ထိုင်းနိုင်ငံရေး ဘယ်ဆီ ဦးတည်နေလဲ

ဓာတ်ပုံ ရင်းမြစ်,
ထိုင်းနိုင်ငံမှာ အာဏာသိမ်း စစ်တပ်က ထိပ်တန်း နိုင်ငံရေး ခေါင်းဆောင် အများအပြား ကိုဖမ်းထား သလို တိုင်းပြည်ရဲ့ အာဏာ အရပ်ရပ် ကိုလည်း အပြည့်အဝ ချုပ်ကိုင် ထားလိုက် ပါပြီ။
ဒီတော့ ထိုင်းစစ်တပ်က နောက်ထပ် ဘာဆက်လုပ်ဖို့ ပြင်နေ တာလဲ။
ထိုင်းဘုရင်နဲ့ တော်ဝင် မိသားစုကို အကာအကွယ် ပေးထားတဲ့ Lest Majeste ဥပေဒ ချိုးဖောက်မှုနဲ့ စွပ်စွဲခံရပြီး ဗြိတိန်မှာ တိမ်းရှောင် ခိုလှုံ နေတဲ့ ဘန်ကောက်မြို့ ချူလာလောင်ကွန် တက္ကသိုလ် က တွဲဖက် ပါမောက္ခ ဟောင်း Ji Umpakorn ရဲ့ အမြင်တွေကို မေးကြည့် ထားပါတယ်။
Ji။ ကျွန်တော် ယုံပါတယ်၊ သူတို့ ရည်ရွယ် တာက ထိုင်းနိုင်ငံ ရေးစံနစ်ကို တခြမ်းပဲ့ ဒီမိုကရေစီ ဖြစ်လာအောင် လုပ်ဖို့ပါ။
ရွေးကောက်ပွဲ လုပ်တဲ့အခါ ကျရင် တပ်ဆင်နဲ့ ပတ်သက်တဲ့ ပါတီကို လူတွေ မဲထည့်လို့ ရမယ်၊ ဒါပေမယ့် ရွေးကောက်ခံ အစိုးရမှာ တကယ်တမ်း အာဏာ ရှိမှာ မဟုတ်ပါဘူး။ သူ့ပါတီ ပျက်စီး သွားအောင် နိုင်ငံရေး သမားတွေ ကို တတ်နိုင်သမျှ အကုန်လုံး တားမြစ်တာမျိုး လည်း လုပ်နိုင် ပါတယ်။
BBC။ ယူကေ မှာထုတ်ဝေတဲ့ တိုင်းမ် သတင်းစာမှာ ဝန်ကြီးချုပ် ဟောင်း တပ်ဆင်က အဝေးရောက် အစိုးရ ထောင်ဖို့ စဉ်းစား နေတယ်လို့ ရေးထား ပါတယ်။ အဲဒါ ဖြစ်နိုင်လား။
Ji။ ဒါနဲ့ ပတ်သက်တဲ့ ကောလ ဟလ တွေ ဖြစ်နေတာ ကြာလှ ပါပြီ။ စောင့်တော့ ကြည့်ရမှာ ပေါ့။ ဒါပေမယ့် ကျွန်တော်တော့ မယုံပါဘူး။ တပ်ဆင်ဘဲ ဖြစ်ဖြစ်၊ သူ့ညီမ ယင့်လပ်ဘဲ ဖြစ်ဖြစ်၊ ဒါမှ မဟုတ် သူ့ပါတီဝင် တွေထဲကဘဲ ဖြစ်ဖြစ်၊ ဒီမိုကရေစီ ရဖို့ အပြုတ် တိုက်မယ် ဆိုတဲ့ နည်းကို တကယ် အလေးအနက် စဉ်းစား လိမ့်မယ်လို့ ကျွန်တော် မထင်ပါဘူး။ တပ်ဆင်ဟာ တကယ် တော့ ဘီလျံနဲ့ချီ ချမ်းသာတဲ့ အထက်တန်းလွှာ တဦးသာ ဖြစ်ပါတယ်။
BBC။ ဒါပေမယ့် မစ္စတာ တပ်ဆင်ဟာ ထိုင်းရဲတပ်ဖွဲ့မှာ အဆင့်မြင့် အရာရှိကြီး တဦးလည်း ဖြစ်ခဲ့တယ်။ ဆင်းရဲသားနဲ့ ကျေး လက်လူထုရဲ့ ထောက်ခံမှုလည်း အများကြီးရှိတယ် မို့လား။ တချို့က ဆိုရင် ထိုင်းနိုင်ငံမှာ ပြည်တွင်းစစ်တောင် ဖြစ်လာနိုင် တယ် ဆိုတဲ့ စိုးရိမ်ပြောဆိုမှု တွေလည်း ရှိပါတယ်။ အဲဒါရော ဖြစ်နိုင်မယ်ထင်လား။
Ji။ ပြည်တွင်းစစ် ဖြစ်မဖြစ် ဘယ်သူက သိနိုင်ပါ့မလဲ။ ဒါပေမယ့် ခုအခြေအနေ ကတော့ အဲဒီလို မထင်ရပါဘူး။ ဒီနေ့ဖြစ် နေတဲ့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို ကြည့်ရင် ဒီမိုကရေစီ ကို ကျေးလက်မှာတင် ထောက်ခံတာ မဟုတ်ဘဲ ဘန်ကောက်မှာလည်း အများကြီး ထောက်ခံကြ ပါတယ်။ မစ္စတာ တပ်ဆင် အနေနဲ့ အရင်စံနစ်ဟောင်းကို ဖြိုချဖို့ ဦးဆောင် တိုက်လိမ့်မယ် မထင်ပါဘူး။ တကယ်တမ်း ဒီမိုကရေစီကို ဦးဆောင် လုပ်ရမှာက လူထု လှုပ်ရှားမှု နည်းနဲ့သာ လုပ်ရမှာပါ။
BBC။ အခုထိုင်းနိုင်ငံမှာ နိုင်ငံရေးသြဇာ ရှိတဲ့ အစုအဖွဲ့တွေ က ဘယ်သူတွေမှာ ဘယ်လို ရှိနေကြတာလဲ။
Ji။ ကျွန်တော် ယုံကြည်တာ ကတော့ ဘုရင်စံနစ်ဟာ အမြဲလိုလို အားနည်းနေခဲ့ပြီး အာဏာလည်း မရှိပါဘူး။ တကယ်တော့ ဒါကို စစ်တပ်နဲ့ အခြား အထက်တန်းလွှာ တွေက ကိရိယာ တခုလို အသုံးချ နေကြ တာပါ။ ဒီအာဏာသိမ်းမှု မှာ စိတ်ဝင်စားဖို့ ကောင်းတာက ရုပ်မြင်သံကြား ပေါ်မှာပြတဲ့ စစ်ဗိုလ်ချုပ် တွေရဲ့ နောက်မှာ ဘုရင်နဲ့ မိသားစုကို မတွေ့ရပါဘူး။ စစ်တပ်က ဘုရင့် တာဝန်ကို ထမ်းနေတဲ့ ဟန်ဆောင် နေတာပါ။ တကယ်တော့ စစ်တပ်ဟာ သူတို့က အကျိုးစီးပွားအတွက် သာလုပ် နေတာဖြစ်ပြီး ၁၉၅၀ ပြည့်လွန်နှစ်တွေ ထဲက ဒီတိုင်းလုပ် လာတာပါ။
BBC။ ယူကေ သတင်းစာတွေ ဖြစ်တဲ့ Evening Standard တို့၊ The Telegraph တို့က ဖော်ပြချက် တွေအရ ထိုင်း အိမ်ရှေ့စံမင်းသာ မဟာဗီဂျီရာ လောင်ကွန် ဗြိတိန်မှာ ရောက်နေတယ်လို့ ဆိုပါတယ်။ အဲဒါကို ရောသိပါလား ခင်ဗျ။
Ji။ ကျွန်တော်သိတာ ပေါ့ဗျာ။ သူဟာ တကယ်တော့ ထိုင်းနိုင်ငံသား တွေရဲ့အခွန်ငွေ တွေကို သုံးပြီး ခရီးတွေ အများကြီး သွား ခဲ့ပါတယ်။
BBC။ ဒါဟာ အခုထိုင်းနိုင်ငံမှာ ဖြစ်နေတဲ့ အာဏာသိမ်းမှုနဲ့ ရော တစုံတရာ ပတ်သက် နိုင်ပါလား။
Ji။ ကျွန်တော်တော့ ပတ်သက်တယ်လို့ လုံးဝမထင် ပါဘူး။ အခု ထိုင်းနိုင်ငံမှာ ပေါ်ပေါက်လာတဲ့ ရှပ်နီလှုပ်ရှားမှုကို ကြည့်ရင် ထိုင်းနိုင်ငံမှာ ဒီမိုကရေစီ အတွက် သာမန်လူတွေက လှုပ်ရှားနေကြတာ ကိုမြင်နိုင်ပြီး ဘယ်သူက ထီးနန်းအရိုက် အရာကို ဆက်ခံမလဲဆို တဲ့အထက်တန်းလွှာ တွေရဲ့ လှုပ်ရှားမှု ပုံစံမျိုး မဟုတ်ပါဘူး။
BBC။ ဒါဆိုရင် ထိုင်းနိုင်ငံမှာ ဒီမိုကရေစီ စံနစ်ရှင်သန်ဖို့ အလားအလာ ရောရှိသေး ရဲ့လား။
ဖြေ။ လူတွေလှုပ်ရှား ရုန်းကန်နေသရွေ့ ဒီမိုကရေစီ ရှင်သန်ဖို့ အခွင့်အရေးနဲ့ မျှော်လင့်ချက်က ရှိမှာပါ။ ဒါပေမယ့် စစ်တပ်က နိုင်ငံရေးမှာ ကြားဝင်လို့ မရအောင် သူတို့ရဲ့ သြဇာအာဏာ ကိုတော့ လျှောချဖို့ လိုပါ လိမ့်မယ်။ အဲဒီလို လုပ်ဖို့က အင်အား အများ ကြီး လိုအပ် ပါလိမ့်မယ်။








