သေနတ် ကိုင်ဆောင်မှု ဆွေးနွေးသင့်တဲ့ အချိန် မဟုတ်လို့ ထရမ့် ပြော

ဓာတ်ပုံ ရင်းမြစ်, AFP
အမေရိကန် ပြည်ထောင်စုမှာ အခု အခါ သေနတ် ကိုင်ဆောင်မှုနဲ့ ပတ်သက်လို့ နိုင်ငံရေးအရ ငြင်းခုန် ဆွေးနွေးသင့်တဲ့ အချိန် မဟုတ်ဘူးလို့ သတင်းထောက်တွေကို သမ္မတ ထရမ့် က ပြောကြားလိုက်ပါတယ်။
လာ့စ်ဗီးဂတ်စ် မှာ သေနတ် ပစ်ခတ်မှု ဖြစ်ခဲ့တာနဲ့ ပတ်သက်လို့ သတင်းထောက်တွေရဲ့ အမေးကို ဖြေရာမှာ သေနတ်ကိုင်ဆောင်မှု ဆိုင်ရာ ဆွေးနွေးမှုတွေ နောက်ပိုင်းမှာ ရှိကောင်း ရှိလာနိုင်ပေမယ့် အခုတော့ မဖြစ်တော့ မဟုတ်သေးဘူးလို့ သမ္မတ က ဆိုပါတယ်။
အမေရိကန် ပြည်ထောင်စုမှာ လိုင်စင်ရှိသူတွေ အနေနဲ့ သေနတ်၀ယ်ယူရမှာ လွယ်ကူစေမယ့် အငြင်းပွားဖွယ် အစီအစဉ် ကို ကွန်ဂရက် လွှတ်တော်မှာ ရီပါ့ဘလစ်ကန် အမတ်တွေက ရပ်ဆိုင်းထားဖို့ စောစောပိုင်းတုန်းက ဆုံးဖြတ်လိုက်ပါတယ်။
လာ့စ် ဗီးဂတ်စ်မြို့မှာ သေနတ် ပစ်ခတ်မှုကြောင့် လူအများအပြား သေဆုံးခဲ့ရတဲ့ အပေါ် လူတွေက ကြောက်ရွံ့တုန်လှုပ်နေတာကြောင့် ဒီဥပဒေကြမ်းကို ဆွေးနွေးဖို့ ရုတ်သိမ်းလိုက်တယ်လို့ အောက်လွှတ်တော် ဥက္ကဌ ပေါလ် ရိုင်ယန် က ပြောပါတယ်။
ဒီဥပဒေကြမ်းကို အမျိုးသား ရိုင်ဖယ် အသင်းက ထောက်ခံ အားပေးမှုနဲ့ ဆွေးနွေး အတည်ပြုဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။
သေနတ်သမားဆီမှာ လိုင်စင် ရှိတာနဲ့ လူအများအပြား သေဆုံးနေရတယ်လို့ ဟီလာရီ ကလင်တန်က ပစ်ခတ်မှု ဖြစ်ပွားပြီး နာရီပိုင်းအကြာမှာ လူမှုကွန်ယက်ပေါ်မှာ မှတ်ချက် ရေးခဲ့ပါတယ်။
ဒါပေမယ့် ရီပါ့ဘလစ်ကန် တွေကြားမှာ သေနတ်ထိန်းချုပ်ရေး ဥပဒေကို တိုးမြှင့် လုပ်ဆောင်ဖို့ ထောက်ခံမှု အနည်းငယ်သာ ရှိတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေ တုန်းက လာ့စ်ဗီးဂတ်စ်မှာ သေနတ်ပစ်ခတ်မှု ကျူးလွန်ခဲ့တဲ့ စတီဖင် ပက်ဒ်ဒေါ့ ခ် ရဲ့ ကြံစည်မှုနဲ့ ပတ်သက်လို့ ပိုပြီး တိကျတဲ့ အသေးစိတ် အချက်အလက်တွေကို ရဲက ထုတ်ဖော် ပြောကြား လိုက်ပြီး လက်နက်တွေနဲ့ အတူ အခန်းထဲမှာကော အခန်းအပြင်မှာပါ ကင်မရာတွေ တပ်ထားတာ တွေ့ရတဲ့အတွက် FBI က ဒစ်ဂျစ်တယ်နဲ့ အီလက်ထရွန်းနစ် အထောက်အထား အားလုံးယူသွားပြီး လေ့လာ ဆန်းစစ်မှုတွေ လုပ်နေပါတယ်လို့ ရဲအရာရှိ Joseph Lombardo က ပြောပါတယ်။
မစ္စတာ ပတ်ဒ်ဒေါ့ ခ် ဟာ သူ့ဟော်တယ်ခန်း ကနေ ဂီတဖျော်ဖြေပွဲက လူတွေကို ပစ်ခတ်ခဲ့တာဖြစ်ပြီး အဲဒီ ပစ်ခတ်မှုကြောင့် လူ၅၉ ယောက် သေဆုံးခဲ့ရပါတယ်။
သူ့ကိုယ်သူ သေနတ်နဲ့ အဆုံးမစီရင်ခင် ဟော်တယ် အခန်းထဲမှာ သေနတ် အလတ် ငါးဆယ်လောက် ထားခဲ့တယ်လို့ ရဲက ဆိုပေမယ့် ဘာရည်ရွယ်ချက်နဲ့ လူအများအပြားကို ပစ်သတ်ခဲ့သလဲ ဆိုတာတော့ ရဲက ထုတ်ဖော်ပြော မသွားခဲ့ပါဘူး။
မစ္စတာ ပတ်ဒ်ဒေါ့ခ် ဟာ ပြည်တွင်း ပြည်ပက အကြမ်းဖက် အဖွဲ့အစည်း တခုခုနဲ့ အဆက်အစပ် ရှိတာ မတွေ့ရဘူးလို့လည်း ရဲက ပြောပါတယ်။








