မက်ဆီဒိုးနီးယားကြောင့် ဂရိမှာ ရွှေ့ပြောင်းသူတွေ ပိတ်မိ

ဓာတ်ပုံ ရင်းမြစ်, AFP
အာဖဂန် နိုင်ငံသား ရွှေ့ပြောင်း ဝင်ရောက်သူတွေကို မက်ဆီဒိုးနီးယား နိုင်ငံက ပေးမဝင်တဲ့ အတွက် ဂရိ နိုင်ငံ မြောက်ပိုင်း နယ်စပ်နဲ့ အေသင်မြို့ အနီးမှာ ထောင်နဲ့ချီတဲ့ ရွှေ့ပြောင်းသူတွေ ပိတ်မိ သောင်တင် နေကြပါတယ်။
ဆီးရီးယားနဲ့ အီရတ် နိုင်ငံသား တွေကိုသာ ပေးဝင်မယ်လို့ မက်ဆီ ဒိုးနီးယားက ပြောတဲ့အတွက် နယ်စပ်မှာ ပိတ်မိနေသူ ငါးထောင်လောက် ရှိနေသလို၊ ပရေးယပ်စ်မြို့ ဆိပ်ကမ်းကိုလည်း နောက်ထပ် လေးထောင်လောက် ထပ်ရောက် လာကြပါတယ်။
မက်ဆီဒိုးနီးယားရဲ့ အဲဒီလို ကန့်သတ်ချက်ကို ဂရိက ကန့်ကွက်ခဲ့ပြီး၊ မက်ဆီဒိုးနီးယား ကတော့ တခြား နိုင်ငံတွေကလည်း အာဖဂန်တွေကို ပေးမဝင်ဘူးလို့ ပြောပါတယ်။
သြစတြီးယား နိုင်ငံကတော့ တစ်နေ့ကို ဒုက္ခသည် ၈၀ အထိသာ လက်ခံတဲ့ ကန့်သတ်ချက်ကို ပြီးခဲ့တဲ့ သီတင်းပတ်က စတင် ကျင့်သုံး ခဲ့ပါတယ်။
အဲဒီ နောက်ပိုင်းမှာ ရွှေ့ပြောင်းသူတွေ ဂရိက တဆင့် ဝင်ရောက်တဲ့ လမ်းကြောင်းပေါ်က ဘော်လ်ကန် နိုင်ငံတွေဟာလည်း ကန့်သတ်ချက်တွေကို လုပ်လာ ခဲ့ကြတာ ဖြစ်ပါတယ်။
ဥရောပကို ထပ်ရောက်လာတဲ့ ရွှေ့ပြောင်းသူတွေ အနေနဲ့ ဂရိ - မက်ဆီဒိုးနီးယား နယ်စပ်မှာ မှတ်ပုံတင် ရမယ့် အစီအစဉ်ကို သြစတြီးယား၊ စလိုဗေးနီးယား၊ ခရိုအေးရှား၊ ဆားဗီးယားနဲ့ မက်ဆီဒိုးနီးယား ရဲတပ်ဖွဲ့ အကြီးအကဲတွေက ပြီးခဲ့တဲ့ သီတင်းပတ်မှာ သဘောတူ အတည်ပြုခဲ့ပါတယ်။
၂၀၁၅ အတွင်း ဥရောပကို ဝင်ရောက်ခဲ့တဲ့ ရွှေ့ပြောင်းသူတွေ ထဲမှာ ဆီးရီးယား နိုင်ငံသားတွေ ပြီးရင် အာဖဂန် နိုင်ငံသား တွေက ဒုတိယ အများဆုံး ဖြစ်တယ်လို့ တရားဝင် ကိန်းဂဏန်းတွေ အရ သိရပါတယ်။




