ရုရှား စီးပွားရေး အကျပ်အတည်း မစိုးရိမ်ဖို့ ပူတင် ပြော

ဓာတ်ပုံ ရင်းမြစ်, AFP
ရုရှား နိုင်ငံသုံး ရူဘယ်ငွေ တန်ဖိုး အခု တစ်ပတ်အတွင်း အကြီးအကျယ် ထိုးကျ သွားခဲ့ပြီးတဲ့နောက် ရုရှား စီးပွားရေး နဲ့ ပတ်သက်လို့ စိုးရိမ် ပူပန်မှုတွေ လျော့ပါးအောင် သမ္မတ ပူတင်က ကြိုးပမ်း ခဲ့ပါတယ်။
ရုရှား ဗဟိုဘဏ်အနေနဲ့ အစောပိုင်း ကတည်းက မြန်မြန်ဆန်ဆန် ကိုင်တွယ် ဆောင်ရွက်သင့်တာ မှန်ပေမယ့် ရူဘယ် ငွေကြေး တည်ငြိမ်ဖို့ အခု ဆောင်ရွက် နေတာတွေဟာလည်း အလုပ်ဖြစ် လိမ့်မယ်လို့ သမ္မတ ပူတင်က သူ့ရဲ့ နှစ်ပတ်လည် သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။
ရုရှား ငွေကြေး ပြဿနာ ဖြစ်ရတာဟာ အဓိက အားဖြင့် ပြင်ပက သက်ရောက်တဲ့ အချက်တွေကြောင့် ဖြစ်ရတယ်လို့လည်း သမ္မတ ပူတင်က ပြောပါတယ်။
လက်ရှိ စီးပွားရေး ကျဆင်းမှု အခြေအနေကနေ ရုန်းထွက်နိုင်ဖို့ အချိန် ၂ နှစ်လောက် ယူရနိုင်တယ် လို့လည်း သူက ပြောပါတယ်။
ရုရှား နိုင်ငံဟာ ယူကရိန်း အရေးနဲ့ ပတ်သက်ပြီး အနောက် နိုင်ငံတွေရဲ့ ပိတ်ဆို့ ဒဏ်ခတ်မှုတွေနဲ့ ရေနံစိမ်း စျေးနှုန်း ကျဆင်း မှုတွေကြောင့် စီးပွားရေး ကျဆင်းမှုနဲ့ စတင် ရင်ဆိုင် နေရတာ ဖြစ်ပါတယ်။




