ကိုလုန်းမြို့ ရာဇဝတ်မှု၊ ခိုလှုံခွင့် လျှောက်သူတွေ ပါဝင်

ဓာတ်ပုံ ရင်းမြစ်, epa
ဂျာမနီ နိုင်ငံ၊ ကိုလုန်း မြို့မှာ နှစ်သစ်ကူး အကြိုနေ့က ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေ အတွက် သံသယရှိသူ ၃၁ ယောက်ကို ဖော်ထုတ် နိုင်ခဲ့ရာမှာ အဲဒီ လူတွေ အနက် ခိုလှုံခွင့် လျှောက်ထားသူ ၁၈ ယောက် ပါဝင် နေတယ်လို့ ဂျာမန် ပြည်ထဲရေး ဌာနက ပြောပါတယ်။
အဲဒီ သံသယရှိသူတွေ အတွက် စွဲချက်တွေကတော့ ခိုးမှုတွေနဲ့ ကိုယ်ထိ လက်ရောက်မှုတွေ အများစု ဖြစ်တယ်လို့ ဂျာမန် ပြည်ထဲရေးဌာန ပြောခွင့်ရသူက ဆိုပါတယ်။
သံသယ ရှိသူတွေထဲက အချို့ကို ဖမ်းဆီးပြီး ဖြစ်ကာ ဂျာမန် နိုင်ငံသား ၂ ဦးနဲ့ အမေရိကန် တစ်ဦးလည်း ကျူးလွန်တဲ့ အထဲမှာ ပါဝင်တယ်လို့ သိရပါတယ်။
လိင်ပိုင်းဆိုင်ရာ စော်ကားတဲ့ မှုခင်းတွေ အတွက်လည်း တိုင်ကြားမှုတွေ အများအပြား လက်ခံ ရရှိထားပေမယ့် လက်သည်တွေကို မဖော်ထုတ်နိုင် သေးပါဘူး။
ကျူးလွန်သူတွေဟာ အာဖရိကန် ဒါမှမဟုတ် အာရပ် ပုံစံတွေ ဖြစ်တယ်လို့ မျက်မြင် သက်သေတွေက ဆိုပါတယ်။
ဒီဇင်ဘာ ၃၁ ရက်နေ့က ကိုလုန်းမြို့ ဘူတာရုံ အပြင်မှာ ဖြစ်ခဲ့တဲ့ မှုခင်းတွေကြောင့် ရွှေ့ပြောင်း ဝင်လာသူတွေကို တံခါးဖွင့်ပေးတဲ့ ဂျာမနီရဲ့ မူဝါဒ အပေါ် ငြင်းခုန်မှုတွေ ပေါ်ပေါက် စေခဲ့ပါတယ်။




