ထိုင်းအာဏာသိမ်း ဆန့်ကျင်ပွဲတွေ စမယ်

ဓာတ်ပုံ ရင်းမြစ်,
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာတော့ စစ်တပ်က အာဏာသိမ်းတာကို ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေ ဒီကနေ့ ပြုလုပ် တော့မှာပါ။
ဒီကိစ္စကြောင့် ဘန်ကောက်မြို့လယ်က အဓိက နေရာတွေကို ပိတ်ဆို့ပြီး စစ်တပ်တွေ ချထားပါတယ်။ ဒါဟာ မေလ ၂၂ ရက်နေ့မှာ စစ်တပ် အာဏာသိမ်းပြီး ပထမဆုံးအကြိမ် လူထုက ဆန့်ကျင် အုံကြွတာလဲ ဖြစ်ပါတယ်။
ဆန္ဒပြသူတွေ စုဝေးမှာ ဖြစ်တဲ့အတွက် လုံးဝ ပိတ်ထားတဲ့ အဓိက နေရာတွေက ရှစ်ခု ရှိပါတယ်။ အဲဒိထဲမှာ မြို့လယ်ခေါင်က Victory Monument တို့ Democracy Monument တို့လို ဘန်ကောက် မှာ လူအစည်ဆုံး နေရာတွေ ပါပါတယ်။ ဒါ့ကြောင့်မို့ ဖြစ်လာ နိုင်ခြေ ရှိတဲ့ ဆန္ဒပြပွဲ တွေက လွဲလို့ ဒီကနေ့ ဘန်ကောက်မှာ တခြား လှုပ်ရှားမှု တော်တော် နည်းနေပါလိမ့်မယ်။
ဘန်ကောက်က ဘီဘီစီ ရုံးခန်း၊ ထိုင်းနိုင်ငံခြား သတင်းထောက်များ ကလပ်နဲ့ သံရုံးတွေ ဖွင့်ထားတဲ့ Chitlon၊ Siam ၊ Rachadamri စတဲ့ မိုးပျံရထား ဘူတာရုံတွေ နားက နိုင်ငံခြားသားတွေ အဓိက စျေးဝယ်တဲ့ Central World ၊ Siam Paragon ၊ Mabonkrong အရောင်းစင်တာ ကြီးတွေ၊ သံရုံးတွေ ဘဏ်တွေ နိုင်ငံတကာ ကုမ္ပဏီကြီး တွေလဲ ရှိတဲ့ ဒီလို နေရာကို ပိတ်ထား တဲ့အတွက် လုံခြုံရေး တော်တော် တင်းကျပ် ထားတယ်လို့ ပြောလို့ ရပါတယ်။
ဘန်ကောက်မြို့ မိုးပျံ ရထားလမ်းရဲ့ မြို့တွင်း ဘူတာရုံတွေနဲ့ မြို့ထဲက အဓိက ကား လမ်းဆုံတွေကိုလဲ ပိတ်ထားပါတယ်။ မြို့လယ်ခေါင် အဲဒိလောက် အခြေအနေ မဆိုးဘူး လို့ သိရပါတယ်။
အဲဒိလို အခြေအနေမျိုးတွေ ဖြစ်နေတဲ့အတွက် ဘန်ကောက်မြို့မှာ စီးပွားရေး လုပ်ငန်းတွေ နှေးကွေးနေပါတယ်။
ရဲဗိုလ်ချုပ်ကြီး ဆွမ်ရွတ်တ် ကတော့ ဒီနေ့ ပြုလုပ်မယ့် ဆန္ဒပြပွဲတွေမှာ ပါဝင်တဲ့သူတိုင်းဟာ စစ်အုပ်ချုပ်ရေး ကြေညာ ထားတာကို ဆန့်ကျင် ချိုးဖောက်တယ်လို့ သတ်မှတ်မယ့်အကြောင်း မနေ့က ကြေညာ ထားပါတယ် ။




