တူရကီ စစ်ဗိုလ်ချုပ် ၉၉ ယောက်ကို စွဲချက်တင်

ဓာတ်ပုံ ရင်းမြစ်, AFP
တူရကီ နိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ်မှာ ဖြစ်ပွားခဲ့တဲ့ မအောင်မြင်တဲ့ အာဏာသိမ်းမှုနဲ့ ဆက်နွယ်တယ် ဆိုပြီး ဗိုလ်ချုပ်ကြီးတွေနဲ့ ဗိုလ်ချုပ်တွေ စုစုပေါင်း ၉၉ ယောက်ကို တူရကီ အာဏာပိုင်တွေက စွဲချက်တင် လိုက်တယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။
တူရကီ နိုင်ငံရဲ့ လုံခြုံရေး ကောင်စီ အစည်းအဝေး ဆင့်ခေါ်ခဲ့ချိန်မှာပဲ ဒီသတင်း ထွက်ပေါ် လာတာပါ။ အာဏာသိမ်းဖို့ ကြိုးပမ်းမှုမှာ မပါဝင်ခဲ့တဲ့ စစ်ခေါင်းဆောင်တွေနဲ့ တူရကီ သမ္မတ အာဒိုဂန် တွေ့ဆုံခဲ့ပါတယ်။
တချိန်တည်းမှာပဲ တူရကီ ပညာရေး နယ်ပယ်က ဆရာတွေ၊ ကျောင်းသားတွေ အားလုံးကိုလည်း နိုင်ငံကနေ ထွက်ခွာခွင့် ယာယီ ပိတ်ပင် ထားလိုက်တယ်လို့ သိရပါတယ်။
အာဏာသိမ်းဖို့ ကြိုးပမ်းမှုကို စီစဉ်ခဲ့တယ် ဆိုတဲ့ အမေရိကန်ရောက် အစ္စလာမ် ဘာသာရေး ခေါင်းဆောင် Fethullah Gulen နဲ့ အဆက်အစပ် ရှိတယ်လို့ မသင်္ကာသူတွေ ကိုလည်း တူရကီ အစိုးရက ရှင်းလင်း နေခဲ့ပါတယ်။
မစ္စတာ ဂူလန် ကတော့ အဲဒီ အာဏာသိမ်းမှုကို ကြံစည်ခဲ့တယ် ဆိုတာကို ငြင်းဆို ထားပါတယ်။
အခုချိန်အထိ ကျောင်းဆရာ နှစ်သောင်း တစ်ထောင်ခန့် အပါအဝင် ဝန်ထမ်းပေါင်း ငါးသောင်းကျော်ကို ထိန်းသိမ်းတာ၊ ဖြုတ်ထုတ်တာတွေ လုပ်ခဲ့ပြီး ဖြစ်ပါတယ်။




