ပါလ်မိုင်းရားက ရှေး ဘဲလ်ကျောင်းတော်ရာ ဖျက်စီးခံရပြန်ပြီ

ဓာတ်ပုံ ရင်းမြစ်, AFP
ဆီးရီးယား နိုင်ငံ ပါလ်မိုင်းရား မြို့က ရှေးဟောင်း အမွေအနှစ် တစ်ခု ဖြစ်တဲ့ ရောမခေတ် လက်ရာ အကြွင်းအကျန် ဘဲလ် ဝတ်ကျောင်းတော် ရဲ့ အစိတ်အပိုင်းတွေ ကို အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS တွေက ဖောက်ခွဲ ဖျက်စီး လိုက်ကြပြီ ဆိုတဲ့ သတင်းတွေ ရရှိ နေပါတယ်။
ဘဲလ် ဝတ်ကျောင်းတော် ဖောက်ခွဲရေး ပစ္စည်းတွေ အမြောက်အများ သုံးပြီး ဖောက်ခွဲ ခဲ့တယ် လို့ ဗြိတိန် အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး ဆိုင်ရာ စောင့်ကြည့်ရေး အဖွဲ့ နဲ့ ပါလ်မိုင်းရား မြို့ခံတွေ က ပြောပါတယ်။
ဖောက်ခွဲလိုက်တဲ့ အရှိန်ဟာ အဲဒီ့ ရှေးဝတ်ကျောင်းတော် ရဲ့ အစိတ်အပိုင်း တွေသာမက ဒီ့ပြင် နေရာတွေကိုပါ ထိခိုက် လောက်အောင် ပြင်းထန်တယ်လို့ အမည်မဖော်လိုတဲ့ ပါလ်မိုင်းရား မြို့ခံတစ်ဦးက ဆိုပါတယ်။
ပြီးခဲ့တဲ့ သီတင်းတစ်ပတ်တုန်း ကလည်း ပါလ်မိုင်းရားမှာ ရှိတဲ့ ရှေး အမွေအနှစ် ဘာရှမင် ဝတ်ကျောင်းတော် ကိုလည်း IS တွေ ဖျက်စီးခဲ့ပြီး ဖြစ်ပါတယ်။
ပါလ်မိုင်းရာဟာ ပြီးခဲ့တဲ့ မေလ ကတည်းက IS တွေ လက် ကျရောက် နေခဲ့ရပြီး အဲဒီမှာ ရှိတဲ့ ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ် ရှေးလက်ရာ တွေ အတွက် စိုးရိမ် နေခဲ့ရတာ ဖြစ်ပါတယ်။




