စကော့တလန် ခွဲထွက်မယ်ဆိုရင် ကြေကွဲမိမယ်လို့ ကင်မရွန်ပြော

ဓာတ်ပုံ ရင်းမြစ်, Getty
စကော့တလန် ပြည်နယ် ခွဲထွက်ရေးနဲ့ ပတ်သက်လို့ သီးခြား လွတ်လပ်တဲ့ လူထု ဆန္ဒ ကောက်ယူပွဲ ကျင်းပဖို့ သီတင်း တပတ်ပဲ လိုတော့တဲ့ အချိန်မှာ ဗြိတိန် ဝန်ကြီးချုပ် David Cameron က တကယ်လို့ ဗြိတိန်နဲ့ စကော့တလန်ကို ခွဲလိုက်မယ် ဆိုရင်တော့ သူ့အနေနဲ့ နှလုံး ကြေကွဲ ဝမ်းနည်းမဆုံး ဖြစ်ရပါလိမ့်မယ်လို့ ထုတ်ဖော် ပြောကြား လိုက်ပါတယ်။
စကော့တလန်ပြည်နယ်မှာ တနေကုန် စည်းရုံး ပြောဆိုခဲ့တဲ့ ဝန်ကြီးချုပ် Cameron က သူဟာ သူ့တိုင်းပြည်ကို သူ့ပါတီထက် ပိုချစ်ကြောင်းကို လှိုက်လှိုက်လှဲလှဲ ပြောသွားခဲ့ပြီး ဒီ လူထု ဆန္ဒ ခံယူမှုဟာ ပြန်ပြင်လို့ ရတာမျိုး မဟုတ်ဘူး ဆိုတာကို မဲဆန္ဒရှင်တွေကို သတိပေးသွားခဲ့ပါတယ်။
စကော့တလန် ပြည်နယ် ခွဲမထွက်ရေး မဲပေးကြဖို့အတွက် ဗြိတိန်နိုင်ငံရဲ့ အဓိက ပါတီကြီး ၃ခုစလုံးရဲ့ ခေါင်းဆောင်တွေ စကော့တလန်ကို သွားရောက် စည်းရုံး ပြောဆိုခဲ့ကြပါတယ်။
စကော့တလန် ပြည်နယ် ဝန်ကြီး Alex Salmond က တော့ လူတွေကြားမှာ ဒီပါတီခေါင်းဆောင်တွေကို ကြိုက်တဲ့သူ သိပ်မရှိလှပဲ သူတို့ လာတဲ့အတွက် စကော့တလန် ခွဲထွက်ရေးကိုတောင် မဲပိုပေးကြမယ့် ပုံမျိုး ရှိနေတယ်လို့ ပြောကြားလိုက်ပြီး အဲဒီ ပါတီ ခေါင်းဆောင်တွေဟာ သူတို့ အလုပ်မပြုတ်ဖို့ကိုပဲ ပိုအလေးထား စိုးရိမ်နေကြတာလို့ ပြောသွားပါတယ်။
အခုနောက်ဆုံး လူထု သဘောထား ကောက်ယူမှုတွေအရတော့ စကော့တလန် ခွဲမထွက်ရေးကို ထောက်ခံတဲ့ဘက်က ဉီးဆောင်နေတယ်လို့ သိရပါတယ်။
ဒီအတောအတွင်းမှာပဲ ဗြိတိန်နိုင်ငံရဲ့ အကြီးဆုံး ဘဏ်ကြီးတွေ ထဲက တခု ဖြစ်တဲ့ Royal Bank of Scotland ဘဏ်က တကယ်လို့ စကော့တလန် ခွဲထွက်ဖြစ်မယ် ဆိုရင် လောလောဆယ် စကော့တလန် ပြည်နယ် Edinburgh မြို့မှာ ရှိနေတဲ့ သူတို့ရဲ့ ရုံးချုပ်ကို လန်ဒန်မြို့ဆီ ရွှေ့ပြောင်းရေးနဲ့ ပတ်သက်လို့ ဗြိတိန် ဘဏ္ဍာရေး ဌာနနဲ့ ဆွေးနွေးပြောဆိုနေတယ်လို့ ဆိုပါတယ်။
နောက်ဘဏ်ကြီး တခုဖြစ်တဲ့ Lloyds ဘဏ်ကလည်း တကယ်လို့ စကော့တလန် ခွဲထွက်ဖြစ်မယ် ဆိုရင် သူတို့ရဲ့ မှတ်တမ်း ရုံးကို အင်္ဂလန်ဆီ ပြောင်းဖို့ စီစဉ်နေ ကြောင်း အတည်ပြုပြောပါတယ်။




