ရာမာဒီမြို့က IS တွေ ခံစစ်အတွက် ပြင်ဆင်နေ

ဓာတ်ပုံ ရင်းမြစ်, AP
အီရတ် နိုင်ငံမှာ IS အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ စစ်သွေးကြွတွေက ရာမာဒီ မြို့ကို သိမ်းယူခဲ့ပြီးနောက် ခံစစ်အတွက် ပြင်ဆင် နေစဉ်မှာ ထောင်သောင်း ချီတဲ့ မြို့ခံ အရပ်သားတွေ ထွက်ပြေး နေကြပါတယ်။
ရာမာဒီ မြို့ကို တနင်္ဂနွေနေ့က သိမ်းယူ နိုင်ခဲ့ပြီး နောက်ပိုင်း IS စစ်သွေးကြွတွေက မြေမြှုပ်မိုင်းတွေ ထောင်နေပြီး ခံစစ် နေရာတွေ ပြုလုပ် နေတယ်လို့ မျက်မြင် သက်သက် အချို့က ပြောပါတယ်။
IS စစ်သွေးကြွတွေဟာ မြို့တွင်းက အိမ်တွေကို လှည့်လည်ပြီး အစိုးရ ဘက်သားတွေကို ရှာဖွေနေကာ အလောင်းတွေကို ယူဖရေးတီးစ် မြစ်ထဲ ပစ်ချနေတယ် လို့လည်း ဒေသခံ မျက်မြင် သက်သေတွေက ပြောပါတယ်။
အခု ရက်အနည်းငယ် အတွင်းမှာ လူပေါင်း ၂ သောင်းခွဲဟာ ရာမာဒီမြို့ အရှေ့ဘက်က ဘဂ္ဂဒက် မြို့ဆီ ဦးတည် ထွက်ပြေး ခဲ့ကြတယ်လို့ ကုလ သမဂ္ဂက ပြောပါတယ်။
IS အဖွဲ့ရဲ့ ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ ရှိခဲ့တဲ့ ပြီးခဲ့တဲ့ လကတော့ အရပ်သား တစ်သိန်း သုံးသောင်းလောက် မြို့ကနေ ထွက်ပြေး ခဲ့ကြပါတယ်။
ကူညီ ကယ်ဆယ်ရေး အေဂျင်စီတွေက ဒုက္ခသည်တွေ အတွက် စားစရာ၊ ရေနဲ့ ဆေးဝါး အကူအညီတွေကို စတင် ထောက်ပံ့ ပေးနေပြီး ယာယီ စခန်းတွေကိုလည်း ဆောက်လုပ် ပေးခဲ့ပါတယ်။
အီရန် ကျောထောက် နောက်ခံ ပေးထားတဲ့ ရှီးယား တိုက်ခိုက်ရေး သမားတွေက ရာမာဒီမြို့ အရှေ့ပိုင်းမှာ စုရုံး ရောက်ရှိနေပြီး မြို့ကို ပြန်သိမ်းနိုင်ဖို့ ပြင်ဆင် နေကြပါတယ်။




