ရှင်ဂျန်း ပြည်နယ်မှာ ရဲက လူ ၆ ဦးကို ပစ်သတ်

ဓာတ်ပုံ ရင်းမြစ်, AFP
တရုတ် နိုင်ငံ အနောက်ပိုင်း ရှင်ဂျန်း ဒေသမှာ ရဲတွေက လူ ၆ ယောက်ကို ပစ်သတ် ခဲ့တယ်လို့ တရုတ် သတင်း မီဒီယာတွေမှာ ဖော်ပြပါတယ်။
မတည်မငြိမ် ဖြစ်နေတဲ့ ရှင်ဂျန်း ဒေသက သတင်းတွေကို တရုတ် အစိုးရက တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတဲ့ အတွက် ဖြစ်ပျက်ခဲ့ပုံနဲ့ ပတ်သက်လို့ သီးခြား အတည်ပြုချက် မရရှိသေးပါဘူး။
တရုတ် သတင်း မီဒီယာတွေ မှာတော့ ရဲတွေကို အမျိုးသား တစ်ယောက်က ပုဆိန်နဲ့ ရုတ်တရက် တိုက်ခိုက်လာပြီး ဖောက်ခွဲရေး ပစ္စည်းတွေနဲ့ ဖောက်ခွဲ တိုက်ခိုက်ဖို့ ကြိုးစားတဲ့ အတွက် ရဲက ပစ်သတ် ခဲ့တယ်လို့ ဖော်ပြပါတယ်။
ဗုံးတွေ ကိုင်ဆောင် ထားတဲ့ နောက်ထပ် အမျိုးသား ၅ ယောက် ကိုလည်း တွေ့ရတဲ့ အတွက် ရဲက ပစ်သတ်ခဲ့ကြောင်း၊ ဗင်ကား တစ်စီးထဲမှာလည်း ဖောက်ခွဲရေး ပစ္စည်း နောက်တစ်ခု ထပ်တွေ့ကြောင်း အဲဒီ သတင်းတွေက ဆိုပါတယ်။
ရှင်ဂျန်း ပြည်နယ်မှာ ဒေသခံ ဝီဂါ မွတ်ဆလင်တွေ ပါဝင် ပတ်သက်တဲ့ အကြမ်းဖက်မှု တွေကြောင့် လွန်ခဲ့တဲ့ ၂ နှစ် အတွင်းမှာ လူ ရာနဲ့ချီ သေဆုံး ခဲ့ရပါတယ်။




