ဆီးရီးယား ထိုးစစ်ကြောင့် ဆွေးနွေးမှု ပျက်စီးနိုင်

ဓာတ်ပုံ ရင်းမြစ်, AFP
ဆီးရီးယား အစိုးရ တပ်တွေက အလက်ပိုမြို့ တဝိုက်မှာ သူပုန်တွေ ထိန်းချုပ် ထားတဲ့ နေရာတွေကို ထိုးစစ်ဆင် တိုက်ခိုက် ခဲ့တဲ့အတွက် ကုလ သမဂ္ဂက ကြိုးပမ်း လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကို ပျက်ယွင်း သွားစေနိုင်တဲ့ အနေအထား ရှိနေပါတယ်။
ရုရှားရဲ့ လေကြောင်း ပစ်ကူတွေနဲ့အတူ အသစ် ပြုလုပ်လာတဲ့ ဆီးရီးယား အစိုးရရဲ့ ထိုးစစ်ကို ကြိုတင် မသိနိုင်ခဲ့ဘဲ အငိုက်မိ ခဲ့ရတယ်လို့ ဆီးရီးယား သူပုန်တွေက ပြောပါတယ်။
တနင်္လာနေ့ကပဲ ဆီးရီးယား အရေး ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကို ဂျီနီဗာမှာ စတင် ပြုလုပ်ခဲ့တယ်လို့ ကုလ သမဂ္ဂ အထူး ကိုယ်စားလှယ်က ကြေညာ ခဲ့တာပါ။
ဒါပေမယ့် အင်္ဂါနေ့မှာတော့ တိုက်ပွဲတွေ ဆက်ဖြစ် လာတဲ့အတွက် ကုလ အထူး သံတမန် Staffan de Mistura အနေနဲ့ ဆီးရီးယား အစိုးရနဲ့ရော အတိုက်အခံ အဖွဲ့တွေနဲ့ပါ ညှိနှိုင်းလို့ မရခဲ့ပါဘူး။
၅ နှစ်နီးပါး ကြာလာတဲ့ ဆီးရီးယား စစ်ပွဲတွေကြောင့် လူ ၂ သိန်းခွဲကျော် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။




