ဟောင်ကောင် သပိတ်စခန်း ရှင်းလင်းဖို့ အမိန့်ထုတ်

သပိတ်စခန်းတွေမှာ ကျောင်းသားတွေ အများစု ကျန်ရှိနေ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, သပိတ်စခန်းတွေမှာ ကျောင်းသားတွေ အများစု ကျန်ရှိနေ

ဟောင်ကောင် အချက်အချာ နေရာမှာ စခန်းချ ဆန္ဒပြနေတဲ့ အဓိက သပိတ်စခန်းရဲ့ အချို့ အစိတ်အပိုင်း တွေကို ရှင်းလင်းဖို့ တရားရုံးရဲ့ အမိန့်စာ ထွက်ရှိ လာတဲ့အတွက် သပိတ်စခန်း ရှင်းလင်းမှုကို ရင်ဆိုင်ဖို့ ဆန္ဒပြသူတွေက အသင့် အနေအထား ရှိနေကြပါတယ်။

မြို့လယ်က Admiralty ဧရိယာမှာ ရှိတဲ့ သပိတ်စခန်းရဲ့ နေရာ ၃ နေရာကို ရှင်းလင်းပေးဖို့ ဒီကနေ့ အင်္ဂါနေ့မှာ ထွက်ရှိလာတဲ့ အထက် တရားရုံးရဲ့ အမိန့်ကို ဟောင်ကောင် သတင်းစာတွေက ဖော်ပြခဲ့ကြပါတယ်။

ဆန္ဒပြ တဲတွေနဲ့ ပိတ်ဆို့ထားတဲ့ လမ်းတွေကို ရဲတွေရဲ့ အကူအညီနဲ့ ပြန်ဖွင့်ဖို့ ဘတ်စ်ကား ကုမ္ပဏီ တစ်ခုကို အထက်တရားရုံးက လုပ်ပိုင်ခွင့် ပေးလိုက်တာ ဖြစ်ပါတယ်။

ဆန္ဒပြသူတွေ အနေနဲ့ ဒေသအချိန် ကြာသပတေးနေ့ မနက် နောက်ဆုံး ထားပြီး သပိတ်စခန်း တွေကနေ ဖယ်ရှားရမှာ ဖြစ်တယ်လို့ ရှေ့နေ တစ်ယောက်က ဆိုပါတယ်။

ဒါ့အပြင် Causeway Bay စျေးရောင်း စျေးဝယ် ရပ်ကွက်မှာ အခြေစိုက်နေတဲ့ သပိတ် စခန်းငယ် တစ်ခုကိုလည်း ရဲက လာရောက် ရှင်းလင်းမယ်လို့ သတင်း မီဒီယာတွေမှာ ဖော်ပြ ထားပါတယ်။

ဒီမိုကရေစီ တောင်းဆို ဆန္ဒပြမှုတွေဟာ တရားမဝင်ဘူးလို့ ဟောင်ကောင် အာဏာပိုင်တွေက တောက်လျှောက် ပြောလာခဲ့ကြတာ ဖြစ်ပါတယ်။