ယူကရိန်းအရေး EU ခေါင်းဆောင်တွေ ဆွေးနွေး

ဓာတ်ပုံ ရင်းမြစ်, Getty
ယူကရိန်းနဲ့ ရုရှားအကြား ပဋိပက္ခ ဆက်လက် ကြီးထွားလာနေမယ် ဆိုရင် အခြေအနေက နောက်ပြန်လှည့်လို့ မရတဲ့ အနေအထားကို ရောက်သွားနိုင်တယ်လို့ ဥရောပ ကော်မရှင် ဥက္ကဌ José Manuel Barroso က သတိပေး ပြောကြားလိုက်ပါတယ်။
လက်ရှိအခြေအနေဟာအတော်လေး စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်ကြောင်းနဲ့ နိုင်ငံရေးအရ ဖြေရှင်းမယ် ဆိုရင် အချိန်မနှောင်းသေးကြောင်း ယူကရိန်း သမ္မတ Petro Poroshenko နဲ့ ဘရပ်ဆဲလ်စ်မြို့မှာ တွေ့ဆုံ ဆွေးနွေးအပြီးမှာ ဥရောပ ကော်မရှင် ဥက္ကဌ José Manuel Barroso က အခုလို ပြောခဲ့တာပါ။
ယူကရိန်း ပိုင်နက်နယ်မြေမှာ နိုင်ငံခြားသား စစ်သား ထောင်ပေါင်းများစွာနဲ့ ရုရှား တင့်ကား ရာနဲ့ ချီ ရှိနေတယ်လို့ မစ္စတာ Poroshenko က ပြောပါတယ်။
ပိုလန် သမ္မတ Bronislaw Komorowskiကလည်း ရုရှား အစိုးရဟာ ယူကရိန်းနိုင်ငံကို ကျူးကျော် ဝင်ရောက်မှုတွေ လုပ်ခဲ့တယ်လို့ ဂျာမန် ရေဒီယို မှာ ပြောသွားပါတယ်။
ရုရှားအပေါ် နောက်ထပ် ပိတ်ဆို့ အရေးယူမှုတွေ လုပ်ရေး ဆွေးနွေးဖို့အတွက် EU ဥရောပ သမဂ္ဂ ခေါင်းဆောင်တွေ တွေ့ဆုံ ဆွေးနွေးနေကြပါတယ်။




