ဘဂ္ဂဒက်မှာ ရှီအာ တွေ အင်အားပြ

ဓာတ်ပုံ ရင်းမြစ်, AP
အီရတ် နိုင်ငံ ဘဂ္ဂဒက် မြို့တော် မှာ ထောင်နဲ့ချီတဲ့ ရှီအာ မွတ်ဆလင် တပ် တွေက လက်နက်တွေ ကိုင်ဆောင်ပြီး လှည့်လည် အင်အားပြ ခဲ့ကြပါတယ်။
ရှီအာ ဘာသာရေး ခေါင်းဆောင် Moqtada al-Sadrကို ထောက်ခံတဲ့ နောက်လိုက် တွေက စစ်သွေးကြွ တွေကို တိုက်ဖို့ အမေရိကန် တပ်တွေ ပြန်ဝင်လာမှာကို လက်မခံ နိုင်ဘူးလို့ ပြောကြား နေပါတယ်။
ဒီရှီအာ နောက်လိုက် တွေမှာ ဘာသာရေး ဆူပူမှု တွေ ဖြစ်တတ်တဲ့ နောက်ခံ ရှိပြီးတော့ ဒီလို အင်အား ပြပွဲ တွေ ကြောင့် ရှီအာတွေ ကြားက ကွာဟမှုတွေ ကြီးမား လာပြီး ဘဂ္ဂဒက် က ဆွန်နီ လူနည်းစု တွေ ကြားမှာလဲ ပိုပြီး စိုးရိမ်မှုတွေ များလာ လိမ့်မယ်လို့ ဘဂ္ဂဒက် မြို့တော် က ဘီဘီစီ သတင်းထောက် က ပြောဆို ပါတယ်။
အီရတ် နိုင်ငံ မြောက်ပိုင်း ဒေသ အများ အပြား ကို သိမ်းပိုက် ထားတဲ့ ဆွန်နီ စစ်သွေးကြွ တွေ ကတော့ ဆီးရီးယား နယ်စပ် က အရေးကြီးတဲ့ Al-Qaim မြို့ကို သိမ်းပိုက် လိုက်ပြီလို့ ပြောကြား ပါတယ်။
ဒီမြို့ကို ထိန်းချုပ် နိုင်ခဲ့ပြီ ဆိုရင် ဆီးရီးယားနဲ့ အီရတ် ၂ နိုင်ငံကြား ISIS စစ်သွေးကြွ တွေ အတွက် လက်နက်ကြီးတွေ ပိုပြီး လွယ်လွယ်ကူကူနဲ့ ပို့ဆောင် နိုင်တော့မှာ ဖြစ်ပါတယ်။
al-Anbar နယ်က တခြား မြို့ တွေကိုလဲ ISIS တွေက သိမ်းထား လိုက်ပါပြီ။
ဒေသခံ ဆွန်နီ မျိုးနွယ် တွေနဲ့ စေ့စပ်ပြီး ဒီမြို့ တွေကို သေနတ် မဖောက်ရဘဲ သိမ်းနိုင်ခဲ့တယ်လို့လဲ ISIS သူပုန် တွေက ပြောပါတယ်။
ISIS တပ်တွေ က Baiji မှာ ရှိတဲ့ အီရတ်ရဲ့ အကြီးဆုံး ရေနံ ချက် စက်ရုံကြီးကိုလဲ နောက်တကြိမ် အကြီး အကျယ် ထိုးစစ် ဆင်နေပြန်ပါပြီ။
စက်ရုံ ရဲ့ ရာခိုင်နှုန်း ၉ဝ ကျော်ကို စစ်သွေးကြွ တွေက ထိန်းချုပ်ထားပြီး ဖြစ်တယ်လို့ ဒေသတွင်း သတင်းတွေ အရ သိရပါတယ်။








