မလေးရှား ဝန်ကြီးချုပ်က ဒုဝန်ကြီးချုပ်ကို ထုတ်ပယ်

ဓာတ်ပုံ ရင်းမြစ်, Reuters
မလေးရှား နိုင်ငံမှာ ငွေကြေး အရှုပ်တော်ပုံ ဆက်လက် ဖြစ်ပေါ်နေချိန်မှာပဲ ဝန်ကြီးချုပ် နာဂျစ် ရာဇက်က ဒုတိယ ဝန်ကြီးချုပ်နဲ့ ရှေ့နေချုပ် တို့ကို ရာထူးကနေ ဖယ်ရှား လိုက်ပါတယ်။
နိုင်ငံရဲ့ ရင်းနှီး မြှုပ်နှံမှု ရန်ပုံငွေမှာ ဝန်ကြီးချုပ် မစ္စတာ နာဂျစ် ပါဝင် ပတ်သက်မှုကို ရှင်းလင်း ပြောပြဖို့ ဒုတိယ ဝန်ကြီးချုပ် မူယစ်ဒင် ယာစင်က လူသိရှင်ကြား တောင်းဆိုခဲ့ အပြီးမှာ အခုလို ဖယ်ရှား ခံလိုက်ရတာ ဖြစ်ပါတယ်။
ရန်ပုံငွေတွေထဲက အမေရိကန် ဒေါ်လာ သန်း ၇၀၀ နီးပါးကို မစ္စတာ နာဂျစ်ရဲ့ ကိုယ်ပိုင် ဘဏ်စာရင်းတွေထဲ လွှဲပြောင်း ခဲ့တဲ့ အကြောင်းကို ဝေါလ်စထရိ ဂျာနယ်က အခုလ အစောပိုင်းက ဖော်ပြ ခဲ့ပါတယ်။
အဲဒီ စွပ်စွဲချက်တွေကို ရှေ့နေချုပ်က ဦးဆောင်ပြီး စုံစမ်း စစ်ဆေးနေခဲ့တာ ဖြစ်ပါတယ်။
ဝန်ကြီးချုပ် နာဂျစ် ရာဇက် ကတော့ စွပ်စွဲချက် တွေကို ငြင်းဆို ထားပါတယ်။
အခု ပေါ်ပေါက်လာတဲ့ နောက်ဆုံး အဖြစ်အပျက်တွေကြောင့် မလေးရှားရဲ့ ငွေကြေး အရှုပ်တော်ပုံနဲ့ ပတ်သက်ပြီး အမှန်တရား ပေါ်ထွက်လာဖို့ ခဲယဉ်း သွားပြီလို့ ကွာလာလမ်ပူမှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။




