ပြင်သစ်တဝှမ်း လူတွေ သိန်းချီပြီး ငြိမ်သက်စွာ စီတန်း လှည့်လည်

ဓာတ်ပုံ ရင်းမြစ်, EPA
ပြင်သစ် နိုင်ငံ မှာ လူ ၁၇ ဦး သေဆုံး ခဲ့ရတဲ့ အကြမ်းဖက် ခံခဲ့ရမှု အထိမ်းအမှတ် အနေနဲ့ ဇန်နဝါရီ ၁၀ ရက် နေ့ က ငြိမ်သက်စွာ စီတန်း လှည့်လည် မှုတွေ ပြုလုပ် ခဲ့ ကြ တာမှာ လူ တွေ သိန်းနဲ့ ချီ ပါဝင် ခဲ့ပါတယ်။
အကြီးမားဆုံး ချီတက် ပွဲ ကတော့ တူလုစ် မြို့မှာ ဖြစ်ခဲ့ပြီး လူပေါင်း ၈ သောင်း လောက် ပါဝင် ခဲ့ပါတယ်။
ရှာလီ အက်ဘ်ဒို သရော်စာ မဂ္ဂဇင်း တိုက်က ကာတွန်း ဆရာတွေကို သတ်ဖြတ်ခဲ့တဲ့ အကြမ်းဖက်မှု အပေါ် အံတုတဲ့ သင်္ကေတ အဖြစ် ပါရီမြို့တော်ရဲ့ ပလာ့စ်ဒါလာ ရပြူဘလိခ် ရင် ပြင်မှာ အများပြည်သူဟာ ဖောင်တိန် တွေ ဘောပင် တွေ ကို လာရောက် ချထား ခဲ့ကြ ပါတယ်။
ဇန်နဝါရီ ၁၁ ရက် တနင်္ဂနွေ နေ့ ပါရီမြို့တော် မှာ ပြုလုပ်မယ့် စုပေါင်း ချီတက်ပွဲ မတိုင်ခင် မြို့တော် အနှံ့ ရာနဲ့ချီတဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ချထား ပါတယ်။
ဒီ ချီတက်ပွဲ မှာ ပြင်သစ် သမ္မတ ဖရော်န်ဆွာ အိုလော်န့် အပါအဝင် ဥရောပ နိုင်ငံတွေ နဲ့ တခြား ကမ္ဘာ့ နိုင်ငံတွေ က ခေါင်းဆောင် တွေ အယောက် ၄၀ ကျော် ပူးပေါင်း ချီတက် ကြပါမယ်။ ဒီထဲမှာ ဂျော်ဒန် နိုင်ငံရဲ့ ဘုရင်နဲ့ မိဖုရား၊ တူနီရှား နိုင်ငံက ယာယီ ဝန်ကြီးချူပ် တို့လည်း ပါဝင်မယ် လို့ ပြောထားပါတယ်။
တခါ၊ ပါရီမြို့က ဂျူး ပိုင် ကုန်တိုက်ကို ပြီးခဲ့တဲ့ သောကြာနေ့က သိမ်းပိုက်ခဲ့သူ ရဲ့ အဖော် အမျိုးသမီးဟာ အခင်း မဖြစ်ခင် သီတင်း တစ်ပတ်ကျော် က တူရကီ နိုင်ငံ အစ္စတန်ဘူလ် ကို လာခဲ့တယ် ဆိုပြီး တူရကီ အာဏာပိုင် တွေက ထုတ်ဖော် ပြောဆို လာပါတယ်။
အာရတ် ဘူ မယ်ဒီယဲန်း လို့ အမည် ရှိတဲ့ အဆိုပါ အမျိုးသမီးရဲ့ ဓာတ်ပုံတွေ ကို ပြင်သစ် အာဏာပိုင် တွေက ဖြန့်ဝေ ထားခဲ့ တာမှာ အဲဒီ့ ဓာတ်ပုံရှင် အမျိုးသမီးနဲ့ တူသူဟာ ပြင်သစ် အကြမ်းဖက်မှု မဖြစ်ပေါ်ခင် က တူရကီ ကို လာရောက် သွားကြောင်း တူရကီ ဘက်က ပြောဆို လာတာ ဖြစ်ပါတယ်။
အခုတော့ အဲဒီ့ အမျိုးသမီးဟာ ဆီးရီးယား ထဲကို ရောက်သွားပြီ လို့ ယူဆ ရပါတယ်။
ရှာလီ အက်ဘ်ဒို မဂ္ဂဇင်း တိုက်ကို တိုက်ခိုက်ခဲ့သူတွေ အဖြစ် ယူဆထားတဲ့ အသေ ဖမ်းဆီး မိခဲ့တဲ့ ညီအစ်ကို ၂ ဦးရဲ့ မိသားစုဝင် ၅ ဦးကို ပြန်လွှတ် ပေးလိုက်ပြီလို့ ပြင်သစ်ရဲ တွေက ပြောပါတယ်။








