ထိုင်းမှာ ဆင်စွယ် ၃ တန်ကျော် ထပ်မံ ဖမ်းဆီးမိ

ဓာတ်ပုံ ရင်းမြစ်, epa
ထိုင်းနိုင်ငံမှာ မှောင်ခို ဆင်စွယ်တွေ ပမာဏ အများဆုံး ဖမ်းဆီးရမှုတွေထဲက နောက်တစ်ကြိမ် ဖမ်းဆီးရမှု အဖြစ် တန်ချိန် ၃ တန် ကျော်ကို ဖမ်းဆီး မိခဲ့တယ်လို့ ထိုင်းအရာရှိတွေက ပြောပါတယ်။
ဆင်စွယ် အချောင်း ၅၀၀ ကျော်ကို လက်ဖက်ခြောက် အိတ်တွေ အောက်မှာ ဝှက်ယူ လာစဉ် ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။
အဲဒီ ဆင်စွယ် တွေကို ထိုင်းနိုင်ငံ ကနေ တဆင့် လာအို နိုင်ငံကို သယ်ယူဖို့ ကင်ညာ နိုင်ငံကနေ တင်သွင်း လာတာ ဖြစ်ပါတယ်။
အခု ဖမ်းမိတဲ့ ဆင်စွယ် တွေရဲ့ တန်ဖိုးက ဒေါ်လာ ၆ သန်း ဖြစ်ပါတယ်။
ထိုင်းနိုင်ငံဟာ ဆင်စွယ်တွေ တရားမဝင် သယ်ဆောင်ရာ အဓိက လမ်းကြောင်းဖြစ်ပြီး ဒါကို ကိုင်တွယ် ဖြေရှင်းဖို့ ပြည်ပ ဖိအားတွေ တိုးပွား လာနေတဲ့ အတွက် ထိုင်းနိုင်ငံက ကြိုးပမ်း တိုက်ဖျက် နေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း ပမာဏ အကြီးမားဆုံး ဖမ်းဆီးမှု အဖြစ် အလေးချိန် ၄ တန် ရှိတဲ့ ဆင်စွယ်တွေ ဖမ်းမိခဲ့တယ်လို့ ထိုင်းနိုင်ငံက ကြေညာခဲ့ပါတယ်။




