နေပြည်တော် အစည်းအဝေး တက်မယ့်သူတွေ ဘင်္ဂလားဒေ့ရှ် အရင်ဝင်

နေပြည်တော်မှာ တနင်္လာနေ့က စပြီး ကျင်းပမှာ ဖြစ်တဲ့ အာရှနဲ့ ဥရောပ နိုင်ငံခြားရေး ဝန်ကြီး တွေရဲ့ ဆွေးနွေးပွဲကို တက်ရောက်ကြမယ့် နိုင်ငံတကာက နိုင်ငံခြားရေး ဝန်ကြီးတွေဟာ မြန်မာနိုင်ငံကို မလာခင် ဘင်္ဂလားဒေ့ရှ် နိုင်ငံကို အရင် ဝင်ရောက်ကြမှာ ဖြစ်ပါတယ်။

ဒုက္ခသည်စခန်းတွေ ရှိတဲ့ နှစ်နိုင်ငံ နယ်စပ် ကော့စ်ဆက်ဘဇား မြို့ ထိ သွားရောက်ကြမယ့် သူတွေထဲ အီးယူအဖွဲ့ရဲ့ နိုင်ငံခြားရေးမူဝါဒပိုင်း ဆိုင်ရာ အကြီးအကဲ ဖက်ဒရီးကာ မူဂီရီနီး အပါအဝင် ဂျာမနီ၊ ဆွီဒင်နဲ့ ဂျပန် နိုင်ငံခြားရေး ဝန်ကြီးတွေ ပါဝင်တယ်လို့ အဲဒီက လာတဲ့ သတင်းတွေက ဆိုပါတယ်။

ရခိုင်ပြည်နယ်ကနေ ထွက်ပြေးလာကြတဲ့ သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေကို အကူအညီ ပေးရေးတွေနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး မာမွတ်အလီနဲ့ တွေ့ဆုံ စကားပြောမယ်လို့ အီးယူက ထုတ်ပြန် ထားပါတယ်။

တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီလည်း ဒက္ကာမြို့တော်ကို နိုဝင်ဘာ ၁၈ ရက် စနေနေ့က ရောက်လာပြီး၊ ကော့စ်ဆက်ဘဇား အထိ သွားမှာလား ဆိုတာတော့ မသိရသေးပါဘူး။

နေပြည်တော် အစည်းအဝေးမှာလည်း ရခိုင်ပြည်နယ်အရေးနဲ့ ဒုက္ခသည် ကူညီရေး ကိစ္စတွေ အပေါ် အဓိက ပြောဆိုလာမယ်လို့ မျှော်လင့်ရကြောင်း လေ့လာ စောင့်ကြည့် နေသူတွေက ပြောပါတယ်။

ဒုက္ခသည် ပြန်လည် လက်ခံရေးအတွက် မြန်မာ အာဏာပိုင်တွေ ဘက်က လက်ရှိ လုပ်ဆောင် ထားတာကတော့ မြန်မာနိုင်ငံကို ပြန်လာလိုသူတွေ ဖြည့်စွက်ရမယ့် လျှောက်လွှာပုံစံတွေကို နှစ်နိုင်ငံ နိုင်ငံခြားရေး ရုံးတွေက တဆင့် ပေးပို့ထားတယ် ဆိုပြီး လူဝင်မှု ဝန်ကြီးဌာနရဲ့ အမြဲတမ်း အတွင်းဝန် ဦးမြင့်ကြိုင်က ဘီဘီစီကို ပြောပါတယ်။

ကုန်းလမ်းက ပြန်လည် ဝင်ရောက်လာမယ့် သူတွေ အတွက် တောင်ပြိုလက်ဝဲမှာ စခန်း ဖွင့်လှစ်ထားသလို ရေလမ်းက ဝင်လာမယ့် သူတွေ အတွက် ငါးခူရ စခန်းမှာ လက်ခံ သွားမှာ ဖြစ်ပါတယ်။

ဒုက္ခသည် ပြန်လည် လက်ခံရေး လုပ်ငန်းစဉ် တကယ်တမ်း ဘယ်တော့ စတင် လာမှာလဲ ဆိုတာ ရှင်းရှင်းလင်းလင်း မသိရပေမယ့်၊ ပြန်ဝင်လာလိုသူတွေက လျှောက်လွှာတွေ ဖြည့်ပြီး ပြန်ပို့ လာတာနဲ့ မြန်မာ အာဏာပိုင်တွေ ဘက်ကလည်း စိစစ်တာတွေ ပြုလုပ် သွားမယ်လို့ ဦးမြင့်ကြိုင်က ဆိုပါတယ်။

ဒုက္ခသည် ပြန်လည် လက်ခံရေးမှာ သဘောတူမှု တစ်ရပ် ထွက်လာနိုင်ဖို့ နိုင်ငံခြားရေးရုံးက တာဝန်ယူပြီး နှစ်နိုင်ငံ အဆင့်မြင့် အရာရှိတွေ ဆက်လက် ညှိနှိုင်း နေကြဆဲ ဖြစ်တယ်လို့လည်း ဦးမြင့်ကြိုင်က ပြောပါတယ်။