အီရတ် တပ်သားသစ် စုစည်း

ဓာတ်ပုံ ရင်းမြစ်, BBC World Service
အီရတ် ဝန်ကြီးချုပ် Nouri al-Maliki က ဘဂ္ဂဒက်မြို့ မြောက်ဘက်က ဆမာရာ မြို့မှာ အစ္စလာမ္မစ် သူပုန်တွေနဲ့ စစ်ခင်းနေတဲ့ ရှေ့တန်း တပ်မှူးတွေကို မိန့်ခွန်းပေးခဲ့ပါတယ်။
နိုင်ငံ မြောက်ပိုင်းနဲ့ အနောက်ပိုင်းကို ထိန်းချုပ်ထားတဲ့ သူပုန်တွေ ရှေ့ဆက် မတက်နိုင်ဖို့ ဆမာရာကနေ အကြီးအကျယ် ခုခံသွားမယ်၊ လိုအပ်တဲ့ တပ်သားသစ် တွေကိုလဲ စုဆောင်းနေတယ်လို့ မစ္စတာ မာလီကီက ပြောပါတယ်။
ဘဂ္ဂဒက်မြို့မှာ အရေးပေါ် တပ်သား စုဆောင်းရေးမှာ လူတန်းကြီးတွေ တွေ့ရပါတယ်။
ဒီလူတွေဟာ ဘာအကျိုးအမြတ် ဆုလာဘ်မှ မမျှော်ကိုးဘဲ အမိမြေကို ခုခံဖို့ တာဝန် ရှိတယ် ဆိုတဲ့ ခံယူချက်နဲ့ လာစာရင်းပေးနေကြသူတွေ ဖြစ်ပါတယ်လို့ တပ်သားသစ် စာရင်းလာပေးသူ တယောက်က ပြောသွားပါတယ်။
ISIS အစွန်းရောက် အုပ်စုက ကြီးစိုးတဲ့ ဆွန်နီ သူပုန် တွေ ဘဂ္ဂဒက်ထိ မရောက်နိုင် ဘဲ လမ်းမှာ တားဆီး ခံနေရတဲ့ ပုံရှိတယ်လို့ ဘီဘီစီ သတင်းထောက် က ပြောပါတယ်။
လူတွေကတော့ အခြေအနေကို အထူး စိုးရိမ်နေကြပြီး အမေရိကန်က ကူညီ အားဖြည့်ပေးဖို့ မျှော်လင့်နေကြပါတယ်။
အီရတ် စစ်တပ်က အရပ်သား တွေကို ကာကွယ် စောင့်ရှောက်ပေးဖို့လဲ ကုလ သမဂ္ဂရဲ့ အီရတ် ဌာနေ ကိုယ်စားလှယ် Nikolay Mladenov က တောင်းဆို လိုက်ပါတယ်။
အကြမ်းဖက်သမားနဲ့ အရပ်သားတွေကြား သတိထားပြီး စစ်ဆင်ရေးတွေ ဆောင်ရွက်ဖို့၊ ဒါမှ အရပ်သား အသေအပျောက် နည်းပါးမှာ ဖြစ်တယ်လို့ မစ္စတာ Mladenov က ပြောပါတယ်။
အစိုးရတပ်က ထိုးစစ်ဆင်လာမှာကို ကြောက်လို့ သူပုန်သိမ်းထားတဲ့ မြို့တွေကနေ လူတွေ စွန့်ခွာ ထွက်ပြေးနေကြပါပြီ။
ထောင်သောင်း ချီတဲ့ စစ်ပြေး ဒုက္ခသည် တွေအတွက် ကနဦး အကူအညီ အနေနဲ့ ဗြိတိန်က ဒေါ်လာ ၅ သန်း ပေးအပ် ခဲ့ပါတယ်။
အီရတ်က အစ္စလာမ္မစ် စစ်သွေးကြွ တွေကို နှိမ်နင်းတိုက်ခိုက်ဖို့ အမေရိကန် နဲ့ လက်တွဲဖို့ ပြင်ထားတယ်လို့ အီရန် သမ္မတ ဟာဆန် ရိုဟာနီက ပြောကြား လိုက်ပါတယ်။
အီရတ် လုံခြုံရေး ပြန်တည်ဆောက်ဖို့ ၂ နိုင်ငံ ပူးပေါင်း ဆောင်ရွက်နိုင်တယ်လို့ မစ္စတာ ရိုဟာနီက သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြား ခဲ့ပါတယ်။
အီရတ်ဘက်က တောင်းဆိုလာရင် ကူညီဖို့ အသင့်လို့လဲ သူက ဆိုပါတယ်။ ဘဂ္ဂဒက်မှာ အီရန် ဗိုလ်ချုပ်ကြီး တယောက် ရောက်နေတယ်လို့ သိရပါတယ်။








