ရွှေ့ပြောင်းသူ ခွဲတမ်းစနစ် အီးယူ နိုင်ငံတွေ ညှိနှိုင်း

ဓာတ်ပုံ ရင်းမြစ်, epa
ဥရောပကို ရောက်ရှိပြီး ဖြစ်တဲ့ ရွှေ့ပြောင်းသူ ၁ သိန်း ၂ သောင်းအတွက် နေရာချထားရေးနဲ့ ပတ်သက်ပြီး အငြင်းပွားနေမှုကို အဖြေရှာဖို့ ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေက ဝန်ကြီးတွေ တွေ့ဆုံ ဆွေးနွေး နေပါတယ်။
ရွှေ့ပြောင်းသူတွေကို အီးယူ အဖွဲ့ဝင် နိုင်ငံအားလုံး ခွဲတမ်းနဲ့ မဖြစ်မနေ လက်ခံဖို့ အစီအစဉ်ကို ဥရောပ အလယ်ပိုင်း နိုင်ငံတချို့က ငြင်းဆန် ခဲ့ကြတာပါ။
ဒါပေမယ့် အခု အငြင်းပွားနေမှုကို ဖြေရှင်းနိုင်သည့်တိုင် ကုလ သမဂ္ဂကတော့ အီးယူရဲ့ အစီအစဉ်ဟာ လုံလောက်မှု မရှိသေးဘူးလို့ ပြောပါတယ်။
အီးယူက ခွဲတမ်းနဲ့ လက်ခံဖို့ ညှိနှိုင်းနေတဲ့ အရေအတွက်က ၁ သိန်း ၂ သောင်း ဖြစ်ပြီး၊ အခုနှစ် အတွင်း ရေလမ်းကနေ ရောက်လာတဲ့ ရွှေ့ပြောင်းသူ အရေအတွက်ဟာ ခုချိန်အထိ စုစုပေါင်း ၅ သိန်းလောက် ရှိပြီ ဖြစ်ပါတယ်။ နှစ်ကုန်တဲ့ အထိ ဆိုရင် အနည်းဆုံး ၈ သိန်း ရောက်လာနိုင်တယ်လို့ ဂျာမနီက ခန့်မှန်း ထားပါတယ်။
ရွှေ့ပြောင်း ဝင်ရောက်သူတွေကြောင့် အီးယူ အဖွဲ့ဝင် နိုင်ငံတွေ အကြား နက်ရှိုင်းတဲ့ သဘောထား ကွဲလွဲမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။




