကန်၊ ဗြိတိန်နဲ့ ဥရောပ ပါလီမန် အမတ်တွေက Facebookအကြီးအကဲ Mark Zuckerbergကို ရှင်းပြဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။

အခုလို အရှုပ်တော်ပုံတွေကြောင့် Facebookရဲ့ တန်ဖိုးဟာ အမေရိကန် ဒေါ်လာ ၆၀ ဘီလီယံကျော် ဆုံးရှုံးနေပါတယ်။