မိသားစုနာမည် ဥပဒေကို ဂျပန် ဆက်လက်ထားရှိ

ဂျပန် မိသားစု အတော်များများက လင်ယောက်ျားရဲ့ မိသားစု အမည်ကိုသာ ယူသုံးနေခဲ့ကြ။

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ဂျပန် မိသားစု အတော်များများက လင်ယောက်ျားရဲ့ မိသားစု အမည်ကိုသာ ယူသုံးနေခဲ့ကြ။

ဂျပန် နိုင်ငံမှာ လက်ထပ်ပြီးသား ဇနီးမောင်နှံတွေ မိသားစုအမည် (surname) တစ်ခုတည်း အတူတူ သုံးရမယ် ဆိုတဲ့ ဥပဒေကို ဆက်လက် ထားရှိဖို့ ဂျပန် တရားရုံးချုပ်က ဆုံးဖြတ် လိုက်ပါတယ်။

စည်းရုံး လှုပ်ရှားသူတွေ ကတော့ ဇနီးမောင်နှံတွေ အနေနဲ့ လင်ယောက်ျားရဲ့ မိသားစု အမည်ကို ယူသုံးဖို့ ဒီဥပဒေက တွန်းပို့ ခဲ့တဲ့အတွက် အဲဒီ ဥပဒေဟာ ကျားမ ခွဲခြားတဲ့ မညီမျှတဲ့ ဥပဒေ ဖြစ်တယ်လို့ ပြောပါတယ်။

ဂျပန် တရားရုံးချုပ်ကတော့ ဒီဥပဒေဟာ အခြေခံ ဥပဒေကို ဖောက်ဖျက်ခြင်း မရှိဘူးလို့ ဆုံးဖြတ်ကြောင်း NHK သတင်းဌာနက ဖော်ပြပါတယ်။

ဒါပေမယ့် နောက်ထပ် ဥပဒေ တစ်ခု ဖြစ်တဲ့ အမျိုးသမီးတွေ ကွာရှင်းပြီး ၆ လအတွင်း နောက်အိမ်ထောင် မပြုရဘူး ဆိုတဲ့ ဥပဒေကိုတော့ အခြေခံ ဥပဒေနဲ့ မညီဘူးလို့ တရားရုံးချုပ်က သီးခြား ဖြစ်ရပ်တစ်ခုမှာ ဆုံးဖြတ် ပေးခဲ့ပါတယ်။

အဲဒီ ဥပဒေ ၂ ခုစလုံးဟာ ဂျပန်ရဲ့ ၁၉ ရာစု မေဂျီ ခေတ်ကတည်းက ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေတွေ ဖြစ်ပါတယ်။

မိသားစုအမည် အတူတူ သုံးဖို့ ဥပဒေ ပယ်ဖျက်ပေးဖို့ ကိစ္စကို အမျိုးသမီး ၃ ယောက်နဲ့ စုံတွဲ တစ်တွဲ တို့က တင်သွင်း ခဲ့တာပါ။ ဒီ ဥပဒေဟာ အခြေခံ ဥပဒေနဲ့ မညီဘဲ ခွဲခြားမှု ရှိတဲ့၊ ရှေးကျတဲ့ ဥပဒေ ဖြစ်တယ်လို့ သူတို့က ထောက်ပြ ခဲ့ကြတာ ဖြစ်ပါတယ်။